ချမ်းသာသည့် လူများကို ပို၍မြင့်မားသောနှုန်းဖြင့် ဝင်ငွေခွန် ကောက်ခံခြင်းသည် စီးပွားရေးကြီးထွားမှုအပေါ် မကောင်းသော ရိုက်ခတ်ချက် တစ်စုံတစ်ရာမရှိဘဲ မညီမျှမှုများကို လျှော့ချရာ၌ အထောက်အကူ ဖြစ်စေနိုင်သည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြောကြားခဲ့သည်။ IMF က ဝင်ငွေ ပို၍မြင့်မားသော သူများအား သိသိသာသာ ပို၍ မြင့်မားသည့်နှုန်းဖြင့် အခွန်ကောက်ခံသင့်ကြောင်း ထောက်ပြသော်လည်း ယင်းကို ဆန့်ကျင်သည့် အဆိုပြုချက်က ချမ်းသာကြွယ်ဝသူများ၏ စီးပွားကို ထိခိုက်စေခြင်းသည် စီးပွားရေးကြီးထွားမှုအတွက် ဆိုးရွားစေလိမ့်မည်ဟု ဆိုသည်။ သို့သော် သြဇာကြီးမားသော ကမ္ဘာ့အင်စတီကျူးရှင်းကြီး ဖြစ်သည့် IMF က လက်တွေ့ ရရှိလာသော ရလဒ်များက ယင်းအဆိုကို ထောက်ခံခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ IMF က ချမ်းသာကြွယ်ဝမှုအပေါ် ကောက်ခံသည့် အခွန်အမျိုးမျိုးကိုပင် စဉ်းစားသင့်ကြောင်း ပြောကြားခဲ့သေးသည်။ ဝင်ငွေခွဲဝေပုံ မညီမျှခြင်းကို နည်းပါးအောင် ပြုလုပ်ရာ၌ အခွန်ကောက်ခံခြင်း မူဝါဒက အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။ အများပြည်သူ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ လည်းကောင်း၊ လူမှုရေးညီမျှမှုကို မြှင့်တင်နိုင်သည့် အခြေခံ အဆောက်အအုံများ ကြီးထွားအောင် ပြုလုပ်ရန်အတွက်လည်းကောင်း ပြည်သူ့အသုံးစရိတ်အတွက် ဘဏ္ဍာငွေ စုဆောင်းရန် အခွန်ကောက်ခံခြင်း မူဝါဒက အရေးကြီးသည်။
အများပြည်သူ ဝန်ဆောင်မှုများဟူသည် အစိုးရက စရိတ်ခံသော၊ အစိုးရက ဖြန့်ဝေပေးသော ဝန်ဆောင်မှုများ ဖြစ်သည်။ အများပြည်သူ ဝန်ဆောင်မှုများသည် အားလုံးနှင့် ဆိုင်ပြီး နိုင်ငံသားအားလုံးကို အညီအမျှ ထောက်ပံ့ပေးခြင်း ဖြစ်နိုင်သကဲ့သို့ အချို့သော အုပ်စု သို့မဟုတ် အချို့သောသူများကိုသာ ပစ်မှတ်ထား လုပ်ဆောင်ပေးခြင်းမျိုးလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ အများပြည်သူ ဝန်ဆောင်မှုများ၏ လွှမ်းခြုံသော သဘောသက်ရောက်မှုမှာ လူမှုရေးနှင့် စီးပွားရေး မညီမျှမှုများကို လျှော့ချပေးပြီး နိုင်ငံသား အားလုံးတို့အား တစ်ဦးချင်းအလိုက် ဖွံ့ဖြိုးလာနိုင်စွမ်းကို မြှင့်တင်ပေးရန်နှင့် လူ့အဖွဲ့အစည်း၏ ဘဝ၌ အပြည့်အဝ ပါဝင်နိုင်စေရန် ဖြစ်သည်။ ဥပမာအားဖြင့် ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ကို အစိုးရက ဝန်ဆောင်မှုပေးခြင်း၊ ဝင်ငွေနိမ့်ပါးသူများကို ထောက်ပံ့ပေးခြင်း၊ အနိမ့်ဆုံး လူနေမှုအဆင့်အတန်းကို အာမခံပေးသည့် အများပြည်သူ ဝန်ဆောင်မှုများ ထားရှိပေးခြင်းနှင့် အခြားလူမှုဖူလုံရေး လုပ်ငန်းများ ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး၊ ရေနှင့် လျှပ်စစ်မီးစနစ်များ အစရှိသည်တို့ကို အစိုးရက ပြည်သူ့ဘဏ္ဍာများဖြင့် တည်ဆောက်ပေးခြင်းသည်လည်း စီးပွားရေးဘဝအတွက် လိုအပ်လှသည်။
အများပြည်သူ ဝန်ဆောင်မှုများအတွက် အဓိက ရင်းမြစ်တစ်ရပ်ဖြစ်သော အခွန်ငွေများသည် (မညီမျှမှုများကို လျှော့ချပေးရေးသို့ ဦးတည်လျက်) တိုးတက်မှု ရှိနိုင်သကဲ့သို့ (မညီမျှမှုများ ပိုမိုကြီးထွားလာမှုဆီသို့ ဦးတည်ကာ) ဆုတ်ယုတ်မှုလည်း ရှိနိုင်သည်။ ယင်းသည် စနစ်များနှင့် ဖွဲ့စည်းပုံများပေါ်၌ မူတည်၍နေသည်။ လူအများက အခွန်ဆောင်နိုင်သော၊ အရည်အသွေးရှိသည့် အများပြည်သူ ဝန်ဆောင်မှုများရှိသော၊ တိုးတက်မှုဘက်သို့ ဦးတည်နေသည့် အခွန်စနစ်ရှိသော လူ့အဖွဲ့အစည်း တစ်ရပ်သည် (အားနည်းသော အများပြည်သူ ဝန်ဆောင်မှုများ မည်ကာမတ္တသာ ရှိပြီး ဆုတ်ယုတ်သည့် သဘောဆောင်သော အခွန်စနစ်များသာရှိသည့် လူ့အဖွဲ့အစည်း တစ်ရပ်ထက်) ပို၍ တန်းတူညီမျှမှုရှိခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ရေး လုပ်ငန်းစဉ်၌ အားလုံး ပါဝင်နိုင်မှု ပို၍ရှိခြင်းနှင့် ပို၍ ဒီမိုကရေစီကျခြင်းတို့ ရှိမည်သာ ဖြစ်သည်။
မည်သို့ပင်ဆိုစေ၊ အခွန်ကောက်ခံခြင်း၏ အဓိက ရည်ရွယ်ချက်ဖြစ်သော ဝင်ငွေ မညီမျှမှုကို ထိန်းညှိရေးအတွက် အစိုးရသည် ချမ်းသာသည့်လူများထံမှ ရသင့်ရထိုက်သော အခွန်ငွေများ အပြည့်အဝရရှိအောင် ဆောင်ရွက်လျက် အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းများ၌ မဖြစ်မနေ ဘဏ္ဍာငွေ စိုက်ထုတ် ထောက်ပံ့ရမည်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
စက်တင်ဘာ ၁၇ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်









