ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦးပါ ပူးပေါင်းကော်မတီတွင် အင်အားများသည့်ပါတီက ပြင်ဆင်ရန် တင်ပြချက်များကို ပြင်ဆင်ရန်အတွက် တပ်မတော်သား အပါအဝင် ကျန်သည့်နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ အနေဖြင့် အစည်းအဝေးတွင် လာထိုင်ပေးနေရသကဲ့သို့ ဖြစ်နေကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောကြားသည်။
စက်တင်ဘာ ၁၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ တပ်မတော်သား ကိုယ်စားလှယ် ၁၄၄ ဦးက တင်သွင်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းအပြီး လွှတ်တော်ခေတ္တရပ်နားထားချိန်တွင် သတင်းထောက်များအား ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လက်ရှိဖွဲ့စည်းထားသည့် ၄၅ ဦး ပူးပေါင်းကော်မတီ၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်ကြောင်း၊ ပူးပေါင်းကော်မတီတွင် ဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး ပြောကြားခြင်း ဖြစ်ကြောင်း၊ ပူးပေါင်းကော်မတီတွင် နုတ်ထွက်သည့် ကိုယ်စားလှယ်များလည်းရှိကြောင်း၊ အစည်းအဝေး၌ မဲခွဲဆုံးဖြတ်ရာတွင် အင်အားကြီးပါတီကသာ အနိုင်ရလေ့ရှိပြီး ယင်းတို့ပြင်ဆင်ချင်သည့် အချက်များအား ပြင်ဆင်ရန် ထိုင်ပေးနေရသကဲ့သို့ ဖြစ်နေကြောင်း ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောကြားခဲ့သည်။
ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက “ကျွန်တော်ကတော့ လက်ရှိ ၄၅ ဦးဖွဲ့ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင် တစ်ယောက်ပါ။ လက်ရှိ ၄၅ ဦးကော်မတီ လုပ်နေတာနဲ့ တွေ့ရတဲ့ဟာကို နည်းနည်းလေး တင်ပြချင်တာပါ။ ၃၆/၂၀၁၉ ကတော့ ပြီးသွားပြီပေါ့။ ဒီနေ့မှာလည်း အစည်းအဝေး ဆက်လုပ်ဖို့ ရှိပါတယ်။ လုပ်တဲ့အခါမှာ ဘာသွားတွေ့ရလဲဆိုတော့ ပြည်ထောင်စုလွှတ်တော် နာယကကြီးပေါ့။ ဖွဲ့စည်းမိန့် ၁၅/၂၀၁၉ မှာလည်း ပါပါတယ်။ အဲဒီအထဲမှာ အားလုံးပူးပေါင်း ပါဝင်ဖို့ ဆိုပြီးတော့မှ တင်ပြတာ ရှိပါတယ်။ အခုလက်ရှိတော့ ဘာသွားတွေ့ရလဲဆိုတော့ ၄၅ ဦးကော်မတီမှာ နုတ်ထွက်တာတွေရှိတယ်။ ပါတီကနေ ထွက်တာတွေလည်းရှိတယ်။ ခွင့်တွေ၊ ပျက်တာတွေ ရှိတာပေါ့။ အဲဒါတွေရှိလာတဲ့ အခါကျတော့ လက်ရှိဥပဒေကြမ်းတစ်ခု ပုဒ်မကို တည်တဲ့အခါမှာ မဲခွဲဆုံးဖြတ်နေတာတွေ တွေ့နေရတာ။ ဘာပဲပြောပြော အင်အားနည်းတဲ့ တိုင်းရင်းသားပါတီငယ်လေးတွေ၊ အဲဒီပါတီလေးတွေရဲ့ ပြင်ဆင်တင်ပြချက်တွေကတော့ သိပ်အရာမရောက်သလို ဖြစ်နေတယ်။ အဲဒီလို အရာမရောက်သလို ဖြစ်နေပြီးတော့ အင်အားကြီးတဲ့ အနိုင်ရတဲ့ပါတီ အနေနဲ့ပဲ သူ့ရဲ့ဥပဒေမူကြမ်းကိုပေါ့။ ပြင်ဆင်ရန်တင်ပြတဲ့ ဥပဒေမူကြမ်းကို အားသာချက် ဖြစ်နေတာပေါ့။ အဲဒါလေး သွားတွေ့ရပါတယ်။ အထဲမှာ ဆွေးနွေးဆုံးဖြတ်ကြတဲ့ အခါမှာ အားလုံးသဘောတူဖြစ်ဖို့ပေါ့။ ဥပဒေကြမ်းတစ်ခုကို လုပ်တဲ့အခါမှာ ရပ်တည်ချက်က ဥပဒေအပေါ်မှာ ရပ်တည်တာ ဖြစ််ပါတယ်။ ၃၇၆၅ ချက်ဟာ ပါတီတွေက တင်တဲ့ဟာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီမှာ အားလုံးသဘောတူတာဖြစ်ဖို့ လာပြီးပေါင်းစပ်မှုဖြစ်ဖို့ အတွက်ကျတော့ အရမ်းခက်နေတာကို တွေ့ရတယ်။ အဲဒီတွေ့နေရတော့ အင်အားကြီးတဲ့ အနိုင်ရတဲ့ ပါတီကတော့ မဲနဲ့ဆုံးဖြတ်တဲ့ အခါကျတော့ အနိုင်ရနေတာပေါ့။ ၄၅ ဦးကော်မတီက ဆုံးဖြတ်တဲ့ ကိစ္စတွေကို သိပ်မပြောချင်ပါဘူး။ အဲဒီမှာ မြင်နေရတဲ့ အမြင်ရရင်ဆိုရင် အားလုံးကို ပါဝင်ဖို့ ကျွန်တော်တို့က ဖိတ်ခေါ်သင့်တယ်လို့ ထင်တယ်။ ပြည်သူအပါအဝင်ကျန်တဲ့ အဖွဲ့အစည်းတွေပေါ့။ ဖွဲ့စည်းမိန့်ထဲမှာပါတဲ့ ကိုးဖွဲ့ စုစုစည်းစည်း၊ စုစုရုံးရုံးနဲ့ တင်ပြပြီးတော့မှ အဲဒါတွေကို ၀ိုင်းပြီးဆွေးနွေးပြီးတော့မှ ဖြတ်စေချင်တာ။ အဲလိုမှ မဟုတ်ရင် ကျွန်တော်တို့ အနိုင်ရပါတီ အင်အားများတဲ့ ပါတီကနေ ပြင်ဆင်ရန် တင်ပြချက်တွေကိုပဲ အခြားလူတွေ၊ တပ်မတော်သားတွေ၊ ကျန်တဲ့တိုင်းရင်းသားပါတီ အငယ်တွေ၊ အဲဒီအငယ်ကပဲ ပြင်ဆင်ဖို့ အတွက်ကို ဝန်းရံပြီးတော့မှ လာပြီးထိုင်ပေးနေရသလို ဆိုရင်လည်း အဆင်မပြေဘူး။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်နေတဲ့ အတွက်ကြောင့် တစ်နိုင်ငံလုံးနဲ့လည်း ဆိုင်တယ်။ ပြည်သူတစ်ရပ်လုံးနဲ့လည်း ဆိုင်တယ်။ အဖွဲ့အစည်းပေါင်းအားလုံးနဲ့ဆိုင်တာ ဖြစ်တဲ့အတွက်ကြောင့် အဲဒါလေးကို ကျွန်တော်တို့က ဘာပဲပြောပြော စဉ်းစားဆင်ခြင် ပြန်သုံးသပ်သင့်တယ်လို့ ထင်ပါတယ်” ဟု သတင်းထောက်များအား ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် အဆိုကို ဖေဖော်ဝါရီ ၆ ရက်တွင် လွှတ်တော်က ဆွေးနွေးအတည်ပြုခဲ့ခြင်းဖြစ်သည်။















