ဂရိတွေးခေါ်ရှင် အရစ္စတိုတယ်က “ဆင်းရဲမွဲတေမှုသည် ရာဇဝတ်မှု၏ မိဘ”ဟု ဆိုခဲ့သည်။ ဆင်းရဲမွဲတေမှုနှင့် ရာဇဝတ်မှု ဆက်နွှယ်နေသည်က အမှန်ပင်။ ဝင်ငွေမရှိခြင်း သို့မဟုတ် နည်းပါးခြင်းသည် တစ်စုံတစ်ဦးအား မကောင်းမှုဒုစရိုက်များဆီသို့ တွန်းပို့နိုင်သည်ဆိုခြင်းမှာ ယုတ္တိရှိသည့် သဘောတရားတစ်ရပ်ပင်ဖြစ်သည်။ သို့သော် ဗြိတိန်နိုင်ငံထုတ် Psychiatry ဂျာနယ်တွင် ဖော်ပြခဲ့သည့် စတော့ဟုမ်းမြို့ ကာရိုလင်စကာတက္ကသိုလ် မှ အေမာဆာရီယာဆလန် ဦးဆောင်ပြုလုပ်ခဲ့သော သုတေသနတစ်ရပ်က ရာဇဝတ်မှုများ ဖြစ်ပွားရသည့် ကွင်းဆက်များနှင့်ပတ်သက်၍ သံသယရှိမှုကို ဖော်ထုတ်ခဲ့သည်။ စကင်ဒီနေးဗီးယန်းဒေသ အစိုးရများက ၎င်းတို့၏ နိုင်ငံသားများနှင့် ပတ်သက်၍ စုဆောင်းထားသော များပြားလှသည့် ပုဂ္ဂိုလ်ရေးအချက်အလက်များကို အသုံးပြုလျက် ဆာရီယာဆ လန်နှင့် သူ၏အဖွဲ့သည် ဆွီဒင်နိုင်ငံ၌ ၁၉၈၉ ခုနှစ်နှင့် ၁၉၉၃ ခုနှစ်အကြား မွေးဖွားလာ သည့် ကလေးငါးသိန်းကျော်ကို လေ့လာနိုင်ခဲ့သည်။ ထိုသူတို့၏ ပညာရေးရရှိခဲ့မှု၊ နှစ်စဉ် မိသားစုဝင်ငွေနှင့် ပြစ်မှုကျူးလွန်မှုများနှင့်ပတ်သက်၍ စုဆောင်းထားသော အချက်အလက်များကို လေ့လာခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့သည် သက်ဆိုင်သူတိုင်း၏ မွေးချင်းများကိုလည်း သုတေသနပြုခဲ့ကြသည်။
ဆွီဒင်နိုင်ငံတွင် ရာဇဝတ်မှုကျူးလွန်ခြင်းအတွက် အပြစ်ပေးအရေးယူနိုင်သည့် အသက်အရွယ်မှာ ၁၅ နှစ်ဖြစ်သည်။ ထို့ကြောင့် ဆာရီယာဆလန်သည် ၁၅ နှစ်နှင့် အထက် ရှိသူများကို ပျမ်းမျှအားဖြင့် သုံးနှစ်ခွဲကြာ လေ့လာခဲ့သည်။ သူ၏ လေ့လာချက်တွင် မိသားစုဝင်ငွေအရ အောက်ဆုံး ငါးပုံတစ်ပုံ၌ ပါဝင်သူများသည် အကြမ်းဖက်ရာဇဝတ်မှု ကျူးလွန်နိုင်ခြေ ခုနစ်ဆ ပို၍များပြီး မူးယစ်ဆေးသုံးစွဲမှု နှစ်ဆ ပိုများကြောင်း တွေ့ရှိခဲ့သည်။ ထို့အတူ မိသားစုဝင်ငွေ ထိပ်ဆုံးငါးပုံတစ်ပုံ၌ ပါဝင်သူများသည်လည်း ၎င်းတို့ကဲ့သို့ပင် မူးယစ်ဆေးသုံးစွဲမှု နှစ်ဆ ပို၍ များကြောင်း တွေ့ရှိရသည်။ အစပိုင်းတွင် ဆင်းရဲသော် လည်း ပို၍ ချမ်းသာလာကြသည့် မိသားစုများ၌လည်း အံ့သြဖွယ်အချက်ကို တွေ့ရှိရ သည်။ ယင်းကဲ့သို့သော မိသားစုများ၌ ငယ်ရွယ်သူများသည် ဆယ်ကျော်သက်အရွယ်၌ မကောင်းမှုပြုနိုင်ခြေသည် ဆင်းရဲခဲ့ကြသည့် မိသားစုအတွင်းမှ ၎င်းတို့ထက် ပိုမိုအသက် ကြီးသူများကဲ့သို့ပင် များပြားကြောင်း တွေ့ရှိရခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့က မိသားစုဝင်ငွေသည် ရာဇဝတ်မှုနှင့်ပတ်သက်၍ ဆုံးဖြတ်နိုင်သည့်အရာမဟုတ်ဟု ဆိုသည်။
အဆိုပါ သုတေသနအဖွဲ့က ရာဇဝတ်မှုကျူးလွန်နိုင်ခြေနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေ နှစ်ရပ်ကို ထောက်ပြခဲ့ကြသည်။ တစ်ခုမှာ မိသားစု၏ ယဉ်ကျေးမှုအစဉ်အလာဖြစ်သည်။ ဥပမာအားဖြင့် ကလေးတို့၏ အလေ့အထသည် ၎င်းတို့လေးစားသည့် မွေးချင်းထဲမှ အကြီးများကို အတုယူတတ်ကြခြင်းဖြစ်သည်။ အခြားဖြစ်နိုင်ခြေတစ်ခုမှာ ရာဇဝတ်မှု ကျူးလွန်တတ်သော အမူအကျင့်နှင့်ပတ်သက်၍ ကြိုတင်ရှိနှင့်ပြီးဖြစ်သော မွေးရာပါ ဗီဇဖြစ်သည်။ အခြားလေ့လာမှုများစွာတို့က ယင်းကဲ့သို့သော ဗီဇမျိုးရှိကြောင်း ထောက်ပြခဲ့ကြသည်။ ဗီဇကြောင့် ပြစ်မှုကျူးလွန်ခြင်းကို အထက်တန်းလွှာများထက် အောက်ခြေလူ တန်းစားများ၌ ပို၍တွေ့ရတတ်သည်။ ယင်းမှာ ဝင်ငွေနည်းပါးခြင်းက ရုတ်တရက် ဖြစ် ပေါ်လာသော စိတ်ရူးပေါက်မှုကို ထိန်းချုပ်ရန် ပိုမိုခက်ခဲစေသောကြောင့်ဖြစ်သည်။
ယင်းကဲ့သို့သော မှတ်ချက်များကို လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးသမားများက လက်ခံလေ့ မရှိကြပေ။ ၎င်းတို့ထောက်ပြကြသည့် ပထမအချက်မှာ လူတို့အား ဝင်ငွေမြင့်မားအောင် မြှင့်တင်ပေးခြင်းသည် အခြားကိစ္စများအတွက် ကောင်းမွန်သော သဘောတရားဖြစ်သော်လည်း ယင်းသက်သက်က မကောင်းသောအပြုအမူများကို ထိန်းချုပ်နိုင်ခြင်း နှင့် သက်ဆိုင်လိမ့်မည် မဟုတ်ဟူသည့် အချက်ဖြစ်ပြီး ဒုတိယအချက်မှာ မျိုးရိုးစဉ်ဆက် ဆင်းရဲမွဲတေမှုသည် အလုပ်အကိုင်များစွာအတွက် မြင့်မားသည့် ကျွမ်းကျင်မှုလိုအပ်သော ဆွီဒင်ကဲ့သို့သော နိုင်ငံ၌ ရာဇဝတ်မှုကျူးလွန်ရန် တွန်းအားပေးမှုတစ်ရပ်ဟု လွဲမှားစွာ မှတ်ယူသွားနိုင်သည် ဟူသည့်အချက်ဖြစ်သည်။ အမှန်တကယ်၌လည်း အလုပ်အကိုင်များ စွာသည် စိတ်အလိုသို့ လိုက်တတ်သူများထက် မိမိ၏အပြုအမူများကို ထိန်းချုပ်နိုင်စွမ်းရှိ သော လူများကိုသာ ဦးစားပေးသောကြောင့်ဖြစ်သည်။
မည်သို့ပင်ဆိုစေ၊ “မရှိ ခိုးနိုး” ဆိုသကဲ့သို့ ဆင်းရဲသူများကို ရာဇဝတ်မှုကျူးလွန်နိုင်ခြေ မြင့်မားသူများဟု ယူဆခြင်းမှာလည်း မေးခွန်းထုတ်ဖွယ်ရာပင်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(စက်တင်ဘာ ၁၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)









