နိုင်ငံတော်ဟူသည် ပထဝီနိုင်ငံရေးနှင့် နိုင်ငံတကာ နိုင်ငံရေးအရ နေရာသတ်မှတ် ပိုင်းခြားထားသော အုပ်ချုပ်ခွင့်ရ နယ်မြေ ဖြစ်သည်။ နိုင်ငံတော်ဟူသော စကားရပ်နှင့် ယင်းစကားရပ်နှင့် တွဲ၍ပါလာသော လူတို့၏ စိတ်အတွင်းမှ ခံစားချက်၊ ခံယူချက်နှင့် အဓိပ္ပာယ် ဖွင့်ဆိုချက်များသည် အလိုအလျောက် ဖြစ်တည်လာခြင်း မဟုတ်ဘဲ အုပ်ချုပ်သူ လူတန်းစားတို့က ရာစုနှစ်ပေါင်းများစွာ ပြုစုပျိုးထောင်လာခဲ့ခြင်း ဖြစ်သည်။ လူအများအား နိုင်ငံတော်ဟူသော ဝေါဟာရအောက်တွင် တပေါင်းတစည်းတည်း ဖြစ်စေရေး အတွက် ပြောဆိုသောဘာသာစကားကို တတ်နိုင်သမျှ တစ်ခုတည်းဖြစ်စေခြင်း၊ လူမျိုးစုအနွယ်များ အမျိုးမျိုးဖြစ်နေသည်ကို တတ်နိုင်သမျှ ကွဲပြားမှုနည်းအောင် ပြုလုပ်ခြင်းတို့ ပြုခဲ့ကြသည်။ ယင်းတို့သည် အခြေခံအရ နိုင်ငံတော်ဟူသည့် ယုံကြည်ချက်တစ်ခု ဖြစ်လာစေရေး နည်းလမ်းများ ဖြစ်ပြီး အုပ်ချုပ်သူများက ယင်းပန်းတိုင်သို့ ရောက်ရှိရေးအတွက် အနုနည်းရော အကြမ်းနည်းပါ သုံးခဲ့ကြသည်။ ဥပမာအားဖြင့် အာဖရိကတွင်ရှိသော ဇူလူးတို့မှာ လူအများထင်ထားသကဲ့သို့ လူမျိုးစုတစ်ခု မဟုတ်ဘဲ ရှာကာ (Shaka) ဟူသော ခေါင်းဆောင်တစ်ဦးက လွန်ခဲ့သည့် ရာစုနှစ်နှစ်ခုခန့်မှ စတင်၍ မျိုးနွယ်စုငယ်အများအပြားကို တစုတစည်းတည်းဖြစ်အောင် ကြိုးစားထားမှုမှ ထွက်ပေါ်လာသော ရလဒ် ဖြစ်သည်။ ပြင်သစ်နိုင်ငံသည်လည်း အမျိုးမျိုးသော လူမျိုးစုများကို ပါရီမြို့တော်မှ အုပ်ချုပ်သူ လူတန်းစားက တစ်စုတစ်စည်းတည်း ဖြစ်အောင် ကြိုးပမ်းလာကြရာမှ လက်ရှိတွင် ပြင်သစ်နိုင်ငံရှိ လူအများစု၏ စိတ်အတွင်း၌ ပြင်သစ်နိုင်ငံသားဟူသော ခံယူချက်၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ နိုင်ငံအသီးသီး၌ မည်သည့်နိုင်ငံ၏ နိုင်ငံသားဟူသော ခံယူချက်များမှာ နဂိုကတည်းက အလိုလို တည်ရှိနေသည်မဟုတ်ဘဲ လူတို့က ဖန်တီးယူထားသော ခံယူချက်များသာဖြစ်ကြောင်းပင်။
ထိုကဲ့သို့ နိုင်ငံတစ်ခုအတွင်း နိုင်ငံတော်တစ်ခုတည်းဟူသော ခံယူချက် ဖြစ်လာစေရေးအတွက် နိုင်ငံတော်ဟု ခေါ်တွင်သော လူမျိုးစုများ တစ်မျိုးထက် ပို၍ ရှိနေနိုင်သည့် နယ်နိမိတ်တစ်ခုအတွင်း ရှိနေသည့် လူအများ သဟဇာတဖြစ်အောင် နှစ်ပေါင်းများစွာ ပုံမှန် ထိန်းသိမ်းစောင့်ရှောက်ထားသည့် နိုင်ငံရေးအရ ဖွဲ့စည်းပုံစနစ်တစ်ရပ် (Political Institution) ရှိရန် လိုအပ်၏။ ယင်းနိုင်ငံဖွဲ့စည်းပုံ အဆောက်အအုံသည် ထိပ်ဆုံးမှ အုပ်ချုပ်သူခေါင်းဆောင်တစ်ဦးတည်း၏ တွေးခေါ်ကြံစည်ပုံ၊ အကောင်အထည် တစ်ခုတည်းအပေါ်တွင် တည်မှီမနေဘဲ ခေါင်းဆောင်သူ ကွယ်လွန်သွားသော်လည်း တည်ရှိနေသော စနစ်အတိုင်း လူအများက ဆက်လက်လိုက်နာနေစေရန် လိုအပ်၏။ ယူဂိုဆလားဗီးယား ခေါင်းဆောင် ဂျိုးဆစ်တီးတိုးသည် သူ၏နိုင်ငံကို တည်ဆောက်ရာတွင် အမှီအခိုကင်းသော နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံစနစ်တစ်ရပ်ကို ပြုစုပျိုးထောင်ခြင်းထက် သူ၏အတွေးအခေါ်နှင့် ထင်မြင်ယူဆများကို အခြေပြုကာ နိုင်ငံကို သူ၏အယူအဆအား စမ်းသပ်သည့် ပုံစံမျိုးဖြင့် အုပ်ချုပ်ခဲ့သောကြောင့် သူ သေဆုံးပြီးနောက်ပိုင်း ဆယ်စုနှစ်တစ်ခုပြီးသည့်နောက် အစိတ်စိတ်အမွှာမွှာ ပြိုကွဲခဲ့ရသည်။
နိုင်ငံတစ်နိုင်ငံတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ စနစ်တစ်ရပ် တည်ဆောက်ရာတွင် ကွဲပြားမှုရှိနိုင်သော လူမျိုးစုများရှိသည့် နယ်မြေအစုစုကို နိုင်နင်းစွာ အုပ်ချုပ်နိုင်ရေးက အရေးကြီးသည့်အလျောက် ယင်းကို အခြေခံ၍ ကွဲပြားသော အုပ်ချုပ်သည့်ပုံစံနှစ်ရပ်ရှိ၏။ ယင်းတို့မှာ ပြည်ထောင်စုစနစ် (Unitary System) နှင့် ဖက်ဒရယ်စနစ် (Federal System) တို့ ဖြစ်ကြသည်။ ပြည်ထောင်စုစနစ်တွင် မြို့တော်မှ တိုက်ရိုက်အုပ်ချုပ်သည်ကများပြီး ဒေသငယ်များမှာ ကိုယ်ပိုင်စီမံပိုင်ခွင့် (Autonomy) အနည်းငယ် သို့မဟုတ် လုံးဝမရဘဲ ဖက်ဒရယ်စနစ်အတွင်းရှိသော ပြည်နယ်အစိုးရများမှာမူ အတိုင်းအတာတစ်ခုအထိ ကိုယ်ပိုင်နိုင်ငံရေးဘဝတစ်ခု ရရှိပြီး ဗဟိုမှ ဥပဒေလမ်းကြောင်းအရ ပယ်ဖျက်ခွင့်၊ ပြုပြင် ပြောင်းလဲပိုင်ခွင့်များ မရှိသော လုပ်ပိုင်ခွင့်များကို ရရှိထားသော ဒေသခံ အစိုးရငယ်များ ရှိ၏။ တရုတ်၊ ဆွီဒင်၊ ပြင်သစ်နှင့် ဂျပန်စသည့် နိုင်ငံများသည် ပြည်ထောင်စုစနစ် ကျင့်သုံးသော နိုင်ငံများဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ ဘရာဇီးနှင့် ဂျာမနီ နိုင်ငံများမှာ ဖက်ဒရယ်စနစ် ကျင့်သုံးသော နိုင်ငံများ ဖြစ်ကြသည်။
မည်သို့ပင်ဆိုစေကာမူ နိုင်ငံတော်သည် လူပုဂ္ဂိုလ်အပေါ် မူတည်မှုမရှိဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေသည်သာ နိုင်ငံ၏ အမြင့်ဆုံး ခေါင်းဆောင်ထက်ပို၍ အရှိန်အဝါကြီးရမည် ဖြစ်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အဆောက်အအုံကောင်းတစ်ရပ် ရှိရေးနှင့် ရေရှည်ခိုင်မြဲရေးသည်သာ ခေါင်းဆောင်ကောင်း ရှိရေးထက် ပို၍အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(စက်တင်ဘာ ၁၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)









