ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် ၂၁ သန်းသော လူသားများသည် အဓမ္မခိုင်းစေခံနေရသည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က ခန့်မှန်းထားသည်။
ကုလသမဂ္ဂ ူးမယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာရုံး (UNODC) ၏ ၂၀၁၆ ခုနှစ် ထုတ်ပြန်ချက်တွင် ကမ္ဘာအနှံ့အပြား ဖြစ်ပွားသည့် လူကုန်ကူးမှုများမှ နှစ်စဉ် အမေရိကန်ဒေါ်လာဘီလျံ ၁၅၀ အမြတ်အစွန်း ရရှိနေသည်ဟု ပါရှိသည်။
လူကုန်ကူးမှုပုံစံများအနေဖြင့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု ၅၄ ရာခိုင်နှုန်း၊ အဓမ္မခိုင်းစေမှု ၃၈ ရာခိုင်နှုန်း၊ အခြားပုံစံ ရှစ်ရာခိုင်နှုန်း ပါဝင်သည်ကို ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် လူကုန်ကူးခံရသူများတွင် အမျိုးသမီး ၅၁ ရာခိုင်နှုန်း၊ ကလေးသူငယ် (အမျိုးသမီး) ရာခိုင်နှုန်း ၂၀၊ ကလေးသူငယ် (အမျိုးသား) ရှစ်ရာခိုင်နှုန်းနှင့် အမျိုးသား၂၁ ရာခိုင်နှုန်း လူကုန်ကူးခံနေရသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။
၂၀၁၈ ခုနှစ် ဇူလိုင် ၁၉ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၆၇ နိုင်ငံအပေါ် သုံးသပ်ထားသော ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် လူကုန်ကူးမှုဖြစ်ပွားမှုတွင် နံပါတ် ၁၈ နေရာ၌ ရှိနေသည်။
မြန်မာနိုင်ငံ လူဦးရေ ၅၂ သန်းကျော်၏ ၁၀ ရာခိုင်နှုန်းနှင့် ညီမျှသည့် လူဦးရေ ၅၇၅၀၀၀ ခန့်သည် ခေတ်သစ် ကျေးကျွန်စနစ်အောက်တွင် နေထိုင်နေရကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
အစီရင်ခံစာက သတ်မှတ်သည့် ခေတ်သစ် ကျေးကျွန်စာရင်းထဲတွင် သမားရိုးကျ ကျွန်ပြုခိုင်းစေခြင်းအပြင် လူမှောင်ခိုကူးမှု၊ အဓမ္မခိုင်းစေမှု၊ ငွေဝယ်ကျွန်၊ အဓမ္မ ထိမ်းမြားလက်ထပ်ပေးခြင်း၊ အရွယ်မရောက်သူများကို ခိုင်းစားခြင်း၊ ရောင်းစားခြင်းတို့ ပါဝင်သည်။
မြန်မာနိုင်ငံသည် အခြားဖွံ့ဖြိုးဆဲ ကမ္ဘာ့နိုင်ငံများကဲ့သို့ပင် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု၊ ဝင်ငွေနည်းပါးမှု၊ သဘာဝဘေးအန္တရာယ် ကျရောက်မှု၊ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားမှုစသည့် ဘဝရပ်တည်ရန် ခက်ခဲစေသော အကြောင်းရင်းများကြောင့် လူကုန်ကူးမှုများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။
■ မြန်မာနိုင်ငံ လူကုန်ကူးမှုအခြေအနေ
မြန်မာနိုင်ငံ၏ လူကုန်ကူးခံရမှု ဖြစ်စဉ်များကို ကြည့်မည်ဆိုလျှင် အဓမ္မ အလုပ်ခိုင်းစေခြင်း၊ အဓမ္မ ထိမ်းမြားလက်ထပ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်း၊ အဓမ္မ မွေးစားခြင်းနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း စသည့် ပုံစံငါးမျိုးကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး အာဏာရလာသည့် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသက်တမ်း ငါးနှစ်အတွင်း လူကုန်ကူးမှု စုစုပေါင်း ၆၁၂ မှု ဖြစ်ပွားခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် လူကုန်ကူးမှု ၁၃၆ မှု၊ ၂၀၁၂ ခုနှစ်တွင် ၁၂၀၊ ၂၀၁၃ ခုနှစ်တွင် ၁၀၂ မှု၊ ၂၀၁၄ ခုနှစ်တွင် ၁၂၄ မှုနှင့် ၂၀၁၅ ခုနှစ် ၁၃၀ ဖြစ်ပွားခဲ့သည့်အတွက် အမှုစုစုပေါင်း ၆၁၂ မှု ဖြစ်ပွားခဲ့သည်။
လက်ရှိ NLD အစိုးရ သက်တမ်းတွင်မူ ၂၀၁၆ ခုနှစ်တွင် ၁၃၁ မှု၊ ၂၀၁၇ ခုနှစ်တွင် ၂၂၅ မှု၊ ၂၀၁၈ ခုနှစ်တွင် ၂၀၆ မှုနှင့် ၂၀၁၉ ခုနှစ် (ဇန်နဝါရီမှ သြဂုတ်အထိ) ၁၇၆ မှု ဖြစ်ပွားခဲ့သည့်အတွက် အမှုစုစုပေါင်း ၇၃၈ မှု အထိ မြင့်တက်လာသည်။ NLD အစိုးရ သက်တမ်း ငါးနှစ်ပြည့်ရန်မှာ နောက်ထပ်အချိန် တစ်နှစ်ကျော် ကျန်ရှိနေသေးသည့်အတွက် လူကုန်ကူးမှုမှာ ဆက်လက် မြင့်တက်လာဖွယ် ရှိနေသည်။
NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်တွင် လူကုန်ကူးမှု ၁၃၁ မှု ရှိရာတွင် လူကုန်ကူးခံရသူ ၃၀၇ ဦး ရှိခဲ့သည်။ လူကုန်ကူးခံရသူ ၃၀၇ ဦးတွင် လူကြီး ၂၂၆ ဦး၊ လူငယ် ၃၈ ဦး နှင့် ကလေး ၄၂ ဦး ပါဝင်သည်။
၂၀၁၆ ခုနှစ်အတွင်း တိုင်းနှင့် ပြည်နယ်အလိုက် အမှုဖြစ်ပွားမှု အခြေအနေမှာ ရန်ကုန်တွင် ၂၅ မှု၊ မန္တလေးတွင် ကိုးမှု၊ ပဲခူးတွင် တစ်မှု၊ စစ်ကိုင်းတွင် နှစ်မှု၊ တနင်္သာရီတွင် တစ်မှု၊ မကွေးတွင် သုံးမှု၊ ဧရာဝတီတွင် ၁၁ မှု၊ ကရင်တွင် ငါးမှု၊ မွန်တွင် ခုနစ်မှု၊ ရခိုင်တွင် ရှစ်မှု၊ ကချင်တွင် ၁၂ မှုနှင့် ရှမ်းတွင် ၄၇ မှုတို့ ဖြစ်သည်။
မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ထားသော စာရင်းများအရ ၂၀၁၆ ခုနှစ်တွင် ပြည်နယ်နှင့် တိုင်းများအနက် ရှမ်းပြည်နယ်သည် လူကုန်ကူးမှု အများဆုံးဖြစ်ပွားကြောင်း တွေ့ရှိရသည်။ ဒုတိယနေရာတွင် ရန်ကုန်တိုင်းက ရပ်တည်နေပြီး တတိယနေရာတွင် ကချင်ပြည်နယ်က ရပ်တည်နေသည်။ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းမှာ လူကုန်ကူးမှု အနည်းဆုံး ဖြစ်သည်။
မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ်တွင် လူကုန်ကူးမှု ၂၂၅ မှုဖြစ်ပွားခဲ့ပြီး လူဦးရေ ၃၄၇ ဦး လူကုန်ကူးခံခဲ့ရသည်။ အဆို ပါ ၃၄၇ ဦးတွင် အမျိုးသား (လူကြီး) ၆၃ ဦး၊ အမျိုးသမီး (လူကြီး) ၂၄၂ ဦး၊ အမျိုးသား (ကလေး) ၁၁ ဦးနှင့် အမျိုးသမီး (ကလေး) ၄၄ ဦး ပါဝင်သည်။
၂၀၁၈ ခုနှစ်အတွင် တိုင်းနှင့်ပြည်နယ်အလိုက် အမှုဖြစ်ပွားမှု အခြေအနေမှာ ရန်ကုန်တွင် ၅၈ မှု၊ မန္တလေးတွင် ၁၄ မှု၊ ပဲခူးတွင် ၁၁ မှု၊ စစ်ကိုင်းတွင် နှစ်မှု၊ တနင်္သာရီတွင် သုံးမှု၊ မကွေးတွင် ငါးမှု၊ ဧရာဝတီတွင် ၁၈ မှု၊ ကရင်တွင် နှစ်မှု၊ မွန်တွင် လေးမှု၊ ရခိုင်တွင် ကိုးမှု၊ ကချင်တွင် ၃၂ မှု၊ ရှမ်းတွင် ၅၅ မှုနှင့် နေပြည်တော်တွင် ၁၂ မှုတို့ဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် ပြည်နယ်နှင့် တိုင်းများအနက် ရန်ကုန်တိုင်းသည် လူကုန်ကူးမှု အများဆုံး ဖြစ်ပွားကြောင်း တွေ့ရှိရသည်။ ဒုတိယနေရာတွင် ရှမ်းပြည်နယ်၊ တတိယနေရာတွင် ကချင်ပြည်နယ်တို့က အစဉ်လိုက် ရပ်တည်နေသည်။ ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှာ လူကုန်ကူးမှု အနည်းဆုံး ဖြစ်သည်။
မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ်တွင် လူကုန်ကူးမှု ၂၀၆ မှုဖြစ်ပွားခဲ့ပြီး လူဦးရေ ၃၁၇ ဦး လူကုန်ကူး ခံခဲ့ရသည်။ အဆိုပါ ၃၁၇ ဦးတွင် အမျိုးသား(လူကြီး) ၃၈ ဦး၊ အမျိုးသမီး (လူကြီး) ၂၇၉ ဦး၊ အမျိုးသား (ကလေး) နှစ်ဦးနှင့် အမျိုးသမီး (ကလေး) ၂၃ ဦး ပါဝင်သည်။
၂၀၁၈ ခုနှစ်အတွင် တိုင်းနှင့် ပြည်နယ်အလိုက် အမှုဖြစ်ပွားမှု အခြေအနေမှာ ရန်ကုန်တွင် ၅၅ မှု၊ မန္တလေးတွင် ၂၇ မှု၊ ပဲခူးတွင် ၁၀ မှု၊ စစ်ကိုင်းတွင် သုံးမှု၊ တနင်္သာရီတွင် တစ်မှု၊ မကွေးတွင် နှစ်မှု၊ ဧရာဝတီတွင် ၁၅ မှု၊ ကရင်တွင် တစ်မှု၊ မွန်တွင် သုံးမှု၊ ရခိုင်တွင် ခြောက်မှု၊ ကချင်တွင် ၂၄ မှု၊ ရှမ်းတွင် ၅၄ မှု နှင့် နေပြည်တော်တွင် ငါးမှုတို့ ဖြစ်သည်။
၂၀၁၈ ခုနှစ်တွင် ပြည်နယ်နှင့် တိုင်းများအနက် ရန်ကုန်တိုင်းသည် လူကုန်ကူးမှု အများဆုံး ဖြစ်ပွားကြောင်း တွေ့ရှိရသည်။ ဒုတိယနေရာတွင် ရှမ်းပြည်နယ်၊ တတိယနေရာတွင် မန္တလေးတိုင်းနှင့် စတုတ္ထနေရာတွင် ကချင်ပြည်နယ်တို့က အစဉ်လိုက် ရပ်တည်နေသည်။ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းမှာ လူကုန်ကူးမှု အနည်းဆုံး ဖြစ်သည်။
၂၀၁၈ ခုနှစ်အတွင်း လူကုန်ကူးမှု ဖြစ်ပွားခဲ့သည့် ကိန်းဂဏန်းများအရ အဓမ္မထိမ်းမြား လက်ထပ်မှု ၇၅ ဒသမ ၂၄ ရာခိုင်နှုန်း၊ အဓမ္မ ပြည့်တန်ဆာပြုမှု ၁၃ ဒသမ ၅၉ ရာခိုင်နှုန်း၊ အဓမ္မ အလုပ်ခိုင်းစေမှု ၈ ဒသမ ၇၄ ရာခိုင်နှုန်း၊ အငှားကိုယ်ဝန်ဆောင်မှု ၁ ဒသမ ၉၄ ရာခိုင်နှုန်း၊ အဓမ္မမွေးစားမှု ၀ ဒသမ ၄၉ ရာခိုင်နှုန်း ဖြစ်ပွားခဲ့သည်။
■ အိမ်နီးချင်းအန္တရာယ်
မြန်မာနိုင်ငံ၏ လူကုန်ကူးမှု ပြဿနာများကို ကြည့်မည်ဆိုပါက အိမ်နီးချင်းနိုင်ငံများ အပါအဝင် ဒေသတွင်း နိုင်ငံအချို့၏ စျေးကွက် လိုအပ်ချက်များနှင့် ချိတ်ဆက် ဖြစ်ပွားလျက်ရှိသည်ကို လေ့လာတွေ့ရှိရသည်။
မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ်တွင် တရုတ်၊ ထိုင်း၊ မလေးရှားနှင့် ပြည်တွင်း၌ လူကုန်ကူးမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
လူကုန်ကူးခံရမှု အမျိုးအစားများမှာ အဓမ္မ ထိမ်းမြားလက်ထပ်ခြင်း၊ လုပ်အားခ ခေါင်းပုံဖြတ်ခြင်းနှင့် ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်းတို့ ဖြစ်သည်။ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသည့်အနက် အဓမ္မ ထိမ်းမြားလက်ထပ်ခြင်းက ၁၅၂ မှု၊ လုပ်အားခ ခေါင်းပုံဖြတ်ခြင်းက ကိုးမှုနှင့် ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်းက တစ်မှု ရှိခဲ့သည်။
ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသည့်အနက် လုပ်အားခ ခေါင်းပုံဖြတ်ခြင်းက ရှစ်မှုနှင့် ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်းက ငါးမှု ရှိခဲ့သည်။ မလေးရှားနိုင်ငံသို့ လူကုန်ကူးရာတွင် လုပ်အားခ ခေါင်းပုံဖြတ်မှုက တစ်မှုရှိခဲ့ပြီး ပြည်တွင်း၌ လူကုန်ကူးခံရသည့်အနက် အဓမ္မ ထိမ်းမြားလက်ထပ်ခြင်းက တစ်မှု၊ လုပ်အားခ ခေါင်းပုံဖြတ်ခြင်းက ၁၉ မှုနှင့် ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်းက ၂၈ မှုရှိခဲ့သည်။
မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ်တွင် အိမ်းနီးချင်းနိုင်ငံများသို့ လူကုန်ကူးခံရသည့် ဖြစ်စဉ်များတွင် တရုတ်နိုင်ငံက ၁၆၂ မှုဖြင့် အများဆုံး ဖြစ်ခဲ့သည်။
၂၀၁၇ ခုနှစ် ကိန်းဂဏန်းများအရ အိမ်နီးချင်းနိုင်ငံများသို့ လူကုန်ကူးခံရမှုများကို ရာခိုင်နှုန်းဖြင့် တွက်မည်ဆိုလျှင် တရုတ်နိုင်ငံ က ၇၄ ဒသမ ၃၄ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံက ၄ ဒသမ ၃၇ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံက ၀ ဒသမ၂၉ ရာခိုင်နှုန်း ဦးတည် ဖြစ်ပွားသည်ကို တွေ့ရပြီး ပြည်တွင်း၌ လူကုန်ကူးမှု ၂၁ ဒသမ ၂၈ ရာခိုင်နှုန်းအထိ ဖြစ်ပွားခဲ့သည်။
ထိုသို့ ဖြစ်ပွားရခြင်းသည် အိမ်နီးချင်းနိုင်ငံများသို့ လူကုန်ကူးခံရခြင်းသည် တရားမဝင် သွားရောက် အလုပ် လုပ်ကိုင်ရာမှတစ်ဆင့် လူကုန်ကူးခံရခြင်းဖြစ်ပြီး အမျိုးသမီးအများစုမှာ အဓမ္မ ထိမ်းမြားလက်ထပ်ရန် လူကုန်ကူး ခံနေရခြင်း ဖြစ်သည်။
ပြည်တွင်း လူကုန်ကူးမှုများတွင်မူ ပြည့်တန်ဆာ ပြုလုပ်မှုနှင့် အဓမ္မ လုပ်အားခေါင်းပုံ ဖြတ်မှုများ အဓိက ဖြစ်ပွားနေကြောင်း ၂၀၁၇ ခုနှစ် လူကုန်ကူးမှု ကိန်းဂဏန်းများက ဆိုသည်။
မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ်တွင် တရုတ်၊ ထိုင်းနှင့် ပြည်တွင်း၌ လူကုန်ကူးမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
လူကုန်ကူးခံရမှု အမျိုးအစားများမှာ ၂၀၁၇ ခုနှစ်က အဓမ္မ ထိမ်းမြားလက်ထပ်ခြင်း၊ လုပ်အားခ ခေါင်းပုံဖြတ်ခြင်းနှင့် ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်းတို့သာ ရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် ယင်းအမျိုးအစားများအပြင် အဓမ္မ မွေးစားခြင်းနှင့် အငှားကိုယ်ဝန် ဆောင်ခိုင်းခြင်း စသည့်အချက်များက တိုးလာသည်။ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသည့်အနက် အဓမ္မထိမ်းမြား လက်ထပ်ခြင်းက ၁၅၂ မှု၊ လုပ်အားခ ခေါင်းပုံဖြတ်ခြင်းက ခြောက်မှု၊ ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်းက တစ်မှု၊ အဓမ္မမွေးစားခြင်းက တစ်မှုနှင့် အငှား ကိုယ်ဝန်ဆောင်ခိုင်းခြင်းက လေးမှု ရှိခဲ့သည်။
ထိုင်းနိုင်ငံသို့ လူကုန်ကူးရာတွင် လုပ်အားခ ခေါင်းပုံဖြတ်မှုက တစ်မှုရှိခဲ့ပြီး ပြည်တွင်း၌ လူကုန်ကူးခံရသည့်အနက် အဓမ္မ ထိမ်းမြားလက်ထပ်ခြင်းက သုံးမှု၊ လုပ်အားခ ခေါင်းပုံဖြတ်ခြင်းက ကိုးမှုနှင့် ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်းက ၂၇ မှု ရှိခဲ့သည်။
မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ်တွင်လည်း အိမ်နီးချင်း နိုင်ငံများသို့ လူကုန်ကူးခံရသည့် ဖြစ်စဉ်များတွင် တရုတ်နိုင်ငံက ၁၆၄ မှုဖြင့် အများဆုံး ဖြစ်ခဲ့သည်။
၂၀၁၈ ခုနှစ် ကိန်းဂဏန်းများအရ အိမ်နီးချင်းနိုင်ငံများသို့ လူကုန်ကူးခံမှုများကို ရာခိုင်နှုန်းဖြင့် တွက်မည်ဆိုလျှင် တရုတ်နိုင်ငံက ၇၉ ဒသမ ၆၁ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံက ၁ ဒသမ ၄၆ ရာခိုင်နှုန်း ဦးတည် ဖြစ်ပွားသည်ကို တွေ့ရပြီး ပြည်တွင်း၌ လူကုန်ကူးမှု ၁၈ ဒသမ ၉၃ ရာခိုင်နှုန်း ဖြစ်ပွားခဲ့သည်။
စစ်မက်ဖြစ်ပွားမှုများသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေသည့်အပြင် စားဝတ်နေရေး ကျပ်တည်းမှုကြောင့် အနယ်နယ်အရပ်ရပ်ကို ရွှေ့ပြောင်း လုပ်ကိုင်နေရသူများသည် လူကုန်ကူးမှု၏ အန္တရာယ်ကို ရင်ဆိုင်နေကြရခြင်း . . .
■ အစိုးရဆောင်ရွက်ချက်
မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေးကို ၁၉၉၇ ခုနှစ် ကတည်းက အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ တိုက်ဖျက်လျက် ရှိသည်။
၁၉၉၇ ခုနှစ်က စတင်ခဲ့သည့် လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းသည် လက်ရှိအချိန်တွင် နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီး ယင်းကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို ပြဋ္ဌာန်းနိုင်ခြင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းနိုင်ခြင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဖွဲ့စည်းနိုင်ခြင်း၊ ကုလသမဂ္ဂနှင့် အာဆီယံဆိုင်ရာ လူကုန်ကူးမှု တိုက်ဖျက်ရေး စာချုပ်စာတမ်းများတွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ခြင်းနှင့် နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာများကို လက်မှတ် ရေးထိုးနိုင်ခဲ့သည်။
လူကုန်ကူးမှုများကို တိုက်ဖျက်နိုင်ရန်အတွက် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပြဋ္ဌာန်းခြင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည့်အပြင် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ငါးနှစ်စီမံကိန်းများ ရေးဆွဲပြီး ကဏ္ဍပေါင်းစုံမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
အစိုးရအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ငါးနှစ် စီမံကိန်းများ ရေးဆွဲပြီး ကဏ္ဍပေါင်းစုံ ပါဝင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် ငါးနှစ် စီမံကိန်းများဖြင့် ဆောင်ရွက်ရာတွင် ၂၀၁၇ ခုနှစ် မှ ၂၀၂၁ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်မည့် တတိယငါးနှစ် စီမံကိန်း (၂၀၁၇-၂၀၂၁) ကို အတည်ပြုခဲ့ပြီး ဖြစ်သည်။
အဆိုပါ တတိယ ငါးနှစ် စီမံကိန်းကို မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆိုရေး၊ ကာကွယ်စောင့်ရှောက်ရေးဆိုသည့် ကဏ္ဍလေးရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တတိယ ငါးနှစ်ဖြစ်သည့် ၂၀၁၇- ၂၀၂၁ စီမံကိန်း ကာလအတွင်း ၂၀၀၅ ခုနှစ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲ၍ အတည်ပြုနိုင်ရန် ဆောင်ရွက်လျက် ရှိသည်။
ထို့ပြင် လူကုန်ကူး ခံရသူများအား တိုက်ရိုက် အကူအညီပေးခြင်းနှင့် လွှဲပြောင်းညွှန်းပို့ခြင်းဆိုင်ရာ နိုင်ငံအဆင့် ယန္တရားတစ်ရပ် (National Refferal Mechanism) ရေးဆွဲ ရန်၊ လူကုန်ကူး ခံရသူများ ပြန်လည် လက်ခံရန်၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ နိုင်ငံအဆင့်စံ လုပ်ငန်းအစီအစဉ် (National Standard Operating Procedure) ရေးဆွဲရန်၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်၊ လုံခြုံစိတ်ချရသည့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အသိပညာပေးရန်၊ ပြစ်မှုတရားစီရင်ရေး လုပ်ငန်းစဉ် (Criminal Justice Syatem) ပိုမို ထိရောက်စေရန်၊ လူကုန်ကူးခံရသူ ခွဲခြား သတ်မှတ်ခြင်းဆိုင်ရာ နိုင်ငံအဆင့် စံနှုန်းများ ရေးဆွဲရန်၊ ယာယီ စောင့်ရှောက်ရေးဂေဟာများ တိုးချဲ့ရန်စသည့် အဓိကကျသော ကဏ္ဍများကို အကောင်အထည်ဖော် ဆောင်သွားမည်ဟု အစိုးရက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံဒေသအတွင်း တစ်ခုတည်းသော လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး ကွန်ဗင်းရှင်း (ASEAN Convention Against Trafficking in Persons, Especially Women and Children) ကို အတည်ပြုခဲ့ပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ နှစ်နိုင်ငံ (Standard Operating Procedure) ကို လည်း လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ် နားလည်မှုစာချွန်လွှာများကို ၂၀၀၉ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပြီး လက်ရှိတွင် မြန်မာ-ထိုင်း MoU ကို ပြန်လည် ပြင်ဆင်ရန် ဆောင်ရွက်နေသည်။
ထို့ပြင် မြန်မာ-အိန္ဒိယ MoU လက်မှတ် ရေးထိုးရန် ပြင်ဆင်နေပြီး Bilateral Meeting များအနေဖြင့် တရုတ်နိုင်ငံ၊ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ (RTP) ၊ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) တို့နှင့် အစည်းအဝေးများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဓမ္မ လုပ်အားစေခိုင်းမှု ပပျောက်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အနေဖြင့် (International Labour Organization - ILO) ကို ၁၉၄၈ ခုနှစ် မေ ၁၇ ရက် ကတည်းက အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီး အကောင်အထည် ဖော်ဆောင်လျက်ရှိသည့်အပြင် အဓမ္မ လုပ်အားခိုင်းစေမှုဆိုင်ရာ ကွန်ဗင်းရှင်း အမှတ် (၂၉) အပါအဝင် ILO ကွန်ဗင်းရှင်းပေါင်း ၁၉ ခုတွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။
သို့သော် မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုနှင့် ပတ်သက်လျှင် ပြည်ပ၌ ခိုအောင်းနေသော လူကုန်ကူးသူများကို ဖမ်းဆီးရန် ခက်ခဲခြင်း၊ ပြည်ပနိုင်ငံကို ရောက်နေသော လူကုန်ကူးခံရသူများကို အချိန်မီ ကယ်တင်နိုင်ရန် ခက်ခဲခြင်း၊ နေရပ် ပြန်ရောက်လာသည့် လူကုန်ကူးခံရသူများအတွက် ခိုင်မာသည့် အလုပ်အကိုင် အခွင့်အလမ်းများ တည်ဆောက်ပေးရန် လိုအပ်နေခြင်းစသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။
■ လူကုန်ကူးမှု ကိန်းဂဏန်းများ မြင့်စေသည့် အချက်များ
မြန်မာနိုင်ငံ အနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို ၁၉၉၇ ခုနှစ်ကတည်းက အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ တိုက်ဖျက်ခဲ့သော်လည်း နှစ်ပေါင်း ၂၀ ကျော် ကြာသည်အထိ လျော့နည်းသွားခြင်း မရှိဘဲ လူကုန်ကူးမှုများက ပိုမိုမြင့်လာသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးမှုပြဿနာ ဖြစ်ပွားစေသည့် အဓိကအကြောင်းရင်းများမှာ စီးပွားရေး၊ သဘာဝဘေးအန္တရာယ်နှင့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ စသည့် အခြေအနေများအပြင် ပြည်ပနိုင်ငံ အသီးသီးသို့ တရားဝင်နည်းဖြင့် ဖြစ်စေ၊ တရားမဝင်နည်းဖြင့် ဖြစ်စေ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ရာမှ လူကုန်ကူးခံနေကြခြင်း ဖြစ်သည်။ ယင်းအချက်များကို အစိုးရအဆက်ဆက်က မဖြေရှင်းနိုင်ခဲ့သဖြင့် မြန်မာနိုင်ငံ၏ လူကုန်ကူးခံရမှု ကိန်းဂဏန်းများမှာ မြင့်တက်လာနေခြင်း ဖြစ်သည်။
အစိုးရအနေဖြင့် လူကုန်ကူးမှု ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရာတွင် လူကုန်ကူးမှု ဖြစ်ပွားစေသည့် အခြေခံ အကြောင်းရင်းများကိုလည်း ထိထိရောက်ရောက် ဖြေရှင်းရမည် ဖြစ်သည်။
ကာလရှည်ကြာနေပြီ ဖြစ်သည့် ပြည်တွင်းစစ်မီး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးသည် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အထူးအရေးပါသည့် ကဏ္ဍဖြစ်သည်ကို အငြင်းပွားဖွယ် မရှိပေ။
စစ်မက်ဖြစ်ပွားမှုများသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေသည့်အပြင် စားဝတ်နေရေး ကျပ်တည်းမှုကြောင့် အနယ်နယ်အရပ်ရပ်ကို ရွှေ့ပြောင်း လုပ်ကိုင်နေရသူများသည် လူကုန်ကူးမှု၏ အန္တရာယ်ကို ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။
ထို့ပြင် ပညာကောင်းစွာ မသင်ကြားရမှုသည် လူကုန်ကူးခံရနိုင်ဖွယ် အခြေအနေကို မြင့်တက်စေသည့်အတွက် ပြည်တွင်း ငြိမ်းချမ်းရမှသာလျှင် လူမှုဘဝ တည်ငြိမ်အေးချမ်းပြီး လူကုန်ကူးမှုမှ ကင်းဝေးမည် ဖြစ်သည်။
ထို့ကြောင့် လူကုန်ကူးမှု လျော့ကျစေရေး နှင့် တိုက်ရိုက်သက်ဆိုင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို အစိုးရအနေဖြင့် အလေးထား ဆောင်ရွက်သွားကြရမည်မှာ အဓိက အခန်းကဏ္ဍ ဖြစ်လာသည်။
နောက်ထပ် အရေးကြီးသည့်အချက်မှာ အစိုးရအနေဖြင့် နိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ အလုပ်အကိုင်များ ရရှိရေးနှင့် ထိုက်တန်သည့် လုပ်ခလစာများရရှိရေး စီမံဆောင်ရွက်ပေးရန် လိုအပ်နေသည်။
ထို့ပြင် လူကုန်ကူးမှုများ လျော့ပါးစေရန် နှင့် လူကုန်ကူးမှု အန္တရာယ်တွင်းထဲသို့ နိုင်ငံသားများ မရောက်ရှိရန် လူကုန်ကူးသူများကို ဖော်ထုတ်အရေးယူခြင်း၊ လူကုန်ကူးခံရမည့် အလားအလာ ရှိသူများကို ကြိုတင်ကာကွယ်ပေးခြင်း၊ လူကုန်ကူးခံရသူများကို ပြန်လည် ကယ်တင်ရေးနှင့် ဘဝပြန်လည် ထူထောင် စောင့်ရှောက်ပေးနိုင်ရေး စသည့်အချက်များကို အစိုးရအနေဖြင့် ဖိဖိစီးစီး လုပ်ဆောင်နိုင်မှသာလျှင် မြင့်တက်နေသည့် လူကုန်ကူးမှု ကိန်းဂဏန်းများကို လျှော့ချနိုင်မည် ဖြစ်သည်။
သို့ဆိုလျှင် ယင်းအချက်များကို အစိုးရအနေဖြင့် မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် မိမိ ပတ်ဝန်းကျင်မှ လူကုန်ကူးမည့် သတင်းများ၊ မသင်္ကာဖွယ်ရာ ကိစ္စများကို တွေ့ရှိပါက မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံ အမြန်ဆုံး ဆက်သွယ် အကြောင်းကြား၍ ပူးပေါင်းပါဝင်ပေးရန်မှာလည်း အရေးကြီးလှသည်။ သို့မှသာ ခေတ်သစ် လူသားကျေးကျွန်ဘဝမှ နိုင်ငံသားများ အမှန်တကယ် လွတ်မြောက်နိုင်မည် ဖြစ်သည်။










