မအိုသော အဟောင်း

မအိုသော အဟောင်း
 ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ လာရောက်လေ့လာနေသော ခရီးသွားများအား ၂၀၁၉ ခုနှစ် မတ်လက တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဇော်အောင်)
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ လာရောက်လေ့လာနေသော ခရီးသွားများအား ၂၀၁၉ ခုနှစ် မတ်လက တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဇော်အောင်)
Published 19 September 2019
မောင်ကြည်

 

 

 

 

တကယ်တော့ ပုဂံ၏ စေတီပုထိုးများသည် အချိန်ကာလ၏ တိုက်စားမှုကြောင့် အဟောင်းဘဝသို့ ပြောင်းကြွခဲ့သည်မှာ သေချာပါသည်။ သို့သော် သာမန်အဟောင်းတော့ မဟုတ်ချေ။ ထူးခြားသည့် အဟောင်းဖြစ်သည်။ တန်ဖိုးမဲ့ အဟောင်းလည်း မဟုတ်ချေ။ တန်ဖိုးရှိသည့် အဟောင်းဖြစ်. . .

 

 

မြန်မာစကားမှာ “ဟောင်းပေမယ့်လည်း ကောင်းနေဆဲပါပဲ” ဟူသော စကားရှိသည်။ ခေတ်ကာလအရ ဟောင်းနွမ်းသွားသော်လည်း အမြတ်တနိုး တန်ဖိုးထားနေရဆဲအရာများကို ထိုကဲ့သို့ ရည်ညွှန်းလေ့ရှိသည် မဟုတ်ပါလား။ ကျွန်တော်သည် ယခုရက်ပိုင်းမှာ ထွက်ဖြစ်ခဲ့သည့် ဘုရားဖူးခရီးစဉ်အတွင်း ထိုအဟောင်းများအကြောင်းကို စဉ်းစားတွေးတောနေမိပါသည်။ တသသ မြတ်နိုးတန်ဖိုးထားရသောအရာများ (သို့မဟုတ်) ရှေးဟောင်းအမွေအနှစ်များအကြောင်း ဖြစ်သည်။

ခရီးထွက်ခဲ့သည့် သုံးရက်အတွင်း ပုဂံ၊ အင်းဝ၊ စစ်ကိုင်း၊ မင်းကွန်း၊ မန္တလေးအနှံ့ ရောက်ခဲ့ပါသည်။ အဆိုပါသုံးရက်တာ ခရီးသည် ရှေးဟောင်းအမွေအနှစ် စေတီပုထိုးအဆောက်အအုံများရှိရာသို့ ခဏတာရောက်သွားသည့် ခရီးစဉ်တစ်ခုဖြစ်သည်။ တစ်နည်းပြောရလျှင် အဟောင်းအမြင်းများကို သွားရောက်ကြည့်ရှုရသည့် ခရီးဟုပြောလို့ရပါသည်။ ကျွန်တော်သည် ထိုရက်ပိုင်းအတွင်း ပုဂံခေတ်၊ အင်းဝခေတ်နှင့် မန္တလေးရတနာပုံခေတ်များဆီ ပြန်လည်ရောက်သွားသလိုခံစားရပါသည်။ အတိတ်ကို ပြန်လည်လွမ်းမောတသခွင့် ရခဲ့သည်ပဲဆိုပါတော့။

ပထမနေ့မှာ ပုဂံဘုရားကြို ဘုရားကြား တစ်နေကုန် လျှောက်သွားခဲ့သည်။ ပုဂံသူပုဂံသားတို့နှင့် အသံတိတ် စကားတွေ ပြောဖြစ်ခဲ့ကြသည်။ ဘုရားစေတီဂူပုထိုးများကြားထဲမှာ ပုဂံ၏ စိတ်ဝိဉာဉ်ကို လိုက်လံရှာဖွေခဲ့သည်။  ပုဂံပြည်ကြီး စည်ပင်ဝပြောခဲ့ခြင်းသည် ပုဂံသားတို့၏ လက်ရုံးရည်ဖြစ်သည်ဆိုပါလျှင် ပုဂံဒေသအနှံ့ လက်ညှိုးထိုးမလွဲ မြင်တွေ့နေရသည့် စေတီပုထိုးများသည် ပုဂံသားတို့၏ နှလုံးရည်ဟုဆိုနိုင်ပါလိမ့်မည်။ ပုဂံသည် လက်ရုံးရည်နှင့် နှလုံးရည်ဂုဏ်ရည်နှစ်ပါး စလုံးပြည့်စုံသည့် နေရာဒေသတစ်ခုဖြစ်ခဲ့သည် မဟုတ်ပါလား။ သို့သော် ယခုမျက်မှောက်ကာလမှာတော့ ပုဂံသည် ရှေးဟောင်း မြို့တော်အဖြစ် ကြွင်းကျန်ရစ်ခဲ့သည်။ ပုဂံသားတို့၏ အောင်စည်အောင်မောင်း ကြွေးကြော်သံတွေ ဆိတ်သုဉ်းခဲ့ပြီ။ ပုဂံပြည်ကြီးလည်း ပျက်သုဉ်းခဲ့ပြီ။ အချိန်ကာလ၏ စီးကြောင်းထဲမှာ ပုဂံသည် ပြန်လည်တသစရာ သမိုင်းပုံပြင်အဖြစ်သာ ကျန်ရစ်ခဲ့တော့သည်။  သို့ရာတွင် ပုဂံသူပုဂံသားတို့၏ လက်ရုံးနှင့် နှလုံးပေါင်းစပ်တည်ဆောက်ခဲ့သည် ဘုရားစေတီပုထိုးများကတော့  ယခုတိုင် ကျန်ရစ်ခဲ့ပါသေးသည်။ မိုးဒဏ် လေဒဏ် ရာသီဥတုဒဏ် ငလျင်ဒဏ် အမျိုးမျိုးသောဒဏ်တွေကို ကြံ့ကြံ့ခံကာ ယခုအချိန်အထိ မားမားမတ်မတ် ရပ်တည်နေဆဲ ဖြစ်ပါသည်။

တကယ်တော့ ပုဂံ၏ စေတီပုထိုးများသည် အချိန်ကာလ၏ တိုက်စားမှုကြောင့် အဟောင်းဘဝသို့ ပြောင်းကြွခဲ့သည်မှာ သေချာပါသည်။ သို့သော် သာမန်အဟောင်းတော့ မဟုတ်ချေ။ ထူးခြားသည့် အဟောင်းဖြစ်သည်။ တန်ဖိုးမဲ့ အဟောင်းလည်းမဟုတ်ချေ။ တန်ဖိုးရှိသည့် အဟောင်းဖြစ်သည်။ ထို့ကြောင့်လည်း အဆိုပါ အဟောင်းများရှိရာသို့ လူပေါင်းများစွာ တကူးတကလာရောက် လေ့လာကြည့်ရှုနေကြခြင်း မဟုတ်ပါလား။

ဒုတိယနေ့မှာတော့ အင်းဝ၊ စစ်ကိုင်း၊ မင်းကွန်းသို့ ရောက်သွားခဲ့ပါသည်။ အင်းဝရှိ မယ်နုအုတ်ကျောင်း၊ ဗားကရာကျောင်းတိုက်နှင့် ဆင်ကျုံးခံတပ်များသို့ ရောက်ခဲ့သည်။ အခင်းသစ်သားမှလွဲပြီး အားလုံးအုတ်ဖြင့်သာ တည်ဆောက်ထားသော မယ်နုအုတ်ကျောင်းသည်လည်း အချိန်ကာလ၏ တိုက်စားမှုကို ကြ့ံကြ့ံခံကာ ရပ်တည်နေဆဲ ကျောင်းဟောင်းကြီးဖြစ်သည်။ တစ်ချိန်တုန်းက ရှင်ဘုရင်၊ မိဖုရား၊ မင်းညီမင်းသား၊ နန်းတွင်းသူ၊ နန်းတွင်းသား၊ ဒကာဒကာမတွေ ဝင်ထွက်သွားလာ စည်ကားခဲ့ရာဖြစ်သော်လည်း အခုချိန်မှာတော့ ဘုရားဖူးခရီးသည်အချို့နှင့် လင်းနို့တို့ ကျက်စားရာအရပ်သာ ဖြစ်နေလေတော့သည်။ သို့သော် တန်ဖိုးထားထိန်းသိမ်းထားရသည့် အမွေအနှစ်တစ်ခုအဖြစ် ကျွန်တော်တို့ မြတ်နိုးနေရဆဲပင် မဟုတ်ပါလား။ ထို့အတူပင် ဗားကရာကျောင်းတိုက်သို့ရောက်သည့်အခါမှာလည်း ကျွန်တော် ထိုသို့ပင်ခံစားရပါသည်။ ထိုသစ်သားကျောင်းတော်ကြီးကို ကျွန်းတိုင်ပေါင်း ၂၆၇ လုံးဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ထို့ပြင် ရှေးဟောင်းမြန်မာ့ဗိသုကာနှင့် ပန်းပုအနုပညာလက်ရာတွေ ကြွယ်ဝခမ်းနားသော ကျောင်းတော်ကြီးလည်း ဖြစ်သည်။ ကျွန်တော်တို့အတွက်တော့ ဟောင်းပေမယ့်လည်းကောင်း နေဆဲတန်ဖိုးတက်နေမြဲ အမွေအနှစ်တစ်ခု ဖြစ်နေပြန်ပါသည်။ ထိုမှတစ်ဆင့် ဆင်ကျုံးခံတပ်သို့ ရောက်သွားကြလေသည်။ အင်းဝမြို့၏ အနောက်ဘက်ဆင်ကျုံးရွာအနီး ဧရာဝတီမြစ် တောင်ဘက်တွင်တည်ရှိပြီး ဆင်ရိုင်းများကိုကျော့ရာကျုံးကို ပြုပြင်ဆောက်လုပ်ထားသောကြောင့် ဆင်ကျုံးခံတပ်ဟုခေါ်ဆို ခြင်းဖြစ်သည်တဲ့။ ကျွန်တော်သည် ဆင်ကျုံးခံတပ်ပေါ်မှာ မတ်တတ်ရပ်ရင်း ဧရာဝတီမြစ်ကို ငေးမောကာ မင်းတုန်းမင်းခေတ်က စစ်သည် ရဲမက်ဗိုလ်ပါများကို မြင်ယောင်ကြည့်နေမိပါသည်။ စိတ်ထဲမှာလွမ်းသလိုလို ဝမ်းနည်းသလိုလို ဘာလိုလိုပင် ခံစားလိုက်ရပါသည်။

ထို့နောက် ဆင်ကျုံးမှ စစ်ကိုင်းသို့ ကူးလာခဲ့သည်။ စစ်ကိုင်းမှာ ကောင်းမှုတော်နှင့် ဆွမ်းဦးပုညရှင်ကို ဝင်ဖူးသည်။ ထိုမှ မင်းကွန်းရှိပုထိုးတော်ကြီး၊ မြသိန်းတန်စေတီ၊ မင်းကွန်းခေါင်းလောင်းကြီးနှင့် မင်းကွန်းဆရာတော် ဗိမာန်ဆီဆက်သွားသည်။ ညနေမိုးချုပ်ခါနီးတော့မှ မန္တလေးသို့ ခိုဝင်နားရင်း ထိုတစ်နေ့တာကို အဆုံးသတ်လိုက်ပါသည်။ တတိယနေ့မှာလည်းထို့အတူပင်။ မန္တလေးတစ်ခွင်တစ်ပြင်ရှိ ရှေးဟောင်းဘုရားစေတီပုထိုးများကို လှည့်လည်ဖူးမြော်ကြပြန်ပါသည်။ မဟာမြတ်မုနိ၊ မန္တလေးတောင်၊ မန္တလေးနန်းတွင်း၊ ရွှေနန်းတော်ကျောင်း (ရွှေကျောင်းကြီး)၊ ကုသိုလ်တော်၊ စန္ဒာမုနိဘုရား၊ မဟာဂန္ဓာရုံကျောင်းတိုက်၊ ဦးပိန်တံတားစသည်ဖြင့် ထိုနေ့တစ်နေ့တာ ပြီးဆုံးသည်အထိပဲ ဆိုပါတော့။

ကျွန်တော်သည် အထက်အညာဒေသတစ်ခွင် လှည့်လည်သွားလာခဲ့သည့် သုံးရက်တာခရီးကို ပြန်လည်ငဲ့စောင်းကာ စားမြုံ့ပြန်ကြည့်ပါသည်။ ပစ္စုပ္ပန်ခေတ်သစ်လူသား ကျွန်တော့်အဖို့ ဘိုးဘေးတို့၏ အတိတ်ခေတ်ဆီသို့ ပြန်သွားကြည့်သည့် ခရီးစဉ်ဟုလည်းပြောလို့ရပါသည်။ ထိုအခါ ကျွန်တော်သည် မိမိမကြုံဖူးခဲ့သည့် ခေတ်နှင့် ထိုခေတ်ကလူတွေ ဖြစ်ရပ်တွေကိုရော်ရမ်းမှန်းဆ မြင်ယောင်ကြည့်ခွင့် ရလိုက်သလိုခံစားရလေသည်။ ဒါသည်ပင် ခရီးထွက်ရသည့် အကျိုး၊ ရှေးဟောင်းလက်ရာတွေ လေ့လာရသည့် အကျိုးမဟုတ်ပါလား။ ရှေးခေတ်က မိမိတို့ ဘိုးဘေးတွေ ဘယ်လိုနေထိုင် ဘယ်လိုစားသောက် ဘယ်လိုပြုမူဆက်ဆံခဲ့ကြသလဲဆိုသည့် မေးခွန်းကို ကြွင်းကျန်ရစ်ခဲ့သည့် လက်ရာနှင့် အဆောက်အအုံ မှတ်တမ်းများက ကျွန်တော်တို့ကို ဖြေဆိုပြနေသလိုပင်။ ကျွန်တော်တို့ မျက်စိရှေ့မှောက်မြင်နေရသည့် ရှေးဟောင်းလက်ရာနှင့် အဆောက်အအုံများသည် ထိုခေတ်၏ အဖြစ်အပျက်များကို ရုပ်ရှင်ပြသလို ပြဇာတ်ခင်းသလို ကျွန်တော်တို့ကို သီဆိုကပြအသုံးတော်ခံနေကြသည်နှင့်လည်း တူပါသည််။  ထိုအခါ ကျွန်တော်သည် ဖတ်ခဲ့ဖူးသည့် ကဗျာတစ်ပုဒ်ကို အမှတ်မထင် သတိရလိုက်မိသည်။

၁၉၆၄ ခုနှစ်လောက်တုန်းက ကဗျာဆရာကြီးဇော်ဂျီသည် မန္တလေးအင်းဝတစ်ဝိုက်သို့ ခရီးလှည့်လည်ခဲ့ဖူးလေသည်။ ပထမနေ့မှာ မန္တလေးအနီးအနားရှိ ရှေးဟောင်းကျောင်းကန်များကို ရောက်ခဲ့သည်။ ဒုတိယနေ့မှာ တောင်သမန်ရှိ ဦးပိန်တံတားကို ရောက်ခဲ့သည်။ တတိယနေ့မှာ အင်းဝရှိ မြို့ရိုးဟောင်းကို ရောက်ခဲ့သည်။ ထို့နောက် သုံးရက်တာ ရောက်ခဲ့သည့် ခရီးကိုကဗျာဆရာကြီးက အခုလို သုံးသပ်ဆင်ခြင်ခဲ့ပါသည်။

 

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်းနှင့် ငါနှင့်၊ စိတ်ချင်းသင့်၍

လွှင့်ခဲ့ပျော်မွေ့၊ ထိုသုံးနေ့တွင်

တစ်နေ့တစ်မျိုး၊ ပုံသုံးမျိုးသည်

အကျိုးအပဲ့၊ အရွဲ့အစောင်း

အဟောင်းအမြင်း၊ အိုမင်းလျှောကျ

ပျက်ဟန်ပြ၏

ပြောကြ ဟောကြ၊ တိုက်ကြ ခိုက်ကြ

ပြုကြ ပြင်ကြ၊ နိုင်ကြ ရှုံးကြ

ခင်းခဲ့ကြသည့်၊ ရှေးကဇာတ်ထုပ်

ရှေးရုပ်အစုံ၊ မှိုင်းမှုန်မှုန်ကား

ကြိုက်ကြုံခဏ၊ ပြည်ဖုံးမ၍

ကမြဲဆိုမြဲမအိုပွဲ။

ကျွန်တော် သုံးရက်တာသွားခဲ့သည့် ခရီးသည်လည်း ထို့အတူရှေးအတိတ်ခေတ်၏ သမိုင်းဇာတ်ဝင်ခန်းများကို လှည့်လည်ကြည့်ရှုနေရသည့် သဘောပင်။ ထိုကဲ့သို့ လှည့်လည်ကြည့်ရှုတိုင်းလည်း အဟောင်းအမြင်း သမိုင်းဝင်ပစ္စည်းတို့သည် ကျွန်တော့်မြင်ကွင်းထဲမှာ ဘယ်တော့မှ အိုမင်းမသွားသည့်အတိုင်း အစဉ်နုပျိုသစ်လွင်ကာ အသက်ဝင်လာကြစမြဲပင်။

 

Most Read

Most Recent