ယနေ့ခေတ်၌ နိုင်ငံရေး သိပ္ပံပညာရှင်များနှင့် မူဝါဒ ချမှတ်သူများ ရင်ဆိုင်နေရသော အရေးကြီးဆုံး မေးခွန်းတစ်ခုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် အရည်အသွေးမြင့် ပြည်သူ့ကဏ္ဍ အင်စတီကျူးရှင်းများအား မည်သို့မည်ပုံ ဖော်ဆောင်မည်နည်းဟူ၍ ဖြစ်သည်။ နိုင်ငံများအနေဖြင့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ချမှတ် ကျင့်သုံးနိုင်သည့် နိုင်ငံတော်အင်စတီကျူးရှင်းများ မရှိဘဲ အခွန်များ ကောက်ခံ စုဆောင်းရန်နှင့် အများပြည်သူနှင့်ဆိုင်သော ဝန်ဆောင်မှုများ ထောက်ပံ့ရန် မဖြစ်နိုင်ပေ။ ချမ်းသာကြွယ်ဝသော နိုင်ငံများသည် ယင်းစိန်ခေါ်မှုကို တုံ့ပြန်ရန် အပြန်အလှန် အကူအညီပေးရေး အေဂျင်စီများ၏ အားထုတ်မှုများနှင့် အဘက်ဘက်က ပါဝင်သော ဖွံ့ဖြိုးရေးဘဏ်များ တည်ထောင်မှုများအပေါ် အာရုံစိုက်လျက် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အများပြည်သူကဏ္ဍ အင်စတီကျူးရှင်းများအား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးရန် ကြိုးပမ်းခဲ့ကြသည်။
သို့သော် ယင်းကဲ့သို့သော ပြည်ပမှ ထောက်ပံ့သည့် စီမံကိန်းအများစုသည် သတ်မှတ်ထားသည့် နှစ်များအတွင်း အကောင်အထည်ဖော်မှု၌ မအောင်မြင်ခြင်း သို့မဟုတ် အခြေအနေမကောင်းခြင်း ဖြစ်ရသည်။ ၎င်းတို့၏ ပြုပြင်ပြောင်းလဲမှုများမှာလည်း အင်စတီကျူးရှင်း၏ လုပ်ငန်းဆောင်တာများ အမှန်တကယ် တိုးတက်အောင် ပြုလုပ်ခြင်းထက်စာလျှင် ဟန်ပြ ပြောင်းလဲပြမှုများသာ ဖြစ်နေတတ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်များ ဖွဲ့စည်းသော်လည်း အဂတိလိုက်စားသူများကို ဖော်ထုတ်ရန်နှင့် ခိုးယူခံလိုက်ရသော ပြည်သူ့ဘဏ္ဍာများကို ပြန်လည် ရယူရန်ဟူသည့် ရည်မှန်းချက်မျိုး မရှိကြပေ။ လူကုန်ကူးမှုကို ရာဇဝတ်မှုဟု သတ်မှတ်သည့် ဥပဒေပြဋ္ဌာန်းသော်လည်း ကြီးမားသော ဥပဒေချိုးဖောက်မှု အများစုကို စုံစမ်းဖော်ထုတ်ရန်နှင့် တရားစွဲဆိုရန် ပျက်ကွက်တတ်ကြသည်။ လုပ်ငန်းတစ်ရပ် လုပ်ကိုင်ရန် ပို၍ အရေးပါသော စိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ လုပ်ငန်းတစ်ခုအား ဥပဒေအရ မှတ်ပုံတင်၍ တည်ထောင်ခြင်းသာ ပြုတတ်သည်။ တရားရုံးများ တည်ထောင်ကာ တရားသူကြီးများ ခန့်ထားသော်လည်း တရားရေးကိစ္စများ၌ အပြန်အလှန် အပေးအယူလုပ်ကာ ဝင်ရောက် စွက်ဖက်ခြင်းတို့ ဖြစ်ပေါ်ပြီး တရားရေးအဖွဲ့သည် အမည်ခံ လွတ်လပ်မှုသာ ရှိတော့သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် ပို၍ ထိရောက်သော အများပြည်သူကဏ္ဍ အင်စတီကျူးရှင်းများ လိုအပ်နေသော်လည်း ၎င်းတို့သည် ယင်းကဲ့သို့သော အင်စတီကျူးရှင်းများ ဖန်တီးရန် ရင်းနှီးမြှုပ်နှံမှု နည်းပါးကြသည်။ ၎င်းတို့၏ အများပြည်သူကဏ္ဍ အင်စတီကျူးရှင်းများ အခြေခံကျစွာ စွမ်းဆောင်ရည် တိုးတက်မလာဘဲ ပြည်ပမှ ငွေကြေးနှင့် အခြားအထောက်အပံ့များ ရရှိရေးကိုသာ မျက်စပစ်လျက် ဟန်ပြ လုပ်ဆောင်နေကြသည်။ ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံတကာဖွံ့ဖြိုးရေး အဖွဲ့အစည်းများက ဖွံ့ဖြိုးဆဲ နိုင်ငံများအား အရည်အသွေးမြင့် အများပြည်သူကဏ္ဍ အင်စတီကျူးရှင်းများ ရရှိလာစေရေးကို အလေးအနက်ထားပါက ၎င်းတို့ အင်စတီကျူးရှင်းများ၏ စွမ်းဆောင်ရည်ကို အာရုံစိုက် လေ့လာသုံးသပ်မှုများ ပြုလုပ်ရမည်သာ ဖြစ်သည်။ ထို့အတူ သက်ဆိုင်ရာ နိုင်ငံများ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကိုလည်း စောင့်ကြည့်ရမည်သာ ဖြစ်သည်။ “မျောက်ပြ ဆန်တောင်း” ပြုလုပ်သော်လည်း မျောက်များ အမှန်တကယ် ဝလင်အောင် စားရခြင်း ရှိ မရှိ သုံးသပ်ရမည်သာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အရည်အသွေးမြင့် အများပြည်သူကဏ္ဍ အင်စတီကျူးရှင်းများ ခိုင်မာခြင်း မရှိပါက ပြည်သူများအတွက် အခွန်ဘဏ္ဍာများ ကောက်ခံ စုဆောင်းရေးနှင့် ၎င်းတို့ဖြင့် အများပြည်သူတို့အတွက် ဝန်ဆောင်မှုများ ထောက်ပံ့ပေးရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
စက်တင်ဘာ ၂၀ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်









