နာဂအမျိုးသားပါတီနှင့် ပြည်သူ့အင်အားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး တည်ဆဲ နိုင်ငံရေးပါတီ ၉၅ ပါတီရှိလာ

နာဂအမျိုးသားပါတီနှင့် ပြည်သူ့အင်အားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး တည်ဆဲ နိုင်ငံရေးပါတီ ၉၅ ပါတီရှိလာ
Published 26 September 2019
ဉာဏ်လင်းထွန်း

နာဂအမျိုးသားပါတီနှင့် ပြည်သူ့အင်အားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၂၅ ရက်တွင် ကြေညာသည်။

ယင်းမတိုင်မီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားချက်အရ တည်ဆဲနိုင်ငံရေးပါတီ ၉၃ ပါတီရှိရာ အဆိုပါပါတီနှစ်ခု ထပ်တိုးလာမှုကြောင့် ၉၅ ပါတီ ရှိလာမည်ဖြစ်သည်။

ကော်မရှင်ထုတ်ပြန်ချက်အရ နာဂအမျိုးသားပါတီ ရုံးချုပ်သည် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်တွင်ရှိပြီး ပြည်သူ့အင်အားပါတီသည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့၊ အမှတ်(၆) ရပ်ကွက်၊ စစ်တောင်းလမ်းတွင် တည်ရှိသည်။

နာဂအမျိုးသားပါတီ၏ မှတ်ပုံတင်အမှတ်မှာ ၁၂၀ ဖြစ်ပြီး ပြည်သူ့အင်အားပါတီ၏ မှတ်ပုံတင်အမှတ်မှာ ၁၂၁ ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့် နောက်ဆုံးပြုထားသည့် နိုင်ငံရေးပါတီများမှာ ချင်းတိုင်းရင်းသားများပါတီနှင့် ဒီမိုကရေစီပါတီသစ် (ကချင်) တို့ဖြစ်သည်။

ထို့ပြင် ပါတီမှတ်ပုံတင်ရရှိပြီးဖြစ်သည့် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီနှင့် ထားဝယ်တိုင်းရင်းသားများပါတီတို့က ၎င်းတို့ပါတီ၏ အလံနှင့်တံဆိပ်ကို ပြောင်းလဲအသုံးပြုမည့်အကြောင်း တင်ပြလာသည်ဟု ကော်မရှင်က စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန််သည်။

ထို့အတွက်ကြောင့် ယင်းအဖွဲ့အစည်းများ အသုံးပြုမည့် အလံနှင့် အမှတ်တံဆိပ်ကို ကန့်ကွက်လိုက ယခုကြေညာသည့်ရက်မှစ၍ ၇ ရက်အတွင်း ခိုင်လုံသော အထောက်အထားဖြင့် ကန့်ကွက်နိုင်ကြောင်း ကော်မရှင်က ထုတ်ပြန်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ယင်းနှစ်၏ နှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိသဖြင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့်များကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် နောက်ဆုံးထား လျှောက်ထားရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဇွန် ၇ ရက်တွင်  ထုတ်ပြန်ထားသည်။

ပါတီမှတ်ပုံတင်ခြင်း၊ ပါတီများ ပေါင်းစည်း၍  တစ်ပါတီတည်းအဖြစ် တည်ထောင်ခြင်း လုပ်ငန်းများကို ကော်မရှင်က အချိန်မီဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို အချိန်လုံလောက်စွာ ရရှိစေရေးအတွက် ယင်းသို့လျှောက်ထားစေခြင်းဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ထို့ပြင် ပါတီ၏အမည်၊ အလံနှင့် တံဆိပ်ကို ပြောင်းလဲအသုံးပြုလိုသည့် နိုင်ငံရေးပါတီများအနေဖြင့်လည်း အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထားတင်ပြရန် ကော်မရှင်က မေ ၁၆ ရက်တွင် နိုင်ငံရေးပါတီများထံ အကြောင်းကြားထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများအရ မှတ်ပုံတင်ရရှိပြီး နိုင်ငံရေးပါတီများအနေဖြင့် အနီးစပ်ဆုံးရွေးကောက်ပွဲတွင် မဲဆန္ဒနယ် သုံးနေရာထက်မနည်း ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။