ဇင်ဘာဘွေမြောက်ပိုင်းရှိ Mount Carmel ခြံ၌ အခြေအနေ အကောင်းဆုံးကာလတွင် ခြံမွေးတိရစ္ဆာန် အကောင် ၅၀၀ အထိ မွေးမြူနိုင်ခဲ့ပြီး သရက်သီးများနှင့် ရှောက်သီးများအား အခြားတိုက် တစ်တိုက်ဖြစ်သော ဥရောပသို့ပင် တင်ပို့နိုင်ခဲ့သည်။
သို့သော် သမ္မတ ရောဘတ်မူဂါဘီ၏ မြေယာပြုပြင်ပြောင်းလဲရေး အစီအစဉ်တွင် ပါဝင်ခဲ့သည့် လူရမ်းကားများက လယ်မြေများအား သိမ်းယူခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ပျော်ရွှင်ငြိမ်းချမ်းဖွယ် ကာလသည် ရုတ်တရက် အဆုံးသတ်သွားခဲ့သည်။ ယင်းနောက် ၁၀ နှစ်အကြာတွင် ထိုခြံထဲ၌ နွား ၁၅ ကောင်ခန့်သာ ကျန်တော့ပြီး တောထနေသောခြံ ဖြစ်သွားခဲ့သည်။
“ဒီကောင်းမွန်တဲ့မြေကြီးကနေ ထုတ်ယူသုံးစွဲမှု မလုပ်ရသေးပါဘူး” ဟု ထိုခြံပိုင်ရှင်ဟောင်းဖြစ်သူ ဘင်ဖရက်က ပြောကြားခဲ့သည်။ ဖရက်သည် မူဂါဘီ၏ မြေယာပြုပြင် ပြောင်းလဲရေး မူဝါဒအရ အဓမ္မနှင်ထုတ်ခံခဲ့ရသည့် လူဖြူလယ်သမား ထောင်ပေါင်းများစွာအနက် တစ်ဦးအပါအဝင်ဖြစ်သည်။
ဇင်ဘာဘွေအား ပေါင်မုန့်ခြင်းအဖြစ်မှ ခြင်းတစ်လုံးသာသာ အဖြစ်သို့ တစ်ခါတည်း ပြောင်းလဲသွားစေခဲ့သည့် ထိုမြေယာပြုပြင် ပြောင်းလဲရေးကို ဖော်ဆောင်ခဲ့သော ဇင်ဘာဘွေထူထောင်သူ မူဂါဘီသည် ပြီးခဲ့သော သီတင်းပတ်က စင်ကာပူ၌ အသက် ၉၅ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ် သည်။
၂၀၁၇ ခုနှစ်တွင် စစ်ဘက်မဟာမိတ်ဟောင်းများ၏ ရာထူးမှ ဖြုတ်ချမှုကြောင့် မူဂါဘီ၏ ၃၇ နှစ်ကြာ အုပ်စိုးမှု နိဂုံးချုပ်သွားခဲ့သည်။ မူဂါဘီလက်ထက်တွင် နိုင်ငံရေးဆိုင်ရာ ဖိနှိပ်မှုနှင့် စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု လွဲချော်မှုများဖြင့် ထူပြောခဲ့ပြီး ၎င်း၏အမွေနှင့် ပတ်သက်၍ နိုင်ငံထဲ၌ သဘောထားကွဲလွဲမှုကို ချန်ရစ်ထားခဲ့သည်။
“ကျွန်တော်တို့ရှိတုန်းက သစ်သီးခြံပါပဲ။ အခုတော့ တောတစ်ခုလို ဖြစ်သွားပြီ” ဟု ဖရက်ထံတွင် အလုပ်လုပ်ခဲ့သည့် လူမည်းတစ်ဦးဖြစ်သည့် ဆီနော့စ်လာအူဇီက ပြောကြားခဲ့သည်။ မူဂါဘီ သေဆုံးခဲ့သည်ဟု ကြားရချိန်တွင် အလွန်အမင်း ပျော်ရွှင်ခဲ့ကြောင်း ၎င်းက ၂၀၀၉ ခုနှစ်ဖြစ်စဉ်တွင် ရရှိခဲ့သော အမာရွတ်များကို ပြသလျက် ပြောကြားခဲ့သည်။ မူဂါဘီက မိမိတို့၏ ရှင်သန်မှုအားလုံးကို လုယူသွားခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ဟက်တာ ၁၂၀၀ (ဧက ၃၀၀၀) ရှိသော Mount Carmel သည် နိုင်ငံမြောက်ပိုင်း ချီဂူတူမြို့အနီး တောရိုင်းမြေပေါ်တွင် တည်ရှိသည်။ ထိုခြံထဲရှိ ပစ္စည်းထားသည့်ရုံတစ်ရုံထဲတွင် ထွန်စက်ပျက်နှစ်စင်း ရှိနေပြီး အပြင်ဘက်တွင် ကျည်ဆန်ပေါက်များ ပြည့်နေသည့် ပစ်ကပ်ထရပ်ကားတစ်စင်း ရှိနေသည်။
အုတ်ကျိုးအုတ်ပဲ့များနှင့် ရေမရှိသော ရေကူးကန်တို့သည် မီးရှို့ခံခဲ့ရသည့် ဖရက်၏ အကောင်းစားခြံထဲမှ ကျန်ရှိသော အရာများဖြစ်သည်။ လူအုပ်ကြီးက မိမိတို့၏ခြံအား အကြိမ်ကြိမ် တိုက်ခိုက်ခဲ့မှုကြောင့် မိမိတို့မိသားစု ခံစားခဲ့ရသည့် ခြောက်လကြာ ငရဲခန်းကို အသက် ၅၀ ရှိပြီဖြစ်သော ဖရက်က ပြန်ပြောင်း ပြောကြားခဲ့သည်။
မူဂါဘီ၏ နောက်လိုက်များက ခြံရှေ့တံခါးအား ကန်ဖွင့်ပြီး အထဲသို့ မီးလောင်နေသော တာယာများ ဆွဲသွင်းလာခဲ့ကြောင်း ဖရက်က ယခုအခါ မြို့တော်ဟာရာရီတွင် ၎င်းပိုင်ဆိုင်သည့် စိမ်းလန်းသော ဥယျာဉ်များရှိသည့် နေအိမ်၌ ပြောကြားခဲ့သည်။ ထိုနောက်လိုက်များသည် နေအိမ်အပြင်ဘက်၌ စည်ပိုင်းများအားတီးလျက် ကလေးများအား ခြိမ်းခြောက်ခဲ့ကြောင်းလည်း ဖရက်က ပြောကြားခဲ့သည်။
လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကပ်ဘေး
ဖရက်၏ အလုပ်သမားများသည်လည်း သံတုတ်များဖြင့် ရိုက်နှက်ခံခဲ့ရပြီး ၎င်း၏ယောက္ခမများသည်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ဖရက်တို့ မိသားစုက ခရစ်ယာန်ဘုရားကျောင်းမှ ပြန်လာစဉ် ၎င်းတို့၏နေအိမ် မီးလောင်နေမှုကို မြင်တွေ့ခဲ့ရသည့် ၂၀၀၉ ခုနှစ် သြဂုတ် ၃၀ ရက်တွင် ထိုအကြမ်းဖက်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
ဗြိတိန် ကိုလိုနီအုပ်ချုပ်မှုကာလအတွင်း လူဖြူများအား ပေးထားသည့် မြေများအား ပြန်လည်ခွဲဝေပေးရန် မူဂါဘီ၏ မြေယာပြုပြင်ပြောင်းလဲရေးကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ၌ မူဂါဘီအနိုင်ရခဲ့ပြီး ဗြိတိန်တို့၏ အုပ်စိုးမှု အဆုံးသတ်သွားခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က ဇင်ဘာဘွေ၏ အကောင်းဆုံးသောမြေ ၁၈ ရာခိုင်နှုန်းကို လူဦးရေ၏ တစ်ရာခိုင်နှုန်းအောက်သာ ရှိသော လူဖြူများက ပိုင်ဆိုင်ထားကြသည်။ သို့သော် လူဖြူလယ်သမားများအား အဓမ္မနှင်ထုတ်ခြင်းနှင့် လယ်ယာစိုက်ပျိုးရေးတွင် ကျွမ်းကျင်မှု၊ အရင်းအနှီး သို့မဟုတ် အတွေ့အကြုံ အားနည်းကြသူများဖြင့် အစားထိုးခဲ့ခြင်းကြောင့် ကုန်ထုတ်လုပ်မှုနှင့် ဇင်ဘာဘွေစီးပွားရေးကို အထိနာစေခဲ့သည်။
ဖရက်က “ကျွန်တော်တို့မှာ ကမ္ဘာမှာ အကောင်းဆုံးဆိုတဲ့ ရာသီဥတုရှိတယ်။ ကျွန်တော်တို့တစ်တွေက ပြည်သူတွေကို ကျွေးနိုင်ဖို့ မစွမ်းနိုင်တော့ဘူး” ဟု ပြောကြားခဲ့သည်။
ဇင်ဘာဘွေပြည်သူအားလုံး၏ သုံးပုံတစ်ပုံသည် စားနပ်ရိက္ခာ အကူအညီကို မှီခိုနေရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။
မြေယာပြုပြင်ပြောင်းလဲမှု မူဝါဒအရ လယ်မြေရာပေါင်းများစွာသည် မူဂါဘီ၏ မဟာမိတ်များနှင့် အရည်အချင်း မပြည့်မီသော၊ ကိရိယာ တန်ဆာပလာ အားနည်းသော လယ်သမားများ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။
Mount Carmel ကိုလည်း ဇင်ဘာဘွေ အမျိုးသားရေးဝါဒီနှင့် အာဏာရပါတီ ZANU-PF ထောက်ခံသူဖြစ်သော နာသန်ရှာမူယာရီရာက ရရှိခဲ့သည်။
ထိုခြံထဲတွင် အလုပ်သမား ၁၅၀ ရှိရာမှ ၁၀ ပုံတစ်ပုံအောက်သို့ ကျဆင်းသွားခဲ့ကြောင်း Mount Carmel ၏ အသစ်ခန့်အပ်ခံရသော မန်နေဂျာ ဆိုင်မွန်ရှီမာက ပြောကြားခဲ့သည်။ မိမိတို့ လူမည်းများတွင် ထွန်ယက်စရာမြေ မရှိကြောင်း၊ မူဂါဘီက မိမိတို့ကို ထွန်ယက်စိုက်ပျိုးရန် အခွင့်အရေးပေးခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် ၎င်းအား ကျေးဇူးတင်သည့်အနေဖြင့် မူဂါဘီ၏ စျာပနာသို့ တက်ရောက်ရန် မြို့တော်သို့ သွားရောက်မည် ဖြစ်ကြောင်း ရှီမာက ပြောကြားခဲ့သည်။
စက်ကိရိယာများ ကျိုးပျက်နေသော်လည်း ထိုခြံအား လာမည့်နှစ်လအတွင်း ပြန်လည်လည်ပတ်နိုင်မည်ဟု ယုံကြည်ကြောင်း ရှီမာက ပြောကြားခဲ့သည်။
ပန်းငရုတ်မှုန့်၊ ပဲပင်နှင့် ပြောင်းပင်များအား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ သရက်သီးများကိုလည်း တင်ပို့သွားမည် ဖြစ်ကြောင်း၊ အနည်းငယ်မှစတင်၍ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ခိုးယူခံခဲ့ရသော ပညာရေး
ZANU-PF ပါတီက မူဂါဘီ၏ မြေယာပြုပြင်ပြောင်းလဲမှုတွင် မအောင်မြင်မှုအချို့ရှိကြောင်း ဝန်ခံခဲ့သော်လည်း အကျိုးဖြစ်ထွန်းမှုများသည် ရောက်လာဦးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ သိမ်းယူခဲ့သောမြေအားလုံး၏ ရာခိုင်နှုန်း ၃၀ ခန့်သည် အသုံးမပြုရသေးဘဲ မိမိတို့သည် လမ်းကြောင်းမှန်ပေါ် ရှိနေကြောင်း ချီဂူတူမြို့၏ ZANU-PF ပါတီကိုယ်စားလှယ် တာတန်ဒါဂွင်ဂျီက ပြောကြားခဲ့သည်။
ဖရက်၏ အလုပ်သမားဟောင်းများသည် ပြီးခဲ့သော ဆယ်စုနှစ်တွင် အလုပ်လက်မဲ့ ဖြစ်ခဲ့ကြသည်။ အသက် ၆၂ နှစ်ရှိပြီဖြစ်သော ပီတာအာဆန်က “ကျုပ်တို့ရဲ့ ဘဝတွေ အဆင်ပြေခဲ့ကြတယ်။ အခုတော့ ဘာမှမရှိတော့ဘူး။ စားစရာတောင် မရှိတော့ဘူး” ဟု ပြောကြားခဲ့သည်။
လူဖြူလယ်သမားများ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် မိမိတို့ ကလေးများအတွက် ကျောင်းစရိတ် မပေးနိုင်သောကြောင့် ကျောင်းသို့ မသွားနိုင်တော့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ မူဂါဘီသည် ကလေးများ၏ ပညာရေးကို ခိုးယူခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ လူမည်း လယ်သမား လာအူဇီက မြေယာပြု ပြင်ပြောင်းလဲမှုများသည် ရည်မှန်းချက် မပြည့်မီခဲ့ကြောင်း ပြောကြားခဲ့သည်။














