လာမည့်လတွင် နိုင်ငံသို့ ပြန်လာဖွယ်ရှိသည့် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေသော အတိုက်အခံခေါင်းဆောင် ဆမ်ရိန်စီအတွက် ၎င်းကို ထောက်ခံသူများက စုဝေးမှုပြုလုပ်မည်ဆိုပါက ဖမ်းဆီးမည်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က အောက်တိုဘာ ၂ ရက်တွင် သတိပေးခဲ့သည်။
ပြစ်မှုထင်ရှားသည့် စီရင်မှုများအတွက် ထောင်ဒဏ်ချမှုကို ရှောင်ရှားရန်အတွက် ၂၀၁၅ ခုနှစ်မှစပြီး ပြင်သစ်တွင် နေထိုင်ခဲ့သည့် ရိန်စီက ကမ္ဘောဒီးယားနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်သည့် နိုဝင်ဘာ ၉ ရက်တွင် နိုင်ငံသို့ ပြန်လာမည်ဟု ကတိပေးခဲ့သည်။ ၎င်းအား စီရင်ချက်ချမှုများသည် နိုင်ငံရေးအရ လှုံ့ဆော်မှုများဖြစ်သည်ဟု ရိန်စီက အခိုင်အမာ ပြောကြားခဲ့သည်။
ပြည်ပတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ၎င်းအား ထောက်ခံသည့်အခြေစိုက်နေရာကို ထိန်းသိမ်းရန် ကြိုးစားနေသည့် ရိန်စီကဟွန်ဆန်ကို ဖြုတ်ချရန်နှင့် ဆင်းရဲသည့် အရှေ့တောင်အာရှနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရန်အတွက် စည်းလုံးညီညွတ်ကြရန် ၎င်းကို ထောက်ခံသူများအား တိုက်တွန်းခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံကို ၃၄ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် ဟွန်ဆန်က ဖမ်းဆီးမှုများနှင့် သတိပေးမှုများဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။
“နိုဝင်ဘာ ၉ ရက်မှာ နိုင်ငံနဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးမယ့် လှုပ်ရှားမှုမှာ ပါဝင်မယ့် သူတွေကို တရားစွဲမှာပါ” ဟု ဟွန်ဆန်က အောက်တိုဘာ ၂ ရက်တွင် သတိပေးခဲ့သည်။
ရိန်စီနိုင်ငံ၌ မရှိခိုက်တွင် တရားရုံးအမိန့်ချမှတ်မှု၊ ခြိမ်းခြောက်မှုတို့ဖြင့် ၎င်း၏ အတိုက်အခံ Cambodia National Rescue Party (CNRP) သည် ဖျက်သိမ်းခံခဲ့ရသည်။
ရိန်စီက နိုင်ငံသို့ ပြန်လာမည်ဟု အရိပ်အမြွက်ပြောခဲ့သည့် ကာလအတွင်း အစိုးရကို ဖြုတ်ချရန် လှုံ့ဆော်ခဲ့သည်ဆိုသော စွပ်စွဲချက်များဖြင့် ဒါဇင်များစွာသော အတိုက်အခံများသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဖမ်းဆီးခံခဲ့ရသည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် ရိန်စီနှင့် အတိုက်အခံတာဝန်ရှိသူများစွာသည် ထောင်ဒဏ် နှစ် ၃၀ အထိ ချမှတ်နိုင်သည့် အာဏာသိမ်းရန် လျှို့ဝှက်ပူးပေါင်းကြံစည်မှု စွဲချက်များဖြင့် တရားစွဲခံခဲ့ရသည်။
လျှို့ဝှက်ပူးပေါင်းကြံစည်မှုတွင် တွဲဖက်ပါဝင်သည်ဟုယူဆရသည့် မည်သူမဆို ထောင်ဒဏ်နှစ် ၂၀ နှင့် ရင်ဆိုင်ရမည်ဟုလည်း တရားရုံးက သတိပေးခဲ့သည်။
ရိန်စီကို ရူးနှမ်းနေသောခွေးတစ်ကောင်နှင့် နှိုင်းယှဉ်ခဲ့သည့် ဟွန်ဆန်က ၎င်း၏နိုင်ငံရေးပြိုင်ဘက် ပြန်လာမှုကို ထောက်ခံမှုများမလုပ်မီ အာရပ်နွေဦးတော်လှန်ရေး၏ အကြမ်းဖက်ရလဒ်ကို လေ့လာထားရန် ကမ္ဘောဒီးယားနိုင်ငံသားများကို တိုက်တွန်းခဲ့သည်။
ဟွန်ဆန်နှင့် အပေးအယူညှိနှိုင်းသည့် သဘောတူညီချက်တစ်ခုကို ကနဦးရယူခြင်း မရှိဘဲ နေရပ်ပြန်လာနိုင်ခြေရှိသည့် ရိန်စီအတွက် လေ့လာစောင့်ကြည့်သူများက သတိထားစောင့်ကြည့်နေကြသည်။
သို့သော် ရိန်စီနှင့် ဖျက်သိမ်းခံခဲ့ရသည့် ၎င်း၏ ပါတီသည် လူထုထောက်ခံမှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိထားဆဲဖြစ်ပြီး ဟွန်ဆန်ကို ချောက်ချားစေရန် လုပ်ဆောင်နိုင်သည့် အရည်အချင်းရှိနေဆဲ ဖြစ်သည်။
ရိန်စီ၏ အတိုက်အခံပါတီ CNRP သည် ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲတွင် အမတ်နေရာများကို ခန့်မှန်းထားသည်ထက် ကျော်လွန်ပြီး အနိုင်ရခဲ့သည်။ သို့သော် CNRP ကို ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ တရားရုံးချုပ်က ဖျက်သိမ်းခဲ့သည်။ ယင်းရွေးကောက်ပွဲတွင် ဟွန်ဆန်၏ အာဏာရပါတီက အပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။














