ဖိလစ်ပိုင်အိုလံပစ်ကော်မတီသည် ဆီးဂိမ်းစ်ဝူရှူးပြိုင်ပွဲတွင် ထောက်လုနှင့် ဆန်းဆိုပြိုင်ပွဲနှစ်ခုစလုံး ကျင်းပမည်ဖြစ်သော်လည်း ထောက်လုအားကစားနည်းတွင် ပြိုင်ပွဲအမျိုးအစားများလျှော့ချ၍ ကိုးမျိုးသာ ထည့်သွင်း ကျင်းပမည်ဖြစ်သည်။ လျှော့ချလိုက်သည့် အမျိုးအစားများတွင် မြန်မာ့လက်ရွေးစင် ဝူရှူးအားကစားသမား စန္ဒီဦးနှင့် အေးသစ္စာမြင့်တို့ကစားနေသည့် ပြိုင်ပွဲအမျိုးအစားများ ပါဝင်ခဲ့ရာ မြန်မာဝူရှူးအဖွဲ့အနေဖြင့် လာမည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူနိုင်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။
ဖိလစ်ပိုင်အိုလံပစ်ကော်မတီသည် ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲ၏ ဝူရှူးထောက်လုပြိုင်ပွဲတွင် မြန်မာဝူရှူးအဖွဲ့ ရွှေတံဆိပ်မျှော်မှန်းနိုင်သည့် ပြိုင်ပွဲအမျိုးအစားအချို့ကို ချန်လှပ်ခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်အိုလံပစ်ကော်မတီသည် ဆီးဂိမ်းစ်ဝူရှူးပြိုင်ပွဲတွင် ထောက်လုနှင့် ဆန်းဆိုပြိုင်ပွဲနှစ်ခုစလုံး ကျင်းပမည်ဖြစ်သော်လည်း ထောက်လုအားကစားနည်းတွင် ပြိုင်ပွဲအမျိုးအစားများလျှော့ချ၍ ကိုးမျိုးသာ ထည့်သွင်း ကျင်းပမည်ဖြစ်သည်။ လျှော့ချလိုက်သည့် အမျိုးအစားများတွင် မြန်မာ့လက်ရွေးစင် ဝူရှူးအားကစားသမား စန္ဒီဦးနှင့် အေးသစ္စာမြင့်တို့ကစားနေသည့် ပြိုင်ပွဲအမျိုးအစားများ ပါဝင်ခဲ့ရာ မြန်မာဝူရှူးအဖွဲ့အနေဖြင့် လာမည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူနိုင်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။
ထို့ကြောင့် မြန်မာ ဝူရှူးအဖွဲ့သည် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထောက်လုကစား သမားငါးဦးဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား ကိုးမျိုးစလုံး ယှဉ်ပြိုင်မည်ဖြစ်သည်။ စန္ဒီဦးနှင့် အေးသစ္စာမြင့်သည် ၂၀၁၅ စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာဝူရှူးအဖွဲ့အတွက် ရွှေတံဆိပ်ဆုရယူပေးခဲ့သူများဖြစ်ပြီး ၂၀၁၇ မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲ တွင် ရွှေဆုလွဲချော်ခဲ့သော်လည်း ငွေနှင့် ကြေးဆုများ ရယူပေးနိုင်ခဲ့သည်။
ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် စန္ဒီဦးနှင့် အေးသစ္စာမြင့်တို့ပါဝင် မည်မဟုတ်သော်လည်း ကစားသမားဘဝမှ အနားယူခဲ့သည့် ငြိမ်းချမ်း ကိုကို ပြန်လည်ကစားမည်ဖြစ်ပြီး လေ့ကျင့်မှုပြုလုပ်လျက်ရှိသည်။ ငြိမ်းချမ်းကိုကို သည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူနိုင်ခြင်း မရှိသေးသော်လည်း ၂၀၁၈ အာရှအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ် နှင့် ၂၀၁၈ ကမ္ဘာ့ဝူရှူးထောက်လုပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိထားသူ ဖြစ်ကြောင်း သိရသည်။
"ဖိလစ်ပိုင်နိုင်ငံက ထောက်လုမှာ အားနည်းတဲ့အတွက် ပြိုင်ပွဲအမျိုးအစားတွေ လျှော့ချလိုက်တာဖြစ်ပါတယ်။ လျှော့ချလိုက်တဲ့ အထဲမှာ စန္ဒီဦးနဲ့ အေးသစ္စာမြင့်တို့ကစားနေတဲ့ Event တွေအားလုံး ပါဝင်သွားတာဖြစ်ပါ တယ်။ ဒါကြောင့် ကျန်တဲ့ကစားသမားနဲ့ ယှဉ် ပြိုင်ရမှာဖြစ်ပြီး ထောက်လုကစားသမားငါးဦးနဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်ထား ပါတယ်။ Event ကတော့ ထည့်သွင်းကျင်းပမယ့် ကိုးမျိုးစလုံးမှာ ယှဉ်ပြိုင်မှာပါ" ဟု မြန်မာဝူရှူးအဖွဲ့ အုပ်ချုပ်/နည်းပြ ဒေါ်ဆွေဆွေသန့်က ပြောကြားခဲ့သည်။