(၁)
“အချိန်မရွေး တရားအစွဲခံရနိုင်တဲ့ခေတ်ကို ရောက်နေပြီ။ ဘယ်လို တရားစွဲခံရမလဲဆို ကျွန်တော်၊ ကျွန်မတို့က မရေးပါဘူး။ မပြောပါဘူး။ Share ရုံပဲ Share တာပါဆိုရင်တောင် Share တဲ့သူကို တရားစွဲမှာပဲ” ဟု ပြောလာသူသည် ဥပဒေပညာရှင်ဖြစ်သူ ဦးအောင်စိုးဦးပင် ဖြစ်သည်။
NLD အစိုးရလက်ထက်တွင် ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်သည့် ဥပဒေများဟု အများပြည်သူ ယုံကြည်ကန့်ကွက်နေသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကို သုံးစွဲ၍ တရားစွဲဆိုမှု အလွန်များပြားခဲ့သည့်အပြင် ငြိမ်းစုစီဥပဒေ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုဟု လူသိများသည့် ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) နှင့် ၅၀၅ (က)၊ ၅၀၅ (ခ) တို့က အစိုးရ၊ တပ်မတော်နှင့် လွှတ်တော် ကိုယ်စားလှယ်များ အလွယ်တကူ သုံးစွဲကာ တရားစွဲဆိုလာသည့် ပုဒ်မများ ဖြစ်နေသည်။ ထို့ပြင် NLD အစိုးရ လက်ထက်တွင်မှ အသစ်ပြဋ္ဌာန်းလိုက်သည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေသည်လည်း နိုင်ငံသားများ၏ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးရန်ဟု ဆိုနေသော်ငြား အများအပြား တရားစွဲလာကြသည်မှာ အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဝေဖန်သဖြင့် စွဲဆိုခံရသူများနှင့် နိုင်ငံရေးပါတီဝင်များ၊ တပ်မတော်နှင့် စီးပွားရေး လုပ်ငန်းရှင်များသာပင် ဖြစ်နေသည်။
ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိတ်သုဉ်းလာ၍ သတိတရား လက်ကိုင်ထားကာ အချိန်မရွေး တရားစွဲခံနိုင်ရသည်ကို စိုးထိတ်လာနေရသည်။ ထိုသို့သော လက်ရှိအခြေအနေသည် စစ်အာဏာရှင်များက ရွေးချယ်ပေးခဲ့သည်ဟု သမုတ်ခံရသည့် စစ်တစ်ပိုင်း ဒီမိုကရေစီအစိုးရဟု စွပ်စွဲခံခဲ့ရသည့် ဦးသိန်းစိန်အစိုးရ လက်ထက်ကထက်ပင် ဆိုးရွားလာနေသည်ဟု ကျဆင်းလာခဲ့သော သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းများနှင့် များပြားလာသော တရားစွဲဆိုမှုများက သက်သေပြနေသည်။ ပြည်သူများ လွတ်လပ်စွာ သတင်းသိရှိခွင့်အတွက် ဦးသိန်းစိန်အစိုးရက သတင်းစာ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကူးအပြောင်းကာလတွင် ပေးစွမ်းနိုင်သလောက် ပေးခဲ့သည့် အခြေအနေများမှာ ပြည်သူရွေးကောက်ထားသည့် အရပ်သားအစိုးရ သုံးနှစ်တာအလွန်၌ ပျောက်ရှသွားခဲ့သည်ဟု ဆိုရမလို ဖြစ်နေသည်။
လူတိုင်းလူတိုင်းသည် Like တစ်ခု၊ Share တစ်ချက်၊ Comment တစ်ကြောင်းနှင့် ချိန်ခါမရွေး တရားအစွဲခံရနိုင်သည် ဆိုသည်မှာ ဦးသိန်းစိန်အစိုးရ လက်ထက်နှင့် နှိုင်းယှဉ်ပါက ဒီမိုကရေစီ နောက်ပြန်လှိုင်း စတင်ရိုက်ခတ်သည်ဟု သုံးသပ်ရမလို ဖြစ်နေသည်။
ဒီမိုကရေစီ နောက်ပြန်လှိုင်း ရိုက်ခတ်သည်ဟု ဆိုရခြင်းမှာ လူမှုကွန်ရက်အပေါ်၌ မမှန်ကန်သည့် လုပ်ရပ်၊ လိမ်လည်သည့် လုပ်ရပ်များကြောင့် မိမိနစ်နာနေရကြောင်း ရေးသားမိလျှင်ပင် ရေးသားခံရသူက နစ်နာသူ၊ လိမ်လည်ခံရသူကိုပြန်၍ တရားစွဲလာသည့် အခြေအနေသည် ပြည်သူများအတွက် တရားမျှတမှု ပျောက်ရှလာသည့် အခြေအနေပင် ဖြစ်နေသည်။
ထိုသို့ ဆိုးရွားသည့် အခြေအနေ ဆိုက်ရောက်လာနေပြီ ဖြစ်သော်ငြားပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် အာမခံချက်ပေးနိုင်သည့် ဦးစားပေး၍ လုပ်ဆောင်သည့် ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန်ကိုမူ တာဝန်ရှိသူများအကြား ပျောက်ရှနေဆဲလည်း ဖြစ်နေပြန်သည်။
“အွန်လိုင်းပေါ်ကနေ အစိုးရကိုဝေဖန်ရင် ဆက်သွယ်ရေး ဥပဒေ၊ နိုင်၊ လွတ်၊ လုံ ဥပဒေတွေနဲ့ တရားစွဲ ခံရနိုင်တယ်။ အပြင်မှာ ဆန္ဒပြတာ၊ ဝေဖန်တာလုပ်ရင် ငြိမ်းစုစီတို့ ၅၀၅ တို့ ၁၂၄ တို့နဲ့ တရားစွဲခံရနိုင်တယ်။ အဲဒါကြောင့် လူတိုင်းအချိန်မရွေး တရားစွဲခံရနိုင်တယ်ဆိုတာ မမှားဘူး” ဟု လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ အသံ၏ ဒါရိုက်တာမောင်ဆောင်းခက ဆိုသည်။
ယခင် စစ်အာဏာရှင်လက်ထက်နှင့် ဦးသိန်းစိန်လက်ထက်များတွင် သတင်းမီဒီယာ၌ ရေးသားဖော်ပြမှုများ အတွက် သတင်းစာနှင့် အယ်ဒီတာများသာ တာဝန်ခံ၊ တာဝန်ယူခဲ့ရသည့် အခြေအနေ နောက်ပိုင်းတွင် NLD အစိုးရလက်ထက်၌ လူမှုကွန်ရက်တွင် ရေးသားမှုများအတွက် လူတိုင်းလူတိုင်း အချိန်မရွေး တရားအစွဲ ခံရနိုင်သည့် အခြေအနေသို့ ဆိုက်ရောက်ကာ RSF ကဲ့သို့ အဖွဲ့အစည်းများ၏ သတင်းလွတ်လပ်ခွင့် ညွှန်းကိန်း၌ အဆင့်များ ကျဆင်းနေသည်ကိုမှ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကျဆင်း၍ ဒီမိုကရေစီ နောက်ပြန်လှိုင်း ရိုက်ခတ်နေသည်၊ အချိန်မရွေး တရားအစွဲခံရနိုင်သည်ဟု မသုံးသပ်ပါက မည်သို့ သုံးသပ်ရမည်နည်း။
(၂)
၆၆ (ဃ)၊ ၃၄ (ဃ)၊ ၈ (စ)၊ ၅၀၅ (က )၊ ၅၀၅ (ခ)၊ ၁၂၄ (က) စသည့် ပုဒ်မများသည် ငွေကြေးနှင့် အာဏာ ရှိသူများ၏ လက်စွဲဖြစ်နေပြီး နစ်နာသူကို ဦးအောင်တရားစွဲခံရသည့် ဖြစ်စဉ်တစ်ခုသည်လည်း ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်တွင် ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်တွင်မူ I Green ဆောက်လုပ်ရေးလုပ်ငန်းက တည်ဆောက်သည့် ကျပ်သိန်း ၁၅၀၀ ကျော်တန် UBC ကွန်ဒိုတိုက်ခန်းကို ဝယ်ယူနေထိုင်သူ ဒေါက်တာဆုနှင်းအေးတို့ ဖြစ်စဉ်က သက်သေပြနေသည်။
ဒေါက်တာဆုနှင်းအေး ရေးသားထားမှုအရ UBC ကွန်ဒိုမှ တိုက်ခန်းကို ၂၀၁၆ ခုနှစ် မတ် ၂၆ ရက်တွင် I Green ကိုယ်စားလှယ် ဦးကျော်ကျော်နိုင်ထံမှ ဝယ်ယူခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် အခန်းလွှဲပြောင်း ပေးအပ်စာကို ပြည်ပတွင်နေထိုင်သူ ဒေါက်တာဆုနှင်းအေးကိုယ်စား သူမဖခင်က လက်ခံရယူပြီး တစ်ပတ်အကြာ အခန်းကို သွားရောက်ကြည့်ရှုရာ ငြမ်းများဖြင့် ရှိနေဆဲဖြစ်ကာ လူနေထိုင်ရန် အဆင်သင့် မဖြစ်သေးသည်ကို တွေ့ရှိရသလို ထိုစဉ်ကပင် နံရံအက်ကွဲကြောင်းများစွာ ရှိနေခဲ့သည်။
အဆိုပါ အခြေအနေကို ပြုပြင်နိုင်ရန် I Green တာဝန်ရှိသူများအား ဇန်နဝါရီလတွင်ပင် ပြောကြားခဲ့သလို တံခါးမှာလည်း ကွဲနေ၍ အသစ်လဲတပ်ပေးရန် တောင်းဆိုခဲ့သော်ငြား Paste ဖြင့်သာ ဖာပေးခဲ့သည်။ ထို့ပြင် တိုက်ခန်းအပ်သည့် ဇန်နဝါရီလတွင် ယင်းကွန်ဒိုသည် လူနေထိုင်ခွင့် (BCC) မကျသေးသည်ကို ဒေါက်တာစုနှင်းအေး ပြည်ပမှပြန်ရောက်၍ ပြောင်းရွှေ့နေထိုင်ချိန်မှ သိရှိခဲ့ရပြီး ယခုနှစ် ဇူလိုင် ၃ ရက်မှသာ လူနေထိုင်ခွင့်ရခဲ့သည်။ ထိုသို့ နေထိုင်ခဲ့သော်ငြား ဒေါက်တာဆုနှင်းအေး ပိုင်ဆိုင်သော အခန်းတွင် နံရံများ အက်ကွဲနေခြင်း၊ အခန်းတွင်း ရေယိုခြင်း၊ အခန်းရှေ့ အရေးပေါ်လှေကား တံခါးပေါက်ပတ်လည် အက်ကွဲထွက်နေခြင်း၊ အခန်းရှေ့ ရေယိုစီးဆင်းနေ၍ ချော်လဲခြင်း စသည့် အဆင်မပြေမှုများ ရှိနေခဲ့သလို ဝယ်ယူစဉ်ကာလက သဘောတူညီချက်များနှင့် မကိုက်ညီသော ကွန်ဒိုအခန်းကိုသာ ရရှိခဲ့သည်။ ထိုသို့ ချို့ယွင်းချက်များစွာ ရှိနေသဖြင့် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေနှင့်အညီ လိုအပ်ချက်များ ပြုပြင်ပေးရန် တောင်းဆိုခဲ့သလို I Green ဘက်မှလည်း လာရောက်ပြင်ဆင်ပေးမည်ဟု ပြောကြားထားသည့် သက်သေမှတ်တမ်းများ ရှိနေသော်လည်း တစ်စုံတရာကိုမျှ လာရောက် ပြုပြင်ပေးခဲ့ခြင်းမရှိသည့် အဆုံးတွင် ဒေါက်တာဆုနှင်းအေး ကြုံတွေ့နေရသည့် အခက်အခဲများနှင့် နစ်နာမှုများကို သူမ၏ ကိုယ်ပိုင် Facebook အကောင့်တွင် ရေးသားမျှဝေခဲ့ပါသည်။ အမှန်တကယ် ကြုံတွေ့နေရသော အခက်အခဲများ နစ်နာချက်များကို ရေးသားခဲ့သော်လည်း ဒေါက်တာဆုနှင်းအေး ပြန်ရခဲ့သည်မှာ ဝယ်ယူထားသည့် ကွန်ဒိုတိုက်ခန်း၏ အားနည်းချက်များ ပြင်ဆင်ပေးမှု မဟုတ်ဘဲ သြဂုတ် ၂၆ ရက်တွင် ရောက်လာခဲ့သည့် I Green ၏ စာတစ်စောင်သာဖြစ်ပြီး ထိုစာတွင် ဒေါက်တာဆုနှင်းအေး၏ ပို့စ်များက သူတို့ကုမ္ပဏီကို နစ်နာစေသည်ဟု စွပ်စွဲပြောဆိုထားကာ ပို့စ်များကို သုံးရက်အတွင်းဖျက်ရန်၊ ဝန်ချတောင်းပန်ရန်နှင့် ထိုသို့မလုပ်ပါက တရားစွဲမည်ဟု ခြိမ်းခြောက်သည့် အကြောင်းအရာများ ရေးသားထားခဲ့သည်။ အမှန်တကယ် နစ်နာသူအပေါ် ဖြေရှင်းပေးခြင်း မရှိဘဲ တရားစွဲမည် ခြိမ်းခြောက်လာသည့်အတွက် ဥပဒေအရသာ ပြန်ဖြေရှင်းမည်ဟု ဒေါက်တာဆုနှင်းအေးက သြဂုတ် ၂၉ ရက်တွင် ရှေ့နေမှတစ်ဆင့် ပြန်ကြားခဲ့သော်လည်း သြဂုတ် ၂၉ ရက် ည ၁၀ နာရီခန့်တွင် မိန်းကလေးတစ်ယောက်တည်း ရှိနေသည့် ဒေါက်တာဆုနှင်းအေး၏ အခန်းရှေ့သို့ သေနတ်ကိုင် ရဲနှစ်ဦးနှင့် အရပ်ဝတ် လူငယ်ယောကျ်ား ခြောက်ယောက်လာ၍ ဘဲတီးကာ တံခါးကို ဖွင့်မပေးမချင်း အပြင်မှ ကြိမ်းမောင်းခြိမ်းခြောက်၍ တံခါးကို အဆက်မပြတ် ဖွင့်ခိုင်းခြင်း အော်ဟစ်ခြင်းတို့ကို ပြုလုပ်ကာ ဒေါက်တာဆုနှင်းအေး၏ မိသားစုများနှင့် မိတ်ဆွေများ လာရောက်ချိန်မှ ထွက်၍ ဖြေရှင်းရာ ထိုသို့ လာရောက် ဖမ်းဆီးခြင်းမှာ I Green မှ မန်နေဂျာ တစ်ဦးက ဒေါက်တာဆုနှင်းအေး တင်ခဲ့သည့် Facebook ပို့စ်နှင့် ပတ်သက်ပြီး ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားသည့်အတွက် လာရောက်ဖမ်းဆီးရခြင်း ဖြစ်ကြောင်း လာရောက်ဖမ်းဆီးသည့် တာဝန်ရှိရဲတပ်ဖွဲ့ဝင်က ဖြေကြားသည်ဟု ဒေါက်တာဆုနှင်းအေးက ဆိုသည်။
ဒေါက်တာဆုနှင်းအေး ကြုံရသည်မှာ ထိုမျှမကပါ။ ကျပ်သိန်း ၂၀၀ ကျော်ပေးထားရသည့် ကားပါကင် အဆင်မပြေသည့် အခြေအနေ၊ လျှပ်စစ်မီးမရခင် ကိုယ်ပိုင်မီးပေးသည့်အတွက် လျှပ်စစ်မီး မနိုင်သဖြင့် ဓာတ်လှေကားအတွင်း ပိတ်မိခြင်းအပြင် အမျိုးသမီးရဲမေ မပါဝင်သော အမျိုးသားများ သီးသန့်လူအုပ်စုဖြင့် လာရောက်ဖမ်းဆီးစဉ် ထိုသို့လာရောက်ခဲ့သည်ကို CCTV မှ ပြန်ကြည့်ပေးရန် တောင်းဆိုခဲ့သော်ငြား CCTV သည် ဒေါက်တာဆုနှင်းအေးနေသည့် ကွန်ဒိုသို့မမြင်ရ ဆိုသည့် အကြောင်းပြချက်ကိုသာ ရခဲ့သည်။ သို့သော် အခင်းဖြစ်သည့် ရှုခင်းကိုသာ CCTV က ပြန်ကြည့်ခွင့် မရသော်လည်း ဒေါက်တာဆုနှင်းအေး စိုက်ထားသည့် ၀ါးပင်ကိုမူ CCTV မှ မြင်ကာ အိမ်ရှေ့တွင် မည်သည့်အရာမှ မထားရန် လာရောက်ပြောခဲ့သဖြင့် ဝရန်တာသို့ ရွှေ့ခဲ့ရခြင်းနှင့် ရှေ့နေစာတွင် ဒေါက်တာဆုနှင်းအေး၏ ပို့စ်အပေါ် “မိုက်ရိုင်းစွာ” ဟု သုံးနှုန်းဖော်ပြခဲ့ခြင်း အခြေအနေအပေါ် ဆင်ခြင်ပြင်ဆင်သင့်ကြောင်း သူမက သုံးသပ်သည်။
“တစ်ခုရှိတာက စည်ပင်။ ကျွန်မက တိုင်တယ်။ စည်ပင်က အရင်ရောက်မယ့်အစား ရဲတွေရောက်လာတယ်။ အဲဒီမှာ တော်တော်မကျေမနပ် ဖြစ်မိတာ စည်ပင်ပဲ။ ကျွန်မတိုင်တာက သူတို့အမှုဖွင့်တာထက် ပိုစောတယ်။ ရဲတွေက ချက်ချင်းရောက်လာတယ်။ စည်ပင်ကိုလည်း လူကြီးလက်ထဲကို ကျွန်မက လက်ရောက်ပေးခဲ့တာ။ နှစ်ပတ်လောက်နေမှ ရောက်လာတယ်။ အားလုံးဖြစ်ပြီးမှ။ ရောက်လာတော့လည်း ဒါတွေက အသေးလေးတွေပါ။ အစ်မထင်သလောက် စိုးရိမ်စရာ မရှိပါဘူး ဆိုတာမျိုးနဲ့ လျှောချသွားတယ်။ ဆေးအက်နေတာလား၊ နံရံအက်ကွဲနေတာလား ဆိုတာကို အင်ဂျင်နီယာ မဟုတ်ဘဲ ဆရာဝန်ဖြစ်တဲ့ ကျွန်မကမြင်တယ်။ သန့်ရှင်းရေးသမားသိတယ်။ လုံခြုံရေးသမား လက်ခံတယ်။ ဒါပေမဲ့ သူတို့တွေက Professional တွေကြည့်လိုက်တော့ ဒါလေးက ဘာမှမဟုတ်ဘူး ဖြစ်သွားတယ်။ ဘာမှမဟုတ်ဘူး ဆိုပေမဲ့ ကျွန်မကတော့ ဒီမှာဆက်နေဖို့ အစီအစဉ် မရှိတော့ဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ပိုက်ဆံပေးပြီးတော့ အကုန်လုံး လုပ်လိုက်တာပဲလေ။ ကျွန်မက စည်ပင်တိုင်တယ်။ သူတို့က စည်ပင်ပိုင်တယ်” ဟု ဒေါက်တာဆုနှင်းအေးက ဆိုသည်။
ဒေါက်တာဆုနှင်းအေးကမူ သူမနှင့် I Green တို့အကြား ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအဖြစ် စည်ပင်၏ အားနည်းချက်ကို ထောက်ပြပြီး ညအချိန်မတော်တွင် အမျိုးသမီးရဲမေ မပါဝင်ဘဲ လာရောက်ဖမ်းဆီးခဲ့သည့် အခြေအနေအပေါ်မူ I Green ၏ တာဝန်ရှိသူများ၏ ပေါက်ရောက်မှုကို ထောက်ပြသည့်အပြင် ရဲလာဖမ်းစဉ် သူမကို ကူညီခဲ့သော လုံခြုံရေးဝန်ထမ်းအား အလုပ်ထုတ်ခဲ့ခြင်းနှင့် ဝယ်ယူခဲ့သော ကွန်ဒို၏ အားနည်းချက်များ ပြင်ဆင်ပေးရန် ပေါ့လျော့ခဲ့သောဖြစ်စဉ်နှင့် အမှုဖြစ်ပွားသည့်အထိ လူသိများခဲ့သော ဖြစ်စဉ်အတွက် တာဝန်ရှိသူ မန်နေဂျာတစ်ဦးအား အလုပ်ထုတ်ပေးမည်ဟု ဆိုခဲ့သည့်အတွက် အောက်ခြေဝန်ထမ်းများ ထိခိုက်မည်ကို စိုးရိမ်၍ ပြေလည်မှုကိုသာ အလိုရှိကြောင်း သူမက ပြောကြားသည်။
“ဒီကိစ္စမှာ အဓိကတရားခံသည် သက်ဆိုင်ရာ၊ ဌာနဆိုင်ရာတွေ အများကြီးပါတယ်။ သူတို့သည် ပိုက်ဆံရှိလို့ လုပ်သွားတယ် ဆိုပေမဲ့ အစကတည်းက မပေးသင့်သေးတဲ့၊ မီတာတွေ မကျသေးတဲ့ Lift ထဲမယ် ပိတ်သွားတယ် ဆိုတာကလည်း မီးအားမနိုင်လို့ဖြစ်တာ။ မီးအားဘာလို့ မနိုင်လဲဆို အစိုးရမီး မဟုတ်လို့။ သူတို့ဘာသာ ကိုယ်ပိုင်မီးပေးနေလို့။ BCC မကျသေးဘဲ လူနေခွင့်ပေးနေတာ အဓိကတရားခံပဲ။ ဌာနဆိုင်ရာ တွေကသာ Effective ဖြစ်အောင် လုပ်မယ်ဆိုရင် သူတို့ ပိုက်ဆံဘယ်လောက်ပေးပေး၊ ပိုက်ဆံဘယ်လောက်ရှိရှိ ဒါမျိုးဖြစ်မှာ မဟုတ်ဘူး။ အဲဒီတော့ ပြဿနာ အရင်းအမြစ်ကို သွားရမယ်။ ကျွန်မက ရဲတွေကိုလည်း ဘာမှမလုပ်ချင်ဘူး။ သိရသလောက်ဆို တစ်အုပ်စုလုံးက ထမင်းတစ်ဝိုင်းနဲ့ လိုက်လာတာ။ ကျွန်မတို့ နိုင်ငံက System Failure ဖြစ်နေတာ။ System Failure ဖြစ်နေတော့ အရမ်းဆင်းရဲတဲ့သူတွေကို အနိုင်ကျင့်လို့ရတယ်။ လုပ်လိုက်ရင် ကျွန်မမုန်းတဲ့ ကြီးနိုင်ငယ်ညှဉ်း အဖြစ်မျိုးကို ရောက်သွားမယ်။ အဲဒါမျိုးကို မဖြစ်ချင်ဘူး။ ငယ်နိုင်ကြီးညှဉ်းပဲ ဖြစ်ချင်တယ်။ တကယ်တမ်း ထိပ်ပိုင်းရာထူးတွေ ယူထားပြီးတော့ ပိုက်ဆံအများကြီး စားနေတဲ့သူတွေက အဓိက တရားခံပဲ။ အောက်ခြေဝန်ထမ်းတွေကို ဘာမှမလုပ်ချင်ဘူး။ ထိပ်ကလူတွေ လာဘ်မစားရင် သူတို့လည်း စားရဲမှာ မဟုတ်ဘူး။ အင်ဂျင်နီယာအဖွဲ့ပါမယ်။ သူတို့သာ BCC ချမပေးဘူးဆိုရင် ဒါမျိုးတွေဖြစ်လာမှာ မဟုတ်ဘူး။ BCC ချမပေးရင် အချိန်ပိုင်းအတွင်း အပ်နိုင်မှာ မဟုတ်ဘူး။ မအပ်နိုင်ရင် အစ်မတို့ပိုက်ဆံ ပြန်လျော်ရမှာ။ အဲဒါဆိုရင် သူတို့တွေ မလုပ်ရဲတော့ဘူး။ ဌာနဆိုင်ရာကသာ တကယ်တင်းကျပ်မယ်ဆိုရင်။ ပြဿနာရဲ့ အရင်းအမြစ်ပေါ့။ အောက်ပိုင်းမှာ ပိုက်ဆံပေးပြီး နည်းနည်းပါးပါး လောက်လုပ်တဲ့ ဟာလေးလောက်ကို မပြောချင်တော့ဘူး။ တကယ့် System တစ်ခုလုံးက Fail ဖြစ်နေတာ။ အဓိကကတော့ ပိုက်ဆံရှိတဲ့ ထိပ်ပိုင်းလူကြီးတွေပေါ့။ ခရိုနီတွေပဲဖြစ်ဖြစ်၊ ဌာနဆိုင်ရာပဲဖြစ်ဖြစ် ကျွန်မသာ တစ်ခုခု ပြန်လုပ်ခဲ့မယ်ဆိုရင် အဲဒီလောက်အထိ ထိရောက်အောင် လုပ်နိုင်မှ လုပ်တော့မယ်။ အဲဒီလို ထိရောက်အောင် မလုပ်နိုင်ဘဲ အောက်ပိုင်းက လူတစ်ယောက်ကို ထိုးကျွေးမယ်ဆိုတဲ့ အဖြစ်မျိုးတော့ မလုပ်ဘူး” ဟု ဒေါက်တာဆုနှင်းအေးက ပြောကြားသည်။
ထိုသို့ ဒေါက်တာဆုနှင်းအေး ပြောကြားချက်အရ I Green Development and Engineering ကုမ္ပဏီက လွှဲအပ်ညွှန်ကြားခံရသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မိုးမိုးခိုင်အား ဆက်သွယ်ရာ ကုမ္ပဏီကိုသာ မေးမြန်းပါရန်နှင့် ရဲစခန်းကိုသာ အမှုဖြစ်စဉ်မေးမြန်းရန် ဖြေကြားပြီး တရားလွှတ်တော်ရှေ့နေမှ တစ်ဆင့် အကြောင်းကြားစာတွင် ‘မိုက်ရိုင်းစွာ’ ဆိုသည့်အသုံးအနှုန်း မည်သည့်အကြောင်းကြောင့် သုံးစွဲပါသနည်းဟု မေးမြန်းရာတွင်လည်း ဒေါက်တာဆုနှင်းအေးကိုသာ မေးမြန်းပါရန်ဟု ဖြေကြားခဲ့သည်။ တရားလွှတ်တော်ရှေ့နေ ဒေါ်မိုးမိုးခိုင်၏ ဖြေကြားချက်အရ I Green Development and Engineering ကုမ္ပဏီသို့ လက်ရှိဖြစ်စဉ်နှင့် ဒေါက်တာဆုနှင်းအေး၏ ပြောကြားမှုများတွင် ပါဝင်သည့် စကားများနှင့် I Green က တည်ဆောက်သည့် အဆောက်အအုံအချိူ့ရှိ Pent House များကို ဒေါက်တာဆုနှင်းအေးနှင့် အမှုအခင်း ဖြစ်ပွားနေချိန်မှ ပြန်၍ဖျက်ပေးနေရသည့် အခြေအနေများအပေါ် ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားပေးမည့်သူအား ပြောပိုင်ခွင့် မရှိကြောင်းနှင့် နာရီဝက်အကြာတွင် ပြန်လည်ဆက်သွယ်ရန် ဖြေဆိုသဖြင့် နာရီဝက်အကြာတွင် ပြန်ဆက်သွယ်ရာ အဆင်မပြေပါကြောင်း၊ အောက်ခြေဝန်ထမ်းများမှာ သိရှိမှု မရှိကြောင်းနှင့် အထက်တာဝန်ရှိသူများအား ဖုန်းဆက်မေးမြန်းရာတွင်လည်း ဖုန်းဆက်မရပါကြောင်း ဖုန်းကိုင်ဆောင်သူက ဖြေဆိုသည်။
(၃)
ဒေါက်တာဆုနှင်းအေး၏ ဖြစ်စဉ်သည် နမူနာဖြစ်စဉ်တစ်ခုဟု ဆိုရပေလိမ့်မည်။ ထို့ပြင် လူမှုကွန်ရက်တွင် အသရေ အဖျက်ခံရသဖြင့် ထိုသို့ရေးသားသူကို အမှုဖွင့်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာ၌ သက်သေရခြင်း မရှိသဖြင့် အမှုကို တရားစွဲ မတင်နိုင်သည့် အခြေအနေတွင် စုံစမ်းစစ်ဆေးခံရသူက နိုင်၊ လွတ်၊ လုံဖြင့် အမှုဖွင့်သည့်ဖြစ်စဉ် ရှိနေပြန်သည်။ ထို့ပြင် မြေယာအငြင်းပွားမှု တစ်ခုအတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကော်မတီတစ်ခုသို့ ဒေသခံ ၁၁ ဦးနှင့် နိုင်ငံရေးပါတီဝင် ခြောက်ဦးတို့က ဇန်နဝါရီလအတွင်း တိုင်ကြားရာ အဆိုပါ တိုင်ကြားမှုကြောင့် ကော်မတီတွင် ပါဝင်သူ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက တိုင်ကြားသူ ၁၇ ဦးအား နိုင်၊ လွတ်၊ လုံ ဥပဒေဖြင့် အမှုဖွင့် တရားစွဲခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးသည် ဟု အသံအဖွဲ့၏ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက် အစီရင်ခံစာက ဆိုသည်။
“လယ်သမားတွေက နစ်နာလို့ တိုင်စာပို့တာကိုတောင် အရေးယူခံရတဲ့ အခြေအနေ ဖြစ်လာတယ်” ဟု အသံအဖွဲ့မှ ကိုရဲဝေဖြိုးမြင့်က ဆိုသည်။
အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်မှ တာဝန်ရှိသူများက ကိုယ်စားပြုကာ တရားစွဲဆိုသည့်ဖြစ်စဉ်များ အများအပြား ဖြစ်လာမှုသည် ၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် ပိုမိုဖြစ်ပေါ် လာနေခြင်းဖြစ်ပြီး အသံအဖွဲ့၏ အစီရင်ခံစာများအရ ဆက်သွယ်ရေး ဥပဒေဖြင့် တရားစွဲဆိုမှုသည် ဥပဒေကို ပြဋ္ဌာန်းခဲ့သည့် ဦးသိန်းစိန်အစိုး ရလက်ထက် ၂၀၁၃ ခုနှစ် အောက် တိုဘာမှ ၂၀၁၆ မတ်လအတွင်း ၁၁ မှုသာ ရှိခဲ့သော်လည်း လက်ရှိအစိုးရ လက်ထက်တွင်မူ အစိုးရ၊ လွှတ်တော်၊ တပ်မတော်စသည့် အခွင့်၊ အာဏာရှိအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ၊ အရပ်သား အချင်းချင်း စွဲဆိုမှုများကြောင့် အမှုပေါင်း ၂၀၀ ကျော်လာပြီ ဖြစ်သည်။ ထိုသို့ လုပ်ပိုင်ခွင့်အာဏာ ရှိသူများက တရားစွဲဆိုမှုများတွင် သတင်းမီဒီယာသမား အများအပြား ပါဝင်နေသည်မှာလည်း NLD အစိုးရလက်ထက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုးရွားစွာ ကျဆင်းနေသည်ကို သက်သေပြသလို ဖြစ်နေသည်။
ထို့ပြင်၂၀၁၈ ခုနှစ်အတွင်း ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲဆိုခံရမှု ၁၄ မှု၊ ဆက် သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုခံရမှု ၅၃ မှု၊ ငြိမ်းစုစီဥပဒေဖြင့် တရားစွဲဆို ခံရမှု ၃၆ မှုနှင့် သတင်းမီဒီယာသမား များတရားစွဲ ဆိုခံရမှု ကိုးမှုရှိကြောင်း အသံ-လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့် လှုပ်ရှားမှုအဖွဲ့က ဇန်နဝါရီ ၃ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ထို့ပြင် ၂၀၁၉ ခုနှစ် ပထမ ခြောက်လပတ်တွင် တပ်မတော်၊ ရဲ တပ်ဖွဲ့၊ နိုင်ငံရေးပါတီဝင်၊ စီးပွားရေး လုပ်ငန်းရှင်နှင့် ရပ်ရွာအခြေပြုအဖွဲ့များက သတင်းမီဒီယာသမား ၁၁ ဦးကို တရားစွဲဆိုခဲ့သည်။ ဦးသိန်းစိန်အစိုးရ လက်ထက်က သတင်းမီဒီယာ သမားများကို တရားစွဲဆိုခဲ့ရာ၌ ၄၈ ဦးခန့်သာရှိခဲ့သော်လည်း NLD အစိုးရလက်ထက်တွင်မူ ငါးနှစ်သက် တမ်းမပြည့်မီအချိန်၌ပင် သတင်း မီဒီယာသမား ၆၀ ခန့် တရားစွဲဆိုခံ နေရသည်မှာလည်း သတင်းလွတ် လပ်ခွင့်ကျဆင်းလာခြင်း၏ ပြယုဂ်တစ်ခုပင် ဆိုရမည်ဖြစ်သည်။
ထို့ပြင် ၂၀၁၉ ပထမခြောက်လ အတွင်း ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုမှု ၂၆ မှုဖြင့် တရားစွဲဆို ခံရသူ ၄၀ ဦး၊ ငြိမ်းချမ်းစွာစုဝေး ခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့် လည်ခြင်းဆိုင်ရာ ဥပဒေဖြင့် တရားစွဲဆိုခံရမှုခုနစ် မှုမှ တရားစွဲဆိုခံရသူ ၄၃ ဦး၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)၊ (ခ)တို့ဖြင့် တရားစွဲဆိုခံရမှု ၁၁ မှုမှ တရားစွဲဆိုခံရသူ ၅၀ ဦးအထိ ရှိခဲ့ပြီး ထိုသို့ တရားစွဲဆိုမှုတွင် အစိုး ရကတရားစွဲဆိုမှုသုံးမှု၊ တပ်မတော်က တရားစွဲဆိုမှုခုနစ်မှုနှင့် ထူးခြားမှုအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက တရားစွဲဆိုမှုတစ်မှု ပါဝင်ခဲ့သည်မှာ အ့ံသြစရာ အခြေအနေ ဖြစ်ခဲ့သည်။
ထို့အတူ NLD အစိုးရလက်ထက်တွင်မှ ပြဋ္ဌာန်းခဲ့သည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေဖြင့် တရားစွဲဆိုမှုများတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်၍ဟုဆိုကာ တရားစွဲဆိုလာ ခြင်းများရှိခဲ့သလို တပ်မတော်ကို ဝေဖန်သဖြင့် နိုင်၊ လွတ်၊ လုံ ဥပဒေ ပုဒ်မ ၈ (စ) ကို ချိုးဖောက်သည်ဆိုကာ နိုင်၊ လွတ်၊ လုံ ဥပဒေပုဒ်မ ၁၀ ကိုသုံး ပြီး တရားစွဲဆိုလာမှုများလည်း တွေ့လာရသည်။ အသံ-အဖွဲ့၏ထုတ်ပြန် ချက်အရ နိုင်၊ လွတ်၊ လုံနှင့် တရားစွဲဆိုမှု ၂၈ မှုနဲ့ တရားစွဲဆိုခံရသူ ၇၈ ဦးအထိ ရှိလာနေပြီဖြစ်သည်။ နိုင်၊ လွတ်၊ လုံနှင့် အမှုဖွင့်မှုများကို လေ့ လာမည်ဆိုပါက အစိုးရနှင့် လွှတ် တော်ကိုယ်စားလှယ်များကို ဝေဖန် ၍တရားစွဲဆိုလာမှု ၁၀ မှု၊ နိုင်ငံရေး ပါတီဝင်များက တရားစွဲဆိုမှု ငါးမှုရှိ သလို တပ်မတော်က တရားစွဲတာ နှစ်မှု ပါဝင်သည်ဟု အသံအဖွဲ့၏ ဇူလိုင် ၁၂ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်အောင်ဆန်းကို ဝေဖန်သဖြင့် ကြားလူကတရားစွဲသည့် ဖြစ်စဉ် များလည်းရှိနေသည်။ ထို့ပြင် နိုင်၊ လွတ်၊ လုံနှင့် တရားစွဲဆိုမှု ခုနစ် မှုမှာ ကြားလူကဝင်၍ တရားစွဲဆိုခဲ့ ခြင်းဖြစ်သည့်အပြင် တရားစွဲဆိုခံရ သူများမှ ၁၃ ဦးမှာ လူမှုကွန်ရက်၌ ထုတ်ဖော်ရေးသား၍ တရားစွဲဆိုခံရ ခြင်းဖြစ်သည်ဟု အသံအဖွဲ့၏ ဇူလိုင် ၁၂ ရက်အထိ စာရင်းများက ဆိုသည်။
နိုင်၊ လွတ်၊ လုံနှင့် တရားစွဲဆိုမှု များတွင် လူသိများခဲ့သည့်ဖြစ်စဉ်အဖြစ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက အရက်သောက်ကာ နေပြည်တော် စည်ပင် ဧည့်ရိပ်သာ၌ ဗုံးထောင်ထားသည် ကိုတွေ့ကြောင်း ရဲစခန်းကိုဖုန်းဆက် သည်ဟု ရေးသားခဲ့သည့် Facebook အကောင့်နှင့် Page ၁၄ ခုကို အမှုဖွင့်ခဲ့သည့်ဖြစ်စဉ်၊ ပထမအကြိမ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် လက်ရှိ ပြည်ထောင်စုကောင်းကျိုးဆောင်ပါ တီဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် နီးစပ်သူက ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ ဦးဘိုဘိုကျော်ငြိမ်းနှင့် ပထမအကြိမ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေတို့ သုံးဦးကို နိုင်၊ လွတ်၊ လုံ ပုဒ်မ ၁၀ နှင့် အမှုဖွင့်ခဲ့သည့် ဖြစ်စဉ်မှာလည်း ပြည်သူများအကြားတွင် နိုင်၊ လွတ်၊ လုံပုဒ်မကို ပို၍ သတိထားမိစေခဲ့သည်။
ထို့ပြင် နိုင်၊ လွတ်၊ လုံ ဥပဒေဖြင့် တရားစွဲဆိုမှုများ ခံနေရမှုအများစုမှာ အရပ်သား ပြည်သူများဖြစ်ပြီး နိုင်ငံရေး ပါတီဝင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် သတင်းမီဒီယာသမားများဖြစ်ပြီး အများစုမှာ လူမှုကွန်ရက်တွင် ရေးသားမှုများကြောင့် စွဲဆိုခံနေရသူများ ဖြစ်နေသည်မှာလည်း ဥပဒေ၏ အနှစ်သာရကို တလွဲအသုံးချနေမှု ပေါ်လွင်စေခဲ့သည်။ ထို့ပြင် ၆၆ (ဃ) ကဲ့သို့ ပုဒ်မများသည် မိခင်နှင့်သား အကြားပင် တရားစွဲဆိုသည့် အခြေအနေသို့ ထိုသို့ လူထုကြားတွင် သည်းခံမှုများ ပျောက်ရှကာ အချိန်မရွေး တရားစွဲဆိုလာသည့် အခြေအနေများ ပပျောက်စေရန် အာဏာရှိသူများက တရားစွဲဆိုနေသည့် ဓလေ့များ ပျောက်ရှ၍ ဝေဖန်မှုများကို သည်းခံသင့်ကြောင်းနှင့် ကပ်ရောဂါတစ်ခုသဖွယ် တရားစွဲဆိုလာသည့် ၆၆ (ဃ) ကဲ့သို့ နိုင်၊ လွတ်၊ လုံ ဥပဒေမှာလည်း ဖြစ်လာပါက ပြည်သူများအတွက် လွယ်ကူမည် မဟုတ်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောကြားသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ပြောတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောတယ်။ တစ်ခါတလေမှာတော့ Institution ကြီးကို တပ်ကိုပြောတယ်။ ပါတီကိုပြောတယ်။ အစိုးရကိုပြောတယ်။ အဲဒီလို Defamation ကြီးကို ခံနိုင်ရည်ရှိဖို့၊ အရေထူဖို့ ဆိုတာကလည်း အရေးကြီးတယ်။ အဲဒါကတော့ ကျွန်တော်ထင်တယ်။ အာဏာရှိတဲ့သူ တွေက စပြီးတော့ ကျင့်သုံးဖို့လိုတယ်။ အခုက ဘယ်လိုဖြစ်လဲဆိုတော့ အစိုးရတို့၊ တပ်ချုပ်တို့ကိုယ်တိုင်က တစ်ခါတလေ Personal ပြောတာကိုလည်း လက်မခံဘူး။ Institution အဖွဲ့အစည်းကို ပြောတာလည်း လက်မခံဘူး။ ဘယ်ဟာကိုမှ လက်မခံဘဲနဲ့ Action ယူ။ သူတို့မယူရင်တောင် အောက်ကလူတွေက Action ယူ။ အဲဒီလိုမျိုးဖြစ်တော့ သက်ရောက်မှုတွေက လူထုကြားထဲမှာလည်း လိုက်ပြီးတော့ လုပ်တာတွေက ပိုများလာတယ်။ လူတွေကလည်း အဲဒီလို စွဲလို့ရတယ်ဆိုတဲ့ အယူအဆမျိုး ဖြစ်လာတယ်။ သည်းခံမှု၊ လျစ်လျူရှုမှု အားနည်းလာတယ်။ အဲဒါက အစိုးရတို့ဘာတို့က ကောင်းကျိုးမကျင့်သုံးဘဲနဲ့ ထစ်ခနဲရှိရင် တုံ့ပြန်တယ် ဆိုတာမျိုး၊ သည်းခံတာမျိုး မလုပ်ဘူး ဆိုတဲ့ဟာမျိုး နောက်ဆုံး ၆၆ (ဃ) ဆိုရင် အမေနဲ့သားနဲ့ ဆွဲတဲ့ဟာမျိုးတောင် ဖြစ်ကုန်တယ်။ အဲဒီလောက်ကြီးဆိုတော့ အိမ်မှာ မိသားစုတွေ ရှင်းလို့ရတဲ့ဟာမျိုးကို တရားစွဲလာတယ်ဆိုတော့ လူမှုအသိုင်းအဝိုင်းထဲမှာ အဲဒီရောဂါပါ ကူးစက်လာတယ်။ နိုင်၊ လွတ်၊ လုံလိုဟာမျိုး Virus ဆိုရင် ကျွန်တော်တို့အတွက် မကောင်းဘူးလို့မြင်တယ်။ ဖြစ်မဖြစ်တော့ မသိဘူး။ ကျွန်တော်တို့ အတွက်တော့ ၆၆ (ဃ) Virus က နိုင်၊ လွတ်၊ လုံပါ ဖြစ်လာရင် မလွယ်ဘူး” ဟု ဦးမြင့်ကျော်က ပြောကြားသည်။
(၄)
မတရားသည့် ဥပဒေမှန်သမျှ တာဝန်အရ ဖီဆန်ကြ ဆိုသည့် စကားသည်နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင် အုပ်ချုပ်မှုအောက် နေခဲ့ရသည့် မြန်မာနိုင်ငံတွင် လူသုံးများ ရေပန်းစားသည့် စကားလုံးဖြစ်သည်။ စစ်အာဏာရှင်စနစ်ဆိုး ဖိနှိပ်မှု အောက်နေခဲ့ရသည့် မြန်မာနိုင်ငံအနေဖြင့် လက်ရှိအခြေအနေတွင် ပြည်သူရွေးကောက် တင်မြှောက်ထားသည့် အစိုးရလက်အောက်တွင် လိုက်နာရမည့် တာဝန်တွေသာ များပြားပြီး အခွင့်အရေးပေးထားမှု မရှိသလောက်ဖြစ်နေသည့် တရားမျှတမှု မရှိသော ဥပဒေ၊ အမိန့်၊ အာဏာ၊ ညွှန်ကြားချက်များကို ဒီမိုကရေစီစနစ်နှင့်အညီ ပြင်ဆင်ပယ်ဖျက်မှုပြုသည်ကို မြင်လိုကြသော်ငြား လက်ရှိအချိန်အထိတော့ ကြိုးပမ်းအားထုတ်မှု နည်းပါးသည်ကို မြင်နေရဆဲသာဖြစ်ပြီး အာဏာရှိသူများက အပြိုင်အဆိုင် တရားစွဲဆိုနေသည့် အခြေအနေကိုသာ ရင်ဆိုင်နေရဆဲဖြစ်ကာ ပြည်သူတိုင်း အချိန်မရွေး တရားစွဲဆိုခံနိုင်သည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့သည်။
လူမှုကွန်ရက်မှ မမှန်ကန်မှုများ တိုက်ဖျက်မည်၊ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများကို အကာအကွယ်ပေးမည်ဆိုသည့် အကြောင်းပြချက်များနှင့် ပြုစုခဲ့သည့် ဥပဒေဆိုသော်ငြား ပြည်သူနှင့် အာဏာရှိသူများ အငြိုးအတေးထား အသုံးချစရာသဖွယ်ဖြစ်လာနေ သည့် ဆက်သွယ်ရေး ဥပဒေ။ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ် မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေး ရန်အတွက် ပြဋ္ဌာန်းခဲ့သည့်ဆိုသည့် နိုင်၊ လွတ်၊ လုံ ဥပဒေများသည် ရည် ရွယ်ချက် ကောင်းမွန်ခဲ့သော်ငြား လက်ရှိအချိန်တွင်မတော့ ပြည်သူများ၏ လွတ်လပ်စွာပြောရေးဆိုခွင့် ကို ခြိမ်းခြောက်ကာ မမှန်ကန်သူက လက်ဦးအောင် အမှုဖွင့်နိုင်သည့် ဥပဒေများအဖြစ် ပြောင်းလဲလာခဲ့သည်။ ထိုသို့ ပုံစံပြောင်းလဲလာသ ဖြင့် ပြင်ဆင်ပယ်ဖျက်သင့်ကြောင်း အကြံပြုမှုများ ရှိနေသော်ငြားလက် ရှိသက်တမ်းအတွင်း ပြင်ဆင်နိုင် ဖွယ်မရှိနိုင်တော့သည့်အခြေအနေ ကိုလည်း ရှုမြင်နေရသည့်အတွက် ရွေးကောက်ပွဲနီးကပ်လာချိန်နှင့် တိုက်ပွဲများ အရှိန်မြင့်လာသည့်အ ခြေအနေတွင် ပစ်မှတ်ဖြစ်လာနေသော တက်ကြွလှုပ်ရှားသူများ၊ သတင်းမီဒီယာ သမားများသည် နှုတ်ဆိတ်နေရမည့် အခြေအနေသို့ ဆိုက်ရောက်လာသလို ပြည်သူများသည်လည်း အာဏာရှိသူများကို ထိပါးစေမည့် သာမန်ဝေဖန်မှုများကိုပင် လူမှုကွန်ရက်တွင် မဖြန့်ဝေမိရန် သတိပြု ဆင်ခြင်ရမည့် အခြေအနေသို့ ဆိုက်ရောက်လာနေသည်။
“ကျွန်တော်ထင်တယ်။ ဥပဒေတစ်ခုပေါ်ဖို့က နှစ်နှစ်ကျော်လောက်ကြာတယ်။ ဆိုင်ဘာဥပဒေလိုဟာမျိုးဆို နှစ်ချီပြီးကြာတယ်။ Hate Speech တို့ Right to Information Law တို့ အများကြီးပဲ။ အကြာကြီး ဆိုင်းငံ့နေတဲ့ ဥပဒေတွေ လည်း အများကြီးရှိတယ်။ ဥပဒေ တစ်ခုပြင်ဖို့ဆိုတာက ပြင်ဖို့လုပ်ရ မယ်။ တချို့အရာတွေကျတော့ အစိုးရက သူတို့ကိုယ်တိုင် မူဝါဒချမှတ် ထားရမယ်။ ဥပမာအားဖြင့် အစိုးရကို ဝေဖန်လို့၊ တပ်မတော်ကိုဝေဖန်လို့၊ လွှတ်တော်အမတ်တွေ ဝေဖန်လို့ ဒါတွေနဲ့ ပတ်သက်တဲ့ တရားစွဲဆိုမှုကို ဝေဖန်လို့၊ တပ်မတော်ကိုဝေဖန်လို့၊ လွှတ်တော်အမတ်တွေ ဝေဖန်လို့ ဒါတွေနဲ့ ပတ်သက်တဲ့ တရားစွဲဆိုမှု တွေ မလုပ်ဖို့အစိုးရက မူတွေချပေးရမယ်။ ဥပဒေကတော့ ပြင်ဖို့လုပ်နေ တဲ့အချိန်မှာ ကိုယ့်ဘာသာ ယတိ ပြတ်လုပ်လို့ရတယ်။ ထားပါတော့။ NLD အစိုးရအနေနဲ့ လူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အလေးအနက်ထားတယ်။ အစိုးရကို ဝေဖန်ပြောဆို ပုတ်ခတ်တာတွေကို တရားစွဲဆိုတာမျိုး လုံးဝလုပ်မှာမ ဟုတ်ဘူး။ အဲဒီလို ရပ်တည်ချက်နဲ့ သူ့ရဲ့ အစိုးရဝန်ကြီးတွေကိုလည်း ညွှန်ကြားပြီးလုပ်သင့်တယ်။ အဲဒီအပြင်ကို တပ်ကတရားစွဲလာခဲ့ရင်လည်း တပ်ရဲ့ တရားစွဲဆိုမှုတွေအပေါ်မှာ ဟန့်တားပြောဆိုသင့်တယ်လို့ ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆို မပြေးသော်လည်း ကန်ရာရှိ၊ တပ်က စွဲတာကို နှုတ်ဆိတ်နေခြင်းဟာ တပ်နဲ့ အလိုတူအလိုပါပဲ။ တရားစွဲ ဆိုမှုအားပေးတဲ့ သဘောဖြစ်နေတယ်။ ပြောချင်တာက တပ်ကတ ရားစွဲဆိုတဲ့ လွတ်လပ်စွာပြောရေး ဆိုခွင့်ကို ချိုးဖောက်တဲ့ ဒေါင်းတို့မျိုး ဆက်ပဲဖြစ်ဖြစ်၊ မင်းထင်ကိုကိုကြီး ပဲဖြစ်ဖြစ် သူတို့ အမှုကိစ္စရပ်တွေမှာ ဒါတွေဟာ မစွဲသင့်ဘူး။ စွဲရမှာ မဟုတ်ဘူးဆိုတာမျိုး တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ပြောသင့်တယ် လို့ ကျွန်တော်တို့က မြင်တယ်။ အဲဒီ လိုသာ မရပ်တည်ဘူးဆိုရင် တရားစွဲ ဆိုမှုတွေက ရှေ့ လျှောက်ဆက်တိုက် ပိုဖြစ်ဖို့ပဲရှိတယ်။ အဲဒါက အရပ်သားအစိုးရမှာလည်း တာဝန်ရှိတယ် ဆိုတာမျိုး ကျွန်တော်တို့က မြင်တယ်။ အဲဒီအတွက် သူ့အနေနဲ့ ရှေ့ကနေ ရပ်တည်ကာကွယ်ပေးတယ် ဆိုတာမျိုး၊ သူကိုယ်တိုင်လည်း မစွဲဘူးဆိုတာမျိုး လုပ်သင့်တယ်။ ဒါအရင်ဆုံးမှာ အစိုးရက စလုပ်ရမယ်လို့ မြင်တယ်” ဟု မောင်ဆောင်းခက ဆိုသည်။
ဦးသိန်းစိန်အစိုးရ လက်ထက်က ဖော်ဆောင်ခဲ့သည့် ပြည်သူများ၏ သတင်းအချက်အလက် သိရှိပိုင်ခွင့်အတွက် Right to Information Law ရေးဆွဲပြဋ္ဌာန်းရမည်ဆိုသည့် Open Government Partnership သည် အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု ချပြရမည်ဆိုသည့်အချက်နှင့် NLD အစိုးရလက်ထက်တွင် ရပ်ဆိုင်းသွားခဲ့သည်။ ထိုနည်းတူ ပြည်သူများ၏ လွတ်လပ်စွာ ပြောရေးဆိုခွင့်နှင့် လွတ်လပ်စွာ သတင်းသိရှိခွင့်အပေါ် အာမခံချက်တစ်ခု ပေးနိုင်မည့် Right to Information Law သည်လည်း သူရဦးရွှေမန်း၏ ကော်မရှင်နှင့်အတူ ပျောက်ရှသွားသည့် အခြေအနေသို့ ဆိုက်ရောက်နေသကဲ့သို့ ရေးဆွဲနေသည့် အမျိုးသား မှတ်တမ်းနှင့် မော်ကွန်းဥပဒေကြမ်း၊ Cyber Law များသည် ပြည်သူများ၏ လွတ်လပ်စွာ ပြောရေးဆိုခွင့်နှင့် သတင်းသိရှိပိုင်ခွင့်ကို ထိန်းချုပ်သည့် ဥပဒေများ ဖြစ်လာရန် တာစူနေသည့် အခြေအနေသို့ တစ်ဖန်ဖြစ်လာနေပြီး အဆိုပါ ဥပဒေများကို ရေးဆွဲရာတွင် ပြည်သူများ၏ အကြံပြုချက်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး၏ ပါဝင်ဆွေးနွေးမှုများ၊ မြန်မာ့လူနေမှုစရိုက်နှင့် ကိုက်ညီသည့် ဥပဒေအဖြစ် အချက်အလက်စုံ၊ ရှုထောင့်စုံမှ လေ့လာရေးဆွဲကာ ပုံစံပြောင်း၍ ပြည်သူများသာ တရားစွဲခံနေရသော ဥပဒေများ ဖြစ်မလာစေရန် အရေးတကြီး လိုအပ်နေသည်။
အနှစ်ချုပ်အားဖြင့်ဆိုသော် ပြည်သူများအားလုံး အချိန်မရွေး တရားစွဲခံနိုင်ရသည့် အသရေဖျက်မှုနှင့် ဆက်နွှယ်နေကာ ပြည်သူများ၏ လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို ချိုးဖောက်နေသည့်အပြင် မဟုတ်မမှန်သူများက လက်ဦးမှုရယူ အမှုဖွင့်နိုင်သည့် ပုဒ်မများအဖြစ် အသွင်ပြောင်းလာသည့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)၊ ၆၈ (က)၊ ၇၇၊ ၇၈၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေပုဒ်မ ၈ (စ)၊ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)၊ ၅၀၅ (က)နှင့် ၅၀၅ (ခ) များကို ဖျက်သိမ်းကာ Right to Infromation Law အမြန်ဆုံး ပြဋ္ဌာန်း၍ အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေကြမ်း၊ Cyber Law ဥပဒေကြမ်းများတွင် လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို ထိပါးစေမည့် ပုဒ်မများ မပါဝင်စေရန် အရေးကြီးနေသည့် အခြေအနေ ရောက်နေသည်။ ထိုသို့ဖျက်သိမ်းရမည့် ဥပဒေများအပြင် အသရေဖျက်မှု ဥပဒေများ၊ ပုဒ်မများအားလုံးကို ရာဇဝတ်မှုဆိုင်ရာ ဥပဒေအဖြစ်မှ တရားမှုဆိုင်ရာ ဥပဒေများအဖြစ် ပြင်ဆင်ပြဋ္ဌာန်းခြင်း၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေကို အမြန်ဆုံးပြင်ဆင်ခြင်းနှင့် အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေကို ဖျက်သိမ်းခြင်း စသည့်လုပ်ဆောင်မှုများဖြင့် ပြည်သူများ၏ လွတ်လပ်စွာ ပြောရေးဆိုခွင့်နှင့် သတင်းသိရှိခွင့်အပေါ် အာမခံပေးမှသာ ပြည်သူတိုင်း အချိန်မရွေး တရားစွဲဆိုခံနိုင်ရသည့် အခြေအနေမှ လွတ်မြောက်နိုင်မည် ဖြစ်သည်။
သို့သော် လက်ရှိအစိုးရ လက်ထက်တွင်မတော့ ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းသိရှိပိုင်ခွင့်များသည် ပြန်လည်ရရှိရန် ပြင်ဆင်ရန် ခက်ခဲသည့် အခြေအနေ၊ ပြင်ဆင်လိုမှု ရှိ မရှိ မေးခွန်းထုတ်ရမည့် အခြေအနေဟု သုံးသပ်ရမည်ဖြစ်သည်။
“NLD အစိုးရလက်ထက်မှာ လွတ်လပ်စွာပြောရေးဆိုခွင့်ကို ဦးစားပေးတဲ့ဥပဒေ ပြုပြင်ပြောင်းလဲမှုတွေ တစ်ခုမှ ပြုလုပ်ခဲ့တာ မတွေ့ရဘူး။ ပိုဆိုးတာက လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို ပိုဆိုးစေတဲ့ နိုင်လွတ်လုံလို ဥပဒေတွေပါ ပြဌာန်းခဲ့တာပဲ” ဟု လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ အသံ၏ ဒါရိုက်တာ မောင်ဆောင်းခက ပြောကြားသည်။










