“ ကောင်းကင်မရှိတဲ့ကြယ်” ရုပ်ရှင်ဇာတ်ကားတွင် ဂျပန်နိုင်ငံ၏ ထိပ်တန်းသရုပ်ဆောင် စာရင်းဝင်မင်းသမီး Emi Takei ပါဝင်မည်

“ ကောင်းကင်မရှိတဲ့ကြယ်” ရုပ်ရှင်ဇာတ်ကားတွင် ဂျပန်နိုင်ငံ၏ ထိပ်တန်းသရုပ်ဆောင် စာရင်းဝင်မင်းသမီး Emi Takei ပါဝင်မည်
Published 10 October 2019
 စုမှူးနိုင်

Myanmar Media 7 ကရိုက်ကူးမည့် ‘ ကောင်းကင်မရှိတဲ့ ကြယ်’ ရုပ်ရှင်ဇာတ်ကားတွင် ဂျပန်နိုင်ငံ၏ ထိပ်တန်းသရုပ်ဆောင် စာရင်းဝင်မင်းသမီး Emi Takei လည်း ပါဝင်သရုပ်ဆောင်မည်ဟု သိရသည်။ အဆိုပါ ဇာတ်ကားတွင် ထိုင်းသရုပ်ဆောင်များအပြင် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့မှ ရုပ်ရှင်အတတ်ပညာရှင်များလည်း ပါဝင်မည်ဟု သိရသည်။

“ကောင်းကင်မရှိတဲ့ကြယ်  ဇာတ်ကားရဲ့ဇာတ်လမ်းက ကောင်းသလို ရိုက်ကူးသင့်တဲ့ ဇာတ်ကားတစ်ကားလို့လည်း ယုံကြည်တဲ့အတွက် အကောင်းဆုံး ကြိုးစားပြင်ဆင်နေပါတယ်။ ဒီဇာတ်ကားကို အစ်ကိုတို့ Myanmar Media 7 အနေနဲ့ နိုင်ငံတကာစျေးကွက်ကို တက်လှမ်းနိုင်မယ့် ဇာတ်ကားဖြစ်ဖို့အတွက် ကြိုးစားနေပါတယ်။ ဂျပန်မင်းသမီး Emi Taki ပါဝင်ဖို့ကလည်း သူနဲ့ လိုက်ဖက်လို့ ကမ်းလှမ်းဖြစ်တာပါ။ သူ့ဘက်ကလည်း ဇာတ်ညွှန်းနဲ့ တင်ပြပုံတွေကို သေချာလေ့လာပြီးမှ ရိုက်ကူးဖို့ လက်ခံခဲ့တာပါ” ဟု Myanmar Media 7 ၏ ဥက္ကဋ္ဌ ကိုဝေမင်းမောင်က ဆိုသည်။

ဂျပန်ထိပ်တန်းသရုပ်ဆောင်တစ်ဦး ဖြစ်သည့် Emi Takei သည် ဂျပန်နိုင်ငံတွင် သာမက အာရှတိုက်အတွင်း၌လည်း ပရိသတ်အခိုင်အမာ ရရှိထားသည့် အနုပညာရှင်တစ်ဦးဖြစ်သည်။ ၂၀၀၆ ခုနှစ်အနုပညာ လောကသို့စတင်ရောက်ရှိခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ဂျပန်အနုပညာ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဆုရအနုပညာရှင်တစ်ဦးအနေဖြင့် Best Dresser Award ရရှိခဲ့ပြီးနောက် ဆုများစွာ ရရှိထားသူ အနုပညာရှင်တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

‘ကောင်းကင်မရှိတဲ့ ကြယ်’ ဇာတ်ကား ၏ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို Art Director အဖြစ်ဆောင်ရွက်မည့် လွင်မင်းအံ့က ရေးသားထားပြီး နေတိုး၊  စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ အေးမြတ်သူ၊ မိုးစက်ဝိုင်၊ နွယ်ဒါလီထွန်းတို့ နှင့် ဂျပန်မင်းသမီး Emi Takei၊ ထိုင်း မင်းသား Ken Phuphoom Pong panu၊ Koen Kang ၊ မင်းသမီး Smile တို့ပါဝင်မည်ဖြစ်ကာ ဒါရိုက်တာ သြရသက ရိုက်ကူးမည် ဖြစ်သည်။ 

Most Read

Most Recent