ဂရိစစ်သူကြီး ပရီးကလီးစ်ခေတ် (ဘီစီ ၄၆၁ မှ ၄၃၁) ၌ အေသင်မြို့ပြနိုင်ငံတော်သည် လူဦးရေ သုံးသိန်းခန့် ရှိသည်။ အေသင်မြို့ပြနိုင်ငံသားစစ်စစ် ၁၂၀,၀၀၀ မှ ၁၆၀,၀၀၀ အကြား၊ အေသင်မြို့ပြသို့ လာရောက်ကာ စီးပွားရေး လုပ်ကိုင်နေကြသည့် နိုင်ငံခြားသား ၄၅,၀၀၀ ခန့်နှင့် ကျေးကျွန် ၈၀,၀၀၀ ခန့်တို့ ဖြစ်ကြသည်။ လူတန်းစားကိုလည်း အထက်ပါအတိုင်း သုံးမျိုး ခွဲခြားထားသည်။ ကျေးကျွန်လူတန်းစားသည် အေသင်အုပ်ချုပ်ရေးတွင် လုံးဝ ပါဝင်ဆောင်ရွက်ခွင့် မရှိသူများအဖြစ် သတ်မှတ်ထားခြင်းခံရသည်။ ကျေးကျွန်တို့သည် မြေယာပိုင်ဆိုင်ခွင့်လည်း မရှိကြပေ။ အေသင်နိုင်ငံသား စစ်စစ်များသည် အသက် ၂၀ ပြည့်လျှင် ဆင်းရဲချမ်းသာမရွေး နိုင်ငံအရေးအရာများတွင် ပါဝင်ဆောင်ရွက်ခွင့်ရှိကြသည်။
အေသင်မြို့တွင် အရွယ်ရောက်ပြီးသော နိုင်ငံသားတိုင်း ပါဝင်သည့် မြို့ပြအားလုံး၏ လူထုအစည်းအဝေးကြီး (Assembly) ကို တစ်နှစ်လျှင် ၁၀ ကြိမ် ကျင်းပလေ့ရှိသည်။ ထို လူထုအစည်းအဝေးကြီးသာလျှင် နိုင်ငံ၏ အာဏာပိုင်အဖွဲ့ဟု ဆိုနိုင်သည်။ ထိုအစည်းအဝေးကို ကျင်းပချိန်တွင် အဖွဲ့ဝင် နိုင်ငံသား ၆,၀၀၀ တက်ရောက်ပါက အစည်းအဝေး အထမြောက်သည်။ Assembly ကို ဂရိဘာသာစကားဖြင့် Ecclesia ဟု ခေါ်သည်။ ဒီမိုကရေစီနည်းအရ လူတိုင်း ပါဝင်နိုင်မည့် အခွင့်အရေးကို ဘီစီ ၅၀၇ ခန့်မှ စတင်ခဲ့ခြင်းဟု ဆိုနိုင်သည်။ ထိုလူထုအစည်းအဝေးကြီးသည် အချုပ်အခြာအာဏာကို ဖော်ဆောင်သည့် အသွင်ဆောင်ပြီး တိုက်ရိုက်ဒီမိုကရေစီကို စတင်ခဲ့သည့် နိုင်ငံရေး အခင်းအကျင်းလည်း ဖြစ်သည်။
လူထုအစည်းအဝေးကြီးသည် ဒီမိုကရေစီ၏ပြယုဂ်သာ ဖြစ်ပြီး နိုင်ငံအုပ်ချုပ်ရေးကို လက်တွေ့တာဝန်ထမ်းဆောင်ရသည့် လူထုကောင်စီကို သီးခြားဖွဲ့စည်းထားသည်။ လူထုကောင်စီတွင် လူမျိုးနွယ်စု ၁၀ စုမှ တစ်စုလျှင် လူဦးရေ ၅၀ ကျဖြင့် ရွေးချယ်ထားသည့် စုစုပေါင်း ကိုယ်စားလှယ် ၅၀၀ ကသာ အဓိကကျသည်။ ထိုကော်မတီဝင် ၅၀၀ သည် အေသင်မြို့၏ အချုပ်အခြာအာဏာပိုင်အဖွဲ့ဟု ဆိုနိုင်ပြီး လူထုအစည်းအဝေးကြီးကို ထိန်းချုပ်ရသူများလည်း ဖြစ်ကြသည်။ ကောင်စီဝင်များကို လူမျိုးစုများအတွင်းမှ တိုက်ရိုက် ရွေးကောက်တင်မြှောက်ခဲ့ကြရသည်။ ထို ပြည်သူ့ကိုယ်စားလှယ်များကို သက်တမ်း တစ်နှစ်သာ သတ်မှတ်ပြီး နှစ်စဉ် ပြန်လည်ရွေးကောက်ကြသည်။ ရွေးကောက်ရာတွင် မဲဆန္ဒဖြင့်သာ ရွေးကောက်ကြသည်။ လူထုကောင်စီ၏ တာဝန်မှာ နိုင်ငံသားများအားလုံး ပါဝင်လာသည့် လူထုအစည်းအဝေးကြီးတွင် ဆွေးနွေးမည့်ကိစ္စအရပ်ရပ်ကို ဦးဆောင်ရန် ဖြစ်သည်။ လူထုကောင်စီ၏ တာဝန်ယူရမှုအပိုင်းသည် များပြားလှသည်။ ကောင်စီဥက္ကဋ္ဌကိုလည်း ကောင်စီဝင်များထဲမှ တစ်နေ့ တစ်ဦးကျဖြင့် နေ့စဉ် ရွေးကောက်ပြီး လူထုအစည်းအဝေးကြီးကို ဦးဆောင်ဦးရွက်ပြုစေသည်။
လူထုကောင်စီ၏ အဓိကတာဝန်မှာ အေသင်မြို့ပြနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ များနှင့် တရားဥပဒေများကို အမြဲဆန်းစစ်ပြီး ဥပဒေအဟောင်းများကို ရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်းနှင့် အသစ်ရေးဆွဲချမှတ်ခြင်းများကို ပြုလုပ်ရန်ဖြစ်သည်။ လူထုကောင်စီသည် ဗဟိုအစိုးရ၏တာဝန်များကိုပါ ဆောင်ရွက်ပေးကြရသဖြင့် အရေးကြီးသည့် အဖွဲ့အစည်းဟု ဆိုနိုင်သည်။ ထို့ပြင် မြို့ပြနိုင်ငံများ၏ တရားရေးကိစ္စများကိုပါ ကြီးကြပ်ပေးရပြီး အပြစ်ရှိသူများကို ထောင်သွင်းအကျဉ်းချခြင်းနှင့် သေဒဏ်ပေးခြင်းတို့ကိုပါ ပြုလုပ်ရ သည်။ မြို့ပြနိုင်ငံ၏ဘဏ္ဍာရေး၊ အခွန်ကောက်ခံရေး၊ ပြည်သူ့ပစ္စည်းများ စီမံထိန်းသိမ်းရေး တို့အပြင် စစ်တပ်နှင့် အစိုးရအမှုထမ်းများကို ထိန်းသိမ်းကွပ်ကဲရသည့် တာဝန်များကိုပါ ထမ်းဆောင်ရသဖြင့် အရေးအပါဆုံး အဖွဲ့အစည်းဟု ဆိုနိုင်သည်။ အေသင်မြို့ပြနိုင်ငံ၏ ဒီမိုကရေစီစနစ်သည် ပြည်သူတို့က တိုက်ရိုက်အုပ်ချုပ်ခွင့်ရသည့် တိုက်ရိုက်ဒီမိုကရေစီ စနစ် ဖြစ်သည်ဟု ဆိုနိုင်သည်။ ပြည်သူတိုင်း နိုင်ငံအတွက် တာဝန်ရှိစွာဖြင့် နိုင်ငံရေးတွင် ပါဝင်ခွင့်ရှိခြင်းကို ကမ္ဘာ့သမိုင်းတွင် ပထမဦးဆုံး ဖြစ်ပေါ်စေခဲ့သည်။
အေသင်နိုင်ငံသားစစ်စစ်တို့သည် လူဦးရေ ၁၂၀,၀၀၀ မှ ၁၆၀,၀၀၀ အတွင်းသာ ရှိပြီး အမျိုးသမီးများနှင့် အရွယ်မရောက်သေးသူဦးရေကို ဖယ်လိုက်လျှင် နိုင်ငံသားဦးရေ ၄၀,၀၀၀ ခန့်ကသာ နိုင်ငံတွင်း၌ တန်းတူညီမျှ အခွင့်အရေးကို ခံစားခွင့်ရှိသူများဟု ဆိုနိုင် သည်။ လူဦးရေ သုံးသိန်းတွင် ၄၀,၀၀၀ နှုန်းပင် ဖြစ်သည်။ ထိုလူဦးရေထဲမှ မှူးးမတ်အနွယ်ဝင် ငွေရှင်ကြေးရှင်များက လူဦးရေ ၂,၅၀၀ ခန့် ရှိသည်။ ထိုအထက်တန်းလွှာများသည် ကျေးကျွန်များကို တရားဝင်ပိုင်ဆိုင်ထားကြပြီး ကျေးကျွန်စနစ်ကို ပယ်ဖျက်နိုင်ခြင်း မရှိခဲ့ပေ။ နောက်ပိုင်းတွင် မှူးမျိုးမတ်နွယ်များနှင့် ငွေကြေးချမ်းသာသူများသည် ဆင်းရဲသားများအပေါ် ငွေကြေးအရ ချုပ်ကိုင်ပြီး နိုင်ငံရေးအာဏာကို သိမ်းပိုက်မှုများ၊ မရရအောင် ကြံဆောင်မှုများ ပြုလုပ်လာကြသည်။ ပရီးကလီးစ် ကွယ်လွန်သည့်အခါတွင် နိုင်ငံရေးအာဏာလုမှုများ ပိုမိုများပြားလာခဲ့ပြီး အေသင်မြို့ပြနိုင်ငံသည်လည်း မှေးမှိန်လာခဲ့ရတော့သည်။
ထို့ကြောင့် အေသင်မြို့ပြဒီမိုကရေစီစနစ်သည် မည်မျှပင် ကောင်းမွန် စနစ်ကျ သည်ဟုဆိုသော်လည်း နောက်ပိုင်းတွင် အကျင့်ပျက်ဖောက်ပြန်မှုများ၊ ယုတ်မာမှုများ၊ တရားမဲ့မှုများနှင့် နိုင်လိုမင်းထက် ကျင့်သုံးမှုများကြောင့် ဒီမိုကရေစီ ဆိတ်သုဉ်းလာခဲ့ရပုံ အား သင်ခန်းစာယူတတ်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■(စက်တင်ဘာ ၂၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)









