ဘာသာစကား ဆိုသည်မှာ လူတို့အချင်းချင်း အပြန်အလှန် ဆက်သွယ်မှုပြုနိုင်ရန်နှင့် သတင်းအချက်အလက် သို့မဟုတ် ခံစားချက် အစရှိသည်တို့ကို ဖလှယ်ရန်တို့အတွက် အသံထွက်၍ တိုက်ရိုက်ဆက်သွယ်မှု စနစ်ကို အသုံးပြုလာကြရာမှ ဝေါဟာရများ ကြွယ်ဝလာပြီး ဘာသာစကားအဖြစ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ အစောပိုင်းကာလများ၌ ဘာသာစကားတွင် အသံထွက်ပြောဆိုသော ဘာသာစကားနှင့် လက်ဟန်ခြေဟန်ဖြင့် ပြောဆိုသော ဘာသာစကားတို့သည် ဖွဲ့တည်ပုံအရလည်းကောင်း၊ အသုံးချပုံအရလည်းကောင်း လုံးဝကွဲပြားခြားနားသည်ဟု ယူဆပြီး သုတေသနပြု လေ့လာမှုများကို သီးခြားစီ သတ်မှတ်ခဲ့ကြသည်။ ယခုနောက်ပိုင်း ကာလများတွင် လက်ဟန်ခြေဟန်ဖြင့် ပြောဆိုခြင်းကိုလည်း ဘာသာစကား တစ်ခုအဖြစ် သတ်မှတ်ကာ အသံထွက်ပြောဆိုသော ဘာသာစကားကဲ့သို့ပင် တည်ဆောက်ပုံ၊ အသွင်သဏ္ဌာန်နှင့် သုံးစွဲသည့် ဝေါဟာရတို့ကို ရှင်းလင်းတင်ပြနိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ Body Language ဟု ခေါ်သော ကိုယ်အမူအရာဖြင့် ပြသသော ဘာသာစကား (ဥပမာ။ လက်ယပ်ခေါ်ခြင်း၊ ခေါင်းခါခြင်း) တို့ကိုလည်း အချင်းချင်း ဆက်သွယ်မှုအတွက် အသုံးပြုနိုင်ပါက ဘာသာစကားအဖြစ် ခေါ်ဆိုနိုင်သည်။
ကမ္ဘာပေါ်တွင် စကားအဖြစ် ပြောဆိုသည့် ဘာသာစကားပေါင်း ၇,၀၀၀ ကျော် ရှိသည်ဟု ခန့်မှန်းထားသည်။ ဘာသာစကားသည် မည်သို့မည်ပုံ ပေါ်ပေါက်ပြီး ပေါ်ပေါက်သည့် နေရာသည် ကမ္ဘာ၏ နေရာတစ်နေရာမှ သော်လည်းကောင်း၊ နေရာများစွာတို့မှ လည်းကောင်း မည်သို့စတင် ခဲ့သည်တို့ကို အမျိုးမျိုး ယူဆလျက်ရှိကြသည်။ ယင်းတို့ထဲမှ ဒိန်းမတ်လူမျိုး ဘာသာဗေဒပညာရှင် ယန်အော်တိုဟယ်ရီဂျက်စ်ပါဆင်၏ တင်ပြချက်ကို အောက်ပါအတိုင်း တွေ့ရှိနိုင်သည်။
“Pooh- pooh Theory” - အမှတ်မထင် ထွက်လာသော အသံမှ ခံစားချက်ကို ဆက်သွယ်သော စကားလုံးများ ဖြစ်ပေါ်ခြင်း။ ဥပမာ- ‘ဟား၊ ဟား’ မှနေ၍ ‘ဟီသည်’ မှ တစ်ဆင့် ‘ရီ (ရယ်) သည်’ ကဲ့သို့သော စကားလုံးများ။ (Laugh)
“Bow Bow Theory” - အော်သံမှ တိရိစ္ဆာန်တို့၏အမည် ပေါ်ပေါက်လာခြင်း။ ဥပမာ- ‘ဝူး’ မှနေ၍ ဝံပုလွေ။ (Wolf)
“Ding-dong Theory” - ပဲ့တင်သံ ရိုက်ခတ်သံတို့မှ စကားလုံး ပေါ်ပေါက်လာခြင်း။ ဥပမာ- ‘ဖြူးဖြူး’ မှနေ၍ လေတဖြူးဖြူး။ ဂျုန်းဂျုန်းမှ မိုးထစ်ချုန်း။ (Thunder)
“Yo-he-yo Theory” - အချင်းချင်း ညာသံပေးခြင်းမှ စကားလုံး ပေါ်ပေါက်လာခြင်း။ ဥပမာ- “ဟေးလား ဟေးလား” မှနေ၍ ‘လုပ်၊ အလုပ်၊ အလုပ်လုပ်’။ (Work)
ထိုစကားလုံးနှင့် ပတ်သက်၍ ကမ္ဘာအရပ်ရပ်ရှိ အုပ်စုအဖွဲ့နှင့် လှုပ်ရှားကြရာတွင် ညာသံပေး သီဆိုသော တေးသီချင်းများတွင် အဓိပ္ပာယ် အတိအကျမရှိသော စကားလုံးများကို ဆက်လက် သုံးစွဲလျက် ရှိသည်ကိုလည်း နောက်ခံသမိုင်းများအဖြစ် တွေ့ရှိလေ့လာနိုင်သည်။
ဇီဝသိပ္ပံပညာရှုထောင့်မှ သုံးသပ်ပါကလည်း သုတေသန စမ်းသပ်မှုဖြင့် ဘာသာစကား၏ ရင်းမြစ်ကို လေ့လာနိုင်သည်။ ယခုခေတ် ‘မော်လီကျူး ဇီဝဗေဒ’ Molecular Biology သုတေသနအရ FOXP2 ဟုခေါ်သော မျိုးဗီဇ၏ အမျိုးအစား ခြားနားခြင်းနှင့် ဘာသာစကား သင်ယူတတ်ကျွမ်းမှု စွမ်းရည်များ ကွာခြားမှုတို့ ဆက်စပ်မှု ရှိနိုင်သည်ဟု ဆိုသည်။ ယခုခေတ် လူသားများအဖြစ် စတင်ချိန်တွင်မူ ဘာသာစကားသည် လူသားတို့တွင် မွေးရာပါအဖြစ် အသုံးပြုနိုင်လာသည်ဟု ထင်မြင်ယူဆနိုင်သည်။ သို့သော် FOXP2 သည် ဘာသာစကား သင်ယူတတ်စွမ်းနိုင်မှု မရှိသည့် တိရစ္ဆာန်များ အများစုတွင်လည်း ရှိနေသည့် အတွက်ကြောင့် FOXP2 ခြားနားမှုသည် ဘာသာစကား သင်ယူတတ်မြောက်နိုင်မှုအတွက် မရှိမဖြစ် လိုအပ်သော အခြေအနေ ဖြစ်သည်ဟု အတိအကျ ပြောဆိုနိုင်ရန် အတွက်မူ ရှင်းလင်းနိုင်သည့် သက်သေပြမှုများ မရှိသေးသောကြောင့် ယင်းအချက်ကို စောင့်ကြည့်ရန် လိုသေးသည်ဟု ဆိုသည်။
မည်သို့ပင်ဆိုစေ၊ ဘာသာစကား ဆိုသည်မှာ လူတို့အချင်းချင်း အပြန်အလှန် ဆက်သွယ်မှုပြုနိုင်ရန်နှင့် သတင်းအချက်အလက် သို့မဟုတ် ခံစားချက် အစရှိသည်တို့ကို ဖလှယ်ရန်တို့အတွက် ကြားခံသင်္ကေတသာ ဖြစ်သောကြောင့် တစ်ဦးနှင့် တစ်ဦး ဆက်သွယ်ရန် အသုံးမဝင်ပါက မည်သည့် ဘာသာစကားမဆို မည်သည့်အဓိပ္ပာယ်မျှ ရှိမည်မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
အောက်တိုဘာ ၈ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်









