ARSA ၏ ခြိမ်းခြောက်မှုများ ရှိသော်လည်း မိမိအစီအစဉ်ဖြင့် ပြန်လာသူ ၃၀၀ ကျော် ရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြား

ARSA ၏ ခြိမ်းခြောက်မှုများ ရှိသော်လည်း မိမိအစီအစဉ်ဖြင့် ပြန်လာသူ ၃၀၀ ကျော် ရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြား
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ဆွေးနွေး ပြောကြားနေမှုအား တွေ့ရစဉ်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ဆွေးနွေး ပြောကြားနေမှုအား တွေ့ရစဉ်
Published 11 October 2019

ARSA ၏ ခြိမ်းခြောက်မှုများ ရှိနေသည့်ကြားမှ မိမိအစီအစဉ်ဖြင့် ပြန်လာသူ ၃၀၀ ရှိပြီ ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောကြားသည်။

အောက်တိုဘာ ၉ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသည့် ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥပဒေရေးရာကော်မတီ အစည်းအဝေးတွင် နိုင်ငံတကာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးဘာသာရပ်နှင့် ပတ်သက်၍ မြန်မာသံအမတ်ကြီးက ဝင်ရောက်ဆွေးနွေးစဉ် အထက်ပါအချက်ကို ထည့်သွင်း ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၀ ရက်တွင်  သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နှင့် သဟဇာတဖြစ်ရေးတို့အတွက် အဓိက အဟန့်အတားသည် ARSA အဖွဲ့၏ အကြမ်းဖက် အန္တရာယ်ဖြစ်ပြီး ၎င်းတို့၏ ခြိမ်းခြောက်မှုများက နေရပ်စွန့်ခွာသူများ နေရပ်ပြန်ရေးကိုလည်း အတားအဆီး ဖြစ်စေသည်ဟု သံအမတ်ကြီးက ပြောကြားသည်။

ARSA အဖွဲ့သည် မြန်မာနိုင်ငံ ပြင်ပတွင် အခြေချပြီး ဒေသခံ မွတ်စလင်များကို စည်းရုံးခြင်း၊ စစ်ရေးသင်တန်းများ ပို့ချခြင်းတို့ကို  အင်တာနက် ဆက်သွယ်မှုများဖြင့် ဆောင်ရွက်ကာ အကြမ်းဖက် တိုက်ခိုက်မှုများကိုလည်း What-App Audio Message ကဲ့ သို့အင်တာနက် ဆက်သွယ်မှုများကတစ်ဆင့် စီစဉ်ညွှန်ကြားလျက်ရှိသည်ဟု သံအမတ်ကြီးက ပြောကြားသည်။

“လက်ရှိ ရခိုင်ပြည်နယ် ကြုံတွေ့နေရ တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းက  ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း ARSA အကြမ်းဖက်အဖွဲ့က မြန်မာလုံခြုံရေးတပ်စခန်းများကို တိုက်ခိုက်ခဲ့မှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်” ဟု  သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောကြားသည်။

ARSA အကြမ်းဖက်အဖွဲ့သည် နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များဖြစ်သည့်  Al-Qaedu ၊ ISIL နှင့် Tehrik – e – Taliban Pakistan တို့၏ ကူညီပံ့ပိုးမှုကို ရရှိနေပြီး ယခုနှစ် မေလနှင့် ဇူလိုင်လက ISIL နှင့် ဆက်နွှယ်မှုရှိသည့် ARSA အကြမ်းဖက် သမားများကို မလေးရှားအာဏာပိုင်များ ဖမ်းဆီးရမိမှုက အာဆာအဖွဲ့အနေဖြင့် နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွယ်မှုရှိနေကြောင်း ငြင်းမရသည့် သက်သေဖြစ်သည်ဟု သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောကြားသည်။

ထို့ပြင် မကြာသေးမီက နိုင်ငံခြားသား အကြမ်းဖက်သမားများ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်၍ ARSA အဖွဲ့အား ကူညီရန် ကြိုးစားခဲ့သည့် သာဓကလည်း ရှိခဲ့သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထို့ကြောင့် ARSA အကြမ်းဖက်အဖွဲ့ ကို စိတ်ပိုင်းဆိုင်ရာ ထောက်ခံမှုပေးခြင်း အပါအဝင် သိသိသာသာ ဖြစ်စေ၊ မသိမသာ ဖြစ်စေ ထောက်ခံခြင်းများကို ရှောင်ရှားရန် လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက အသိပေး ပြောကြားသည်။

မြန်မာအနေဖြင့်လည်း အကြမ်းဖက်သမားများ၊ အစွန်းရောက် စစ်သွေးကြွများကို နိုင်ငံရေးအရဖြစ်စေ၊ သံတမန်ရေးအရ ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်းများကို  ရှုတ်ချပြီး နိုင်ငံတကာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂနှင့် ဒေသတွင်း အဖွဲ့အစည်းများ အပါအဝင် မိတ်ဖက်အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်သွားမည်ဟု သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောကြားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှ နေရပ်စွန့်သူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို သုံးကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း လက်ရှိ အချိန်အထိ မြန်မာ-ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ပြန်လည် ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူ တစ်ဦးမျှ မရှိသေးသည့် အဓိက အကြောင်းရင်းက ARSA အဖွဲ့၏ ခြိမ်းခြောက်မှုများကြောင့် ဖြစ်သည်ဟု မြန်မာအစိုးရတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားလျက် ရှိသည်။

Most Read

Most Recent