ပဋိပက္ခများနှင့် ၀ါဒဖြန့်ချိရေးစစ်ပွဲများကြောင့် အစိပ်စိပ်အမွှာမွှာ ကွဲနေသော နိုင်ငံတစ်နိုင်တွင် လစ်ဗျားနိုင်ငံ၏ ဂျာနယ်လစ်များသည် ရှေ့တန်းစစ်မြေပြင်များနှင့် ဘက်အသီးသီးရှိကြသော ၎င်းတို့၏ အလုပ်ရှင်များအကြားနှင့် အပြန်အလှန် ပစ်ခတ်မှုများအကြား ပိတ်မိနေကြသည်။
လစ်ဗျားနိုင်ငံအရှေ့ပိုင်းမှ သဘောထားတင်းမာသူ ခါလီဖာဟက်ဖ်တာက မြို့ တော် ထရီပိုလီကို ထိုးစစ်တစ်ရပ်ဆင်နွှဲသည့် ဧပြီလအစောပိုင်း၌ စတင်ခဲ့သော တိုက်ပွဲ သည် နဂိုကတည်းက အစိပ်စိပ်အမွှာမွှာ ကွဲ နေနှင့်ပြီးသားဖြစ်သည့် လစ်ဗျားနိုင်ငံ၏ မီဒီယာအခင်းအကျင်း၌ အက်ကြောင်းများကို ပို၍ ကြီးမားစေရုံသာ ဖြစ်စေခဲ့သည်။
တိုက်ပွဲသည် ကုလသမဂ္ဂက အသိအမှတ်ပြုသော အမျိုးသားညီညွတ်ရေးအစိုးရ (GNA) ၏ တပ်များနှင့် လစ်ဗျားအရှေ့ပိုင်း မှ စင်ပြိုင်အစိုးရကို ထောက်ခံသော ဟက်ဖ်တာ၏ တပ်များအကြား ဖြစ်ပွားခြင်း ဖြစ် သည်။
နှစ်ဖက်စလုံးသည် မိမိတို့ကိုယ်ပိုင် သတင်းဌာနများနှင့် တရားဝင် ရုပ်မြင်သံကြား ချန်နယ်များ အသီးသီး ထူထောင်ထားကြ သည်။
လစ်ဗျားနိုင်ငံ၏ ပုဂ္ဂလိကပိုင် မီဒီယာများကလည်း ဘက်အသီးသီးကို ယူကြလျက် တိုက်ပွဲထဲ ဝင်ပါနေပြီး ၎င်းတို့၏ ဂျာနယ်လစ်များအား လက်စားချေခံရနိုင်ခြေ အန္တရာယ်အတွင်း သက်ဆင်းစေလျက်ရှိသည်။
“ပဋိပက္ခကြောင့် လစ်ဗျားက ဂျာနယ်လစ်တွေဟာ သူတို့ရဲ့ ပုံမှန်အလုပ်တွေကို ဆက်ပြီး မလုပ်နိုင်တော့ပါဘူး” ဟု Libyan Center for Freedom of Press ကို ထူထောင်ထားသူ မိုဟာမက်အယ်နာဂျန်း က ပြောကြားခဲ့သည်။
ကာလကြာရှည်စွာ အုပ်စိုးလာခဲ့သည့် ခေါင်းဆောင် မွမ်မာကဒါဖီ ပြုတ်ကျခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက ခြိမ်းခြောက်မှုများ နှင့် တိုက်ခိုက်မှုများသည် ၎င်းပြုတ်ကျပြီးပြီး ချင်း နှစ်များအတွင်း လုပ်ငန်းရှင်များနှင့် နိုင်ငံရေးသမားများက ထူထောင်ထားသည့် ပုဂ္ဂလိက ရုပ်သံကွန်ရက်များစွာတို့အား နောက်ဆုတ်လိုက်ရခြင်းနှင့် ပြည်ပမှသာ ထုတ်လွှင့်ရခြင်းတို့ ဖြစ်စေခဲ့သည်။
သတင်းဌာနအချို့သည်လည်း ယင်းလမ်းကြောင်းအတိုင်း လိုက်ခဲ့ရပြီး နိုင်ငံရေး နှင့်ဆိုင်သော သတင်းအကြောင်းအရာများ ကို ပြည်ပမှသာ ထုတ်လွှင့်ခဲ့ရသည်။
■ မတရားမှုများ
“လစ်ဗျားမီဒီယာတွေ အထူးသဖြင့် ပြည်ပကနေ ထုတ်လွှင့်တဲ့ မီဒီယာတွေဟာ အမုန်းတရားတွေ ပုံကြီးချဲ့ ဖြန့်ချိတာတွေ၊ အကြမ်းဖက်မှုကို လှုံ့ဆော်တာတွေအတွက် အကြီးအကျယ် တာဝန်ရှိပါတယ်” ဟု နာ ဂျန်းက ပြောကြားခဲ့သည်။
“အဲဒီမီဒီယာတွေဟာ လက်တွေ့မြေ ပြင်က မတရားမှုတွေကို အားပေးအား မြှောက်လုပ်နေပြီး အဲဒါတွေက သူတို့ ဂျာ နယ်လစ်တွေအပေါ် သက်ရောက်မှုဖြစ်စေ ပါတယ်” ဟုလည်း နာဂျန်းက ပြောကြားခဲ့ သည်။
နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က တစ်ကမ္ဘာလုံးဆိုင်ရာ စာ နယ်ဇင်းလွတ်လပ်မှုစစ်တမ်းကို မကြာသေး မီက ထုတ်ပြန်ခဲ့ရာတွင် လစ်ဗျားသည် နိုင်ငံ ပေါင်း ၁၈၀ အနက် အဆင့် ၁၆၂ သာ ရရှိခဲ့ သည်။
LCFP က ဧပြီလအစောပိုင်းမှစ၍ ဂျာနယ်လစ်များကို တိုက်ခိုက်မှုပေါင်း ၃၂ ခုကို မှတ်တမ်းတင်ထားခဲ့ရာ ဟက်ဖ်တာက ထိုး စစ်တစ်ရပ် စတင်ပြီးနောက်ပိုင်း ယင်းကဲ့သို့ သော တိုက်ခိုက်မှုများ မြင့်တက်လာကြောင်း ပြနေသည်။
“လစ်ဗျားမီဒီယာတွေဟာ ကြိုတင် မျှော်မှန်းမထားတဲ့ အကျပ်အတည်းတစ်ရပ်နဲ့ ရင်ဆိုင်နေရပါတယ်” ဟု RSF ၏ မြောက် အာဖရိကဌာနအကြီးအကဲ ဆူဟစ်ခါယာတီ က ပြောကြားခဲ့သည်။
ဂျာနယ်လစ်များစွာတို့သည် ၎င်းတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လစ်ဗျားနိုင်ငံ၏ အမျိုးမျိုးကွဲပြားနေသော လက်နက်ကိုင်အဖွဲ့များနှင့် အတူတွဲ၍အလုပ် လုပ်ရန် တွန်းပို့ခံနေရကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ဇူလိုင် ၁၆ ရက်တွင် ဟက်ဖ်တာက ထောက်ခံထားသော အရှေ့ပိုင်းအခြေစိုက် လစ်ဗျားအစိုးရအဖွဲ့သည် ၎င်းတို့အား ရန်လိုသည်ဟု ယူဆသော ရုပ်သံဌာနပေါင်း ၁၁ ခုအား အကြမ်းဖက်မှုကို အညံ့ခံနေသူများဟု စွပ်စွဲလျက် ပိတ်ပင်ခဲ့သည်။
ဟက်ဖ်တာကို လိုလားသော သတင်းဌာနများသည် ဟက်ဖ်တာ၏ မြို့တော်သို့ ထိုးစစ်ဆင်မှုကို သတင်းရယူခြင်းမှနေ၍ ၎င်းတို့၏ ဂျာနယ်လစ်များအား ပိတ်ပင်တား မြစ်ခဲ့သည်။ GNA အစိုးရကမူ ဒါဇင်နှင့်ချီ သော သတင်းထောက်များအား ၎င်းတို့ ဘက်ခြမ်းရှိ စစ်မြေပြင်သို့ သွားရောက်စေခဲ့ သည်။
“စစ်ပွဲစတင်ကတည်းက နိုင်ငံခြား ဂျာနယ်လစ် ၁၅၀ ကျော်ဟာ ဗီဇာရယူခဲ့ကြပါတယ်” ဟု GNA ၏ နိုင်ငံခြားစာနယ်ဇင်းဆိုင်ရာ ဌာနက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍက တရားဝင်မှုကို ကန့်သတ်ထိန်းချုပ်ဖို့ပါပဲ။ ဒါပေမဲ့ ရှေ့တန်းမှာ သူတို့ရဲ့ ကိုယ်ပိုင် လုံခြုံ ရေးအတွက်ကတော့ ဂျာနယ်လစ်တွေမှာပဲ လုံးလုံးလျားလျား တာဝန်ရှိပါတယ်” ဟု အဆိုပါ ဌာန၏ အကြီးအကဲ အဗ္ဗဒယ်ဖာတာ မန်နီက ပြောကြားခဲ့သည်။
■ ခြိမ်းခြောက်အကျပ်ကိုင်ခြင်း
ထရီပိုလီတွင် တိုက်ပွဲစတင်ဖြစ်ပွားကတည်းက အေအက်ဖ်ပီမှ ဓာတ်ပုံဆရာ တစ်ဦးနှင့် ရိုက်တာမှ အခြားတစ်ဦးတို့သည် တိုက်ပွဲသတင်းများ ရယူရင်း ဒဏ်ရာရရှိခဲ့ ကြသည်။
၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ဂျာနယ်လစ် မူဆာအဗ္ဗဒူကာရင် ပြန်ပေးဆွဲခံရကာ သတ်ဖြတ်ခံရခြင်းနှင့် ယခုနှစ် ဇန်နဝါရီတွင် ဓာတ်ပုံဆရာ မိုဟာမက်ဘင်ခါလီဖာ သေဆုံးရခြင်းတို့ ဖြစ်ပွားပြီးနောက် အဆိုပါ ဂျာနယ် လစ်များ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ယခုနှစ် အစပိုင်းကတည်းက လစ်ဗျားရှိ ဂျာနယ်လစ်များနှင့် အခြားမီဒီယာသမား များ ခြိမ်းခြောက်အကျပ်ကိုင်ခံရခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခံရခြင်းတို့ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း သြဂုတ်အနှောင်းပိုင်းက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင် တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တို နီယိုဂူတာရက်က ပြောကြားခဲ့သည်။
“လစ်ဗျားက ကုလသမဂ္ဂမစ်ရှင်ဟာ တရားဥပဒေနဲ့မညီဘဲ သတ်ဖြတ်ခဲ့မှုတစ်မှု နဲ့ တရားမဝင် ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အမှု ၁၀ ခုကျော်ကို ပြန်လည်သုံးသပ်ခဲ့ပါတယ်” ဟု ဂူတာရက်က ပြောကြားခဲ့သည်။
မေလအစောပိုင်းတွင် ဟက်ဖ်တာ ဆန့် ကျင်ရေး ပုဂ္ဂလိကအသံလွှင့်ဌာနတစ်ခုမှ ဂျာနယ်လစ်နှစ်ဦးသည် ထရီပိုလီတောင်ပိုင်း ၌ တိုက်ပွဲသတင်း ရယူစဉ် ဟက်ဖ်တာ၏ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
၎င်းတို့သည် ၂၃ ရက်အကြာ၌ လွတ် မြောက်လာခဲ့သော်လည်း ယင်းသည် ခုံရုံးမှ တရားစွဲမည်ဟု ဖိအားပေးခဲ့ပြီးနောက်ပိုင်းမှသာ ဖြစ်သည်။
၎င်းတို့ကိုယ်တိုင်ကိုလည်းကောင်း၊ ၎င်းတို့ ၏ မိသားစုဝင်များကိုလည်းကောင်း လက်တုံ့ပြန်မည်ကို စိုးရိမ်သောကြောင့် အေအက်ဖ်ပီသတင်းဌာနက မေးမြန်းမှုများကို ဖြေကြားရန် ဖမ်းဆီးခံရသော သို့မဟုတ် နှိပ်စက်စော်ကားခံရသော မည်သည့်ဂျာနယ်လစ်ကမျှ သဘောတူခဲ့ခြင်းမရှိပေ။
ယင်းဂျာနယ်လစ်အများအပြားသည် ဖုန်းနံပါတ်များ ပြောင်းသွားကြပြီး နေရာ ရွှေ့ပြောင်းရုံသာမက အချို့သည် လစ်ဗျား နိုင်ငံအတွင်းမှပင် ထွက်ပြေးသွားခဲ့ကြသည်။
ဂျာနယ်လစ်များကို ကာကွယ်စောင့်ရှောက်ရန် တွန်းအားပေးသည့်အနေဖြင့် LCFP က မိုဘိုင်းဖုန်း App တစ်ခုကို အသုံး ပြုလျက်ရှိသည်။ ယင်း App က သတင်း ထောက်များအား တိုက်ပွဲများကို ဘေးကင်း လုံခြုံသော နည်းလမ်းဖြင့် သတင်းရယူနိုင်ရေးအတွက် အထောက်အကူပြုသည်ဟု ဆိုသည်။










