နယ်မြေခွဲထွက်နိုင်ခြင်း၊ အခွင့်အရေးများ တောင်းဆိုလာနိုင်ခြင်း စသည့်အန္တရာယ်များကြောင့် အစိုးရအနေဖြင့် ရိုဟင်ဂျာဆိုသည့်အမည်အား လက်မခံကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင်က ပြောကြားသည်။
VOA ရုပ်သံအစီအစဉ်နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ရိုဟင်ဂျာဟု သတ်မှတ်ခေါ်ဆိုခြင်းအား လက်မခံနိုင်ကြောင်း ထပ်မံပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါဘင်္ဂါလီများမှာ အိန္ဒိယဘက်သို့ ကူးပြောင်းသွားလာခြင်းများရှိသော်လည်း လူမျိုးတစ်စု၊ အုပ်စုတစ်စုအမည်အဖြစ် သတ်မှတ်ခေါ်ဝေါ်ခြင်းမရှိဘဲ မြန်မာနိုင်ငံဘက်သို့ ကူးပြောင်းလာသူများကိုမူ ယင်းသို့သတ်မှတ်ခေါ်ဝေါ်သုံးစွဲနေခြင်းဖြစ်ကြောင်း ဝန်ကြီးက ထောက်ပြသည်။
“အခုကတော့ လူမျိုးတစ်မျိုးနာမည်တစ်မျိုး သီးခြားသတ်မှတ်လာလို့ရှိရင် ရေရှည်မှာ သူတို့ရဲ့ဥပဒေ။ သူတို့ရဲ့ ဦးတည်ချက်က တိုင်းရင်းသားဖြစ်တယ်ဆိုပြီးတော့ လူမျိုးတွေ များလာတဲ့အချိန်မှာ ဒီနေရာကနေ အခွင့်အရေး၊ ဆန္ဒခံယူပွဲတွေ လုပ်လာမယ်၊ ဒါမျိုးတွေ။ သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို အသုံးချသွားမယ်။ အဲဒါကိုစိုးရိမ်ခြင်း ဖြစ်ပါတယ်။ .....။ အိန္ဒိဘက်ကို အာသံဘက်ကို ကူးတာတွေလည်းရှိတယ်။ အဲဒီမှာလည်း ဒီလိုမျိုးအုပ်စုတစ်စု လူမျိုးစုတစ်စုသတ်မှတ်တာမရှိဘူး။ မြန်မာဘက်မှာကျတော့ ရိုဟင်ဂျာရယ်လို့ သတ်မှတ်လာခြင်းကတော့ နယ်မြေခွဲထွက်ဖို့ အခွင့်အရေးတွေ တောင်းဆိုဖို့အတွက်ရှိတဲ့အတွက် အဲဒီအန္တရာယ်ရှိတဲ့အတွက်ကြောင့် လက်မခံခြင်းဖြစ်ပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူများအနေဖြင့်လည်း ပြန်လာမည်ဆိုပါက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ ပြန်လည်လက်ခံမည်ဖြစ်သော်လည်း တိုင်းရင်းသားအဖြစ် လက်ခံမည်မဟုတ်ကြောင်း၊ အင်္ဂလိပ်အစိုးရက မသိမ်းပိုက်မီကတည်းက ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့သည့် လူမျိုးစုများကိုသာ တိုင်းရင်းသားအဖြစ် သတ်မှတ်ထားကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။
“ပြန်လာတဲ့သူတွေသည် ၁၉၈၂ ခုနှစ် Citizen Law အရ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားအနေနဲ့ Ethnic Law အနေနဲ့ပေါ့နော်။ ဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ ၁၈၂၄ ပေါ့။ အင်္ဂလိပ်တွေ ရခိုင်ပြည်နယ် မသိမ်းခင်ရှိတဲ့ အုပ်စုတွေကိုပဲ Ethnic Law တွေပေါ့နော်။အဲဒီလိုသတ်မှတ်ထားတာရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဆက်လက်ပြောကြားသည်။
ရိုဟင်ဂျာဆိုသည့် စကားလုံးအား ၁၉၅၀ မတိုင်မီက သုံးစွဲခြင်းမရှိသော်လည်း နောက်ပိုင်းတွင် တီထွင်သုံးစွဲလာခြင်းဖြစ်ကြောင်း၊ သမိုင်းအထောက်အထားများအရ ရိုဟင်ဂျာမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ဗြိတိသျှတွေဆိုတာက စာရင်းကိုအင်မတန်နိုင်နင်းတဲ့သူတွေပါ။ သူ့ရဲ့ ၁၉၄၈ ခုနှစ်မတိုင်ခင်အထိ ရခိုင်ပြည်နယ်သန်းခေါင်စာရင်းတွေ ပြန်ကြည့်လိုက်ပါ။ အဲဒီထဲမှာ အခိုင်အမာရှိပါတယ်။ အဲဒီထဲမှာ ရိုဟင်ဂျာဆိုတာ လုံးဝမရှိခဲ့ပါဘူး။ ရိုဟင်ဂျာဆိုတာကို တကယ့်တကယ်ကတော့ စတင်သုံးလာတာကတော့ ၁၉၅၀ အလွန်ပိုင်းလောက်ကမှစပြီးတော့ အသုံးပြုလာတာဖြစ်ပါတယ်။ အဲဒီအချိန်ကျမှ တိုင်းရင်းသားအစုတစ်စု၊ သူတို့ရဲ့ အခွင့်အရေး အုပ်စုတစ်စုအတွက် နိုင်ငံရေးအခွင့်အရေးမျိုးတွေအတွက် ပြန်လည်ပြီးတော့ တီထွင်ပြီးတော့ သုံးစွဲလာကြခြင်းဖြစ်တယ်။ ဒါက သမိုင်းအထောက်အထားတွေလည်း ရှိပါတယ်” ဟု ဦးကျော်တင်က ပြောကြားသည်။
အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိကိစ္စရပ်များဖြေရှင်းရာတွင် စကားလုံးရွေးချယ်မှုကြောင့် ရှေ့မတိုးနိုင်သည့် အခြေအနေများရှိ နေသဖြင့်ရှောင်ရှားသုံးစွဲခြင်းဖြစ်ကြောင်း ဦးကျော်တင်က ဆက်လက်ပြောကြားသည်။
“အစိုးရအနေနဲ့ကတော့ ဒီလိုအငြင်းပွားတဲ့ ရိုဟင်ဂျာတို့ ဘင်္ဂါလီတို့ပြောနေခြင်းအားဖြင့် ကျွန်တော်တို့ ပြဿနာကိုဖြေရှင်းရာမှာ ရှေ့မတိုးနိုင်ဘူးဖြစ်နေတယ်။ ဒါကြောင့်မို့လို့ အဲဒါမျိုးကို နှစ်ဖက်စလုံး ဒီစကားမျိုးကို ရှောင်ရှားပြီးတော့ သုံးစွဲခြင်းဖြစ်ပါတယ်။ တကယ့်တကယ်ကတော့ ဒီကိုဝင်လာတဲ့သူတွေ အိန္ဒိယဆိုရင် India Burmese အဲဒီလောက်ပဲ။ Chinese ဆို Chinese Burmese ပေါ့။ East Bangal ဆိုရင် ဘင်္ဂါလီ။ ဒီလိုပဲခေါ်ပါတယ်။ ဘင်္ဂါလီဆိုတာက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မဟုတ်ပါဘူး။ Bangal Origin ကို ပြောတာပါ။ နီပေါကလာတဲ့ နီပေါတွေရှိတယ်။ ဂေါ်ရခါးတွေရှိတယ်။ သူတို့တွေက တိုင်းရင်းသားအုပ်စုတစ်စု မတောင်းကြပါဘူး။ နာမည်တစ်ခုလည်း မထွင်ကြပါဘူး” ဟု အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်သည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပလျက်ရှိသည့် ၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်လျက်ရှိသည်။
ဦးကျော်တင်သည် စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သည့် အာဆီယံ-ကုလသမဂ္ဂဝန်ကြီးအဆင့် အစည်းအဝေးတွင် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး တက်ရောက်ပြောကြားခဲ့ရာတွင် နိုင်ငံတကာအနေဖြင့် ရခိုင်ပြည်နယ်တွင် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ရှိစေလိုပါက အသိုက်အဝန်းအားလုံး၏ လုံခြုံရေးနှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အစိုးရ၏စွမ်းဆောင်ရည် ပိုမိုတောင့်တင်းလာအောင် ကူညီပေးရန်လိုအပ်ကြောင်း၊ ချည့်နဲ့အားနည်းစေရန် မပြုလုပ်သင့်ကြောင်းနှင့် ပြဿနာဖြေရှင်းရာတွင် ရိုးသားစွာ အကူအညီပေးလိုသည့် မိတ်ဖက်များ၏ အကူအညီများကို မိမိတို့ကြိုဆိုသည်ဟု တုံ့ပြန်ရှင်းလင်းပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။















