၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးနှစ်ဦး တက်ရောက်လျက်ရှိပြီး အထွေထွေမူဝါဒရေးရာမိန့်ခွန်းကို နိုင်ငံတော်အတိုင်ပင်ခံရုံး  ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြားမည်

၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးနှစ်ဦး တက်ရောက်လျက်ရှိပြီး အထွေထွေမူဝါဒရေးရာမိန့်ခွန်းကို နိုင်ငံတော်အတိုင်ပင်ခံရုံး  ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြားမည်
 ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်လျက်ရှိသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ(ဝဲ)နှင့် ဦးကျော်တင်(လယ်)တို့အား တွေ့ရစဉ်
ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်လျက်ရှိသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ(ဝဲ)နှင့် ဦးကျော်တင်(လယ်)တို့အား တွေ့ရစဉ်
Published 26 September 2019

(၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့ တက်ရောက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းတို့နှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်မှ ၃၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲအစီအစဉ်အရ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် စက်တင်ဘာ ၂၈ ရက်တွင် အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားသွားရန်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ နိုင်ငံအကြီးအကဲ၊ အစိုးရအကြီးအကဲနှင့် ဝန်ကြီးအဆင့်ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Antonio Guterres နှင့် အထွေထွေညီလာခံသဘာပတိ Mr. Tijjani Muhammad- Bande တို့ တက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် ညီလာခံသဘာပတိတို့က အဖွင့်မိန့်ခွန်းပြောကြားကြပြီး အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အပါအဝင် နိုင်ငံ ၃၇ နိုင်ငံမှ နိုင်ငံအကြီးအကဲများက အထွေထွေမူဝါဒရေးရာ မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် စက်တင်ဘာ ၂၃ ရက်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ဥက္ကဋ္ဌ Mr. Peter Maurer နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပေါ်နေသည့် ဒေသများတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC မှ အရေးပေါ်အကူအညီနှင့် လူသားချင်းစာနာမှု အကူအညီများအပါအဝင် ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူများအား အခြေခံဝန်ဆောင်မှု အကူအညီများ ပိုမိုပေးအပ်နိုင်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အလားတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် အမေရိကန်ပြည်ထောင်စု Under Secretary of States for Political Affairs H.E. Mr. David Hale နှင့်  စက်တင်ဘာ ၂၄ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များနှင့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအပါအဝင် ရခိုင်ပြည်နယ်အရေးကိစ္စ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်သည်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာ ၂၃ ရက်က သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး The Hon Marise Payne နှင့် ကုလသမဂ္ဂဌာနချုပ်၌ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့အကြား ရေရှည်ဖွံ့ဖြိုးရေးမိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုများကြောင့် နေရပ်ပြန်လိုသူများ ဆန္ဒမှန်ကို ထုတ်ဖော်ပြောကြားရန် ကြောက်ရွံ့နေကြောင်း၊ အဆိုပါခြိမ်းခြောက်မှုများက ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်နေကြောင်း၊ မိမိတို့သဘောဆန္ဒအလျောက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြန်လာသူများစွာရှိကြောင်း၊ ပြန်လည်ဝင်ရောက်လာသူများနှင့် ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် လုံခြုံရေးအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ပတ်ဝန်းကျင်ကောင်းများဖြစ်အောင် ဖန်တီးရေးအတွက် အစိုးရအနေဖြင့် ASEAN၊ UN တို့နှင့်အတူ ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတကာမှ ကူညီပံ့ပိုးမှုများပေးရန်လည်း အရေးကြီးသည်ဟု သြစကြေးလျနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။