အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် သတ္တိနည်းသူဖြစ်ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် အီမရန်ခန်းက စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့ပြီး လာမည့်သီတင်းပတ်တွင်ကျင်းပမည့် ကုလသမဂ္ဂအထွေထွေ ညီလာခံ၌ အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယားဒေသ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဖယ်ရှားသည့် အိန္ဒိယ၏ လုပ်ရပ်ကို တင်ပြသွားမည်ဟု ကတိပြုခဲ့သည်။
သြဂုတ် ၅ ရက်တွင်လုပ်ဆောင်ခဲ့သော ဝန်ကြီးချုပ်မိုဒီ၏ ဆောင်ရွက်ချက်သည် ပိုင်နက်အငြင်းပွား ဟိမဝန္တာနယ်နိမိတ်တစ် ဝန်းတွင် မကောင်းသောအကျိုးဆက်များကို ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း၊ ပါကစ္စတန်နိုင်ငံအနေဖြင့် အိန္ဒိယနှင့်နောက်တစ်ကြိမ် စစ်မက်ဖြစ်ပွားရန် မလိုလားကြောင်း၊ သို့သော် အိန္ဒိယ၏ မည့်သည်ရန်ဆောင်မှုမျိုးကိုမဆို ပါကစ္စတန်က တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပါကစ္စတန်ဘက်ခြမ်း ကက်ရှ်မီးယားဒေသတွင်ပြုလုပ်သည့် လူထုစည်းဝေးပွဲတစ်ခုတွင်ခန်းက လူ ၃၀၀၀ ဝန်းကျင်ရှိသော ထောက်ခံသူ လူအုပ်ကို ပြောကြားခဲ့သည်။
“ အိန္ဒိယနိုင်ငံက ဟိန္ဒူတွေအတွက်ပါပဲ ဆိုတဲ့ သတင်းစကားကို သင်က (ဝန်ကြီးချုပ် မိုဒီ) အိန္ဒိယ မွတ်စလင်တွေဆီ ပေးပို့ရင် သူတို့တွေ အကြမ်းဖက်မှုပြုလုပ်လာအောင် သင်က တွန်းအားပေးဦးမှာပါပဲ။ ဝန်ကြီးချုပ် မိုဒီကို အထူးပြောကြားလိုတဲ့ အချက်က တော့ သတ္တိနည်းတဲ့သူသာလျှင် လူထုအ ပေါ် ဖိနှိပ်မှုလုပ်ဆောင်တယ်ဆိုတဲ့ အချက် ပါ။ လာမယ့်သီတင်းပတ်မှာ ကျွန်တော် ကုလအထွေထွေညီလာခံကို တက်ရောက် ပါမယ်။ ဘုရားသခင်ရဲ့ဆန္ဒက ကက်ရှ်မီး ယားပြည်သူတွေကို စိတ်ပျက်စေမှာ မဟုတ် ပါဘူး။ ညီလာခံမှာ ဘယ်သူမှ တင်ပြခဲ့ခြင်း မရှိတဲ့ သဘောထားတစ်ရပ်ကို ကျွန်တော် တင်ပြသွားမှာပါ ” ဟု ခန်းက ပြောကြားခဲ့သည်။
နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသော အိန္ဒိယနှင့်ပါကစ္စတန်သည် လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၇ ခုနှစ်နောက်ပိုင်း စစ်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီးဖြစ်သည်။ စစ်ပွဲသုံးကြိမ် ထဲမှ နှစ်ကြိမ်သည် ကက်ရှ်မီးယားပိုင်နက် အရေးနှင့်ပတ်သက်၍ ဖြစ်ပွားခြင်းဖြစ်သည်။ပိုင်နက်နယ်မြေ၏ အခြေအနေကို ပြောင်းလဲ ရန်အတွက် အပစ်အခတ်ရပ်စဲရေးနယ်နိမိတ်မျဉ်း (Line of Control) ၏ အိန္ဒိယဘက် ခြမ်း ကက်ရှ်မီးယားဒေသတွင် အိန္ဒိယအစိုးရအဖွဲ့က လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုးမြှင့် ချထားခဲ့ရာမှ နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။ အိန္ဒိယ၏လုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် မိုဒီသည် ဟစ်တလာနှင့် တူနေသည်ဟု ပါကစ္စတန်ကအကြိမ်ကြိမ်ခိုင်း နှိုင်းခဲ့ကာ ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံတ ကာမှ ကြားဝင်ပေးရန်လည်း တောင်းဆိုထားသည်။
အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယားဒေသ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူထုလှုပ်ရှား မှုကို အပြင်းအထန် ကန့်သတ်ချုပ်ချယ်ထား ပြီး မိုဘိုင်းဖုန်းဆက်သွယ်ရေးဝန်ဆောင်မှု များနှင့် အင်တာနက်လိုင်းကို ဖြတ်တောက်ခြင်း၊ ကက်ရှ်မီးယားဒေသရှိ သန်းနှင့်ချီသော ပြည်သူများ အချင်းချင်း မဆက်သွယ်နိုင်စေရန် လုပ်ဆောင်ခြင်းတို့ကို သီတင်းပတ်များစွာကြာ ဆောင်ရွက်ခဲ့သည်။
အိန္ဒိယအုပ်ချုပ်သည့် ကက်ရှ်မီးယား ဒေသတွင် တာဝန်ချထားပြီးဖြစ်သော စစ်သား ၅၀၀၀၀၀ ကို အားဖြည့်ရန်အတွက် အိန္ဒိယက ထပ်တိုးတပ်ဖွဲ့များကို စေလွှတ် ထားပြီး ယင်းဒေသတွင်းရှိ လူထောင်ပေါင်း များစွာမှာ မကြာသေးမီ သီတင်းပတ်များ အတွင်း အိန္ဒိယအာဏာပိုင်များ၏ ဖမ်းဆီး ခြင်းကို ခံထားရသည်ဟူ ယူဆရသည်။














