ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ လှည့်လည်ပွဲတော်ကြီး အောက်တိုဘာ ၃ ရက်၌ ငါးဖယ်ချောင်းကျောင်းမှ ကြေးစားကျောင်းသို့ ကြွချီသော ပဥ္စမရက်နေ့တွင် ရေလမ်းကြောင်း ရှည်သဖြင့် ဆွဲလှေအများဆုံးဖြင့် ပင့်ဆောင်ပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ကြေးစားကျောင်းသည် အင်းလေးကန်၏ အလယ်တည့်တည့် နေရာတွင် ရှိသဖြင့် မြောက်ဘက်၊ တောင်ဘက် ကျေးရွာပေါင်းများစွာတို့မှ အင်းသားတိုင်းရင်းသားများတို့သည် စုရုံးရောက်ရှိလာကြပြီး နှစ်စဉ် နှစ်တိုင်း ဆွဲလှေအများဆုံးဖြင့် ပင့်ဆောင်ပူဇော်သော ဓလေ့ရှိပြီး ကြေးစားကျောင်းသည် ဘုရားဆွမ်းတော်ကြီးခုံ ၆၄၀ ရှိပြီး ကြေးစား ကျောင်းသည် ဆွမ်းတော်ခုံ သီးသန့်ထားရှိသော ကျောင်းတစ်ကျောင်းဖြစ်ကာ ဆွမ်းတော်ခုံ အလှဆုံးကျောင်းတစ်ကျောင်း ဖြစ်သောကြောင့် လူအများအပြား လာရောက်လည်ပတ် ကြည့်ရှုလေ့ရှိကြောင်း သိရသည်။
အောက်တိုဘာ ၃ ရက် နံနက် ၇ နာရီတွင် ငါးဖယ်ချောင်းကျောင်းမှ စတင်ပင့်ဆောင်ပြီး ဘုရားဆွဲလှေများဖြင့် အင်းရေပြင်ကျယ်အတိုင်း မြောက်ဘက်သို့ ဆန်တက်ကာ ရွာထိပ်အရောက်တွင် ရွာလမ်းအတိုင်းကြေး စားကျောင်းရှိရာသို့ ပင့်ဆောင်ပူဇော်မည်ဖြစ်ကြောင်း၊ အခြားကျေးရွာများတွင် ဘုရားဆွဲလှေ အစီးရေပေါင်း ၂၀ ကျော်မှ ၅၀ ကျော် အတွင်းရှိရာမှ၊ ကြေးစားကျောင်းသို့ ဘုရားကြွချီမည့်နေ့တွင် ယခင်နှစ်က ၇၈ စီးရှိခဲ့ပြီး ယခုနှစ် ၇၃ စီးရှိကြောင်း သိရသည်။
ဖောင်တော်ဦးဘုရား ပင့်ဆောင်ရာတွင် ငါးဖယ်ချောင်းကျောင်းမှ ဆွဲလှေများ စတင်စီတန်းရာ ဘုရားဆွဲလှေ များပြားသဖြင့် ကြေးစားကျောင်း ရောက်လုထိရှိပြီး ဘုရားဆွဲလှေများသည် အင်းလယ်သို့ ပန်းတက်၍ ဆွဲစေပြီး ရွာတွင်းသို့ဝိုက်၍ ပြန်ကွေ့ရခြင်းဖြစ်ကြောင်း၊ ရပ်နီးရပ်ဝေးမှ ဘုရားဖူးဧည့်သည်များ လာရောက် ဖူးမြော်ကြကြောင်း သိရသည်။
ထို့ပြင် အင်းသား တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ ပွဲတော်တစ်ခုဖြစ်သော လှေလှော်ပြိုင်ပွဲကိုလည်း အင်းလယ်ဗိုလ်တဲတွင် နေ့လည်ပိုင်း အချိန်တွင် စတင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
ရွာစဉ်အလိုက် ကြွချီအပူဇော်ခံကာ ညကျိန်းမည့် နေရာဒေသများမှ ဖောင်တော်ဦးဘုရား စံကျောင်းတော်မှ၊ အင်းတိန်စံကျောင်း၊ ဟဲယာရွာမစံကျောင်း၊ ဟဲယာရွာမကျောင်း၊ ငါးဖယ်ချောင်းကျောင်း၊ ကြေးစားကျောင်း၊ လင်းကင်းကျောင်းပြီးနောက်၊ ညောင်ရွှေမြို့ စံကျောင်းတော်တွင် သုံးညတိုင်တိုင် ကိန်းဝပ်အပူဇော်ခံမည်ဖြစ်ပြီး မိုင်းသောက်ကျောင်း၊ သလဲဦးကျောင်း၊ ဇရပ်ကြီးကျောင်း၊ နန်းပန်ကျောင်း၊ ကျိုင်းခမ်းကျောင်း၊ မိုင်းပျိုးကျောင်း၊ နောင်တောကျောင်း၊ ရေသာကျောင်း၊ ပြီးနောက် ဖောင်တော်ဦး ကျောင်းတော်သို့ ကျောင်းတော်ဝင်ပွဲ ပြန်လည် ကြွဝင်မည် ဖြစ်ကြောင်း သိရသည်။
အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ လှည့်လည်ပွဲတော်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၁၆ ရက် အထိ ရက်ပေါင်း ၁၈ ရက်တိုင်တိုင် အင်းလေးဒေသရှိ ၂၁ ဌာနသို့ ကြွချီလှည့်လည် အပူဇော်ခံမည်ဖြစ်ကြောင်း အင်းလေးဖောင်တော်ဦး ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
ယခုနှစ်တွင် တမူထူးခြားစွာ အင်းပေါခုံတွင် ပထမအကြိမ် မီးထွန်းပွဲကို အောက်တိုဘာ ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ မီးထွန်းပွဲ၊ လှေလှော်ပြိုင်ပွဲနှင့် ရေပေါ်ရှိုးပွဲတို့ကို ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီ အပူဇော်ခံပွဲတော်ကို နှစ်စဉ်သီတင်းကျွတ်လဆန်း ၁ ရက်မှ လပြည့်ကျော် ၃ ရက်အထိ ကျင်းပမြဲဖြစ်ကာ ဖောင်တော်ဦးဘုရား ရတနာစံကျောင်းတော်ကြီးမှ စက်တင်ဘာ ၂၉ ရက် သီတင်းကျွတ်လဆန်း ၁ ရက် နံနက် ၄ နာရီတွင် အခမ်းအနား ဖွင့်လှစ်ပြီး နံနက် ၇ နာရီတွင် စတင်ထွက်ခွာကာ အောက်တိုဘာ ၁၆ ရက် လပြည့်ကျော် ၃ ရက်အထိ ကျေးရွာပေါင်း ၂၁ ဌာနတွင် စံမြန်းသီတင်းသုံးမည် ဖြစ်ကြောင်း၊ သီတင်းကျွတ် လပြည့်ကျော် ၃ ရက်တွင် မူလကျောင်းတော်သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း အင်းလေး ဖောင်တော်ဦးဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။















