အီရန်သမ္မတသည် အမေရိကန်နှင့် တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိနေကြောင်း ထရန့် ပြောကြား

အီရန်သမ္မတသည် အမေရိကန်နှင့် တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိနေကြောင်း ထရန့် ပြောကြား
 စက်တင်ဘာ ၁၂ ရက်တွင် မေရီလန်း၌ ညစာစားပွဲတစ်ခုတွင် ထရန့်က စကားပြောနေစဉ်
စက်တင်ဘာ ၁၂ ရက်တွင် မေရီလန်း၌ ညစာစားပွဲတစ်ခုတွင် ထရန့်က စကားပြောနေစဉ်
Published 13 September 2019
Ref: AFP

အီရန်နိုင်ငံခေါင်းဆောင်သည် မိမိနှင့် တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိနေသည်ဟု ယုံကြည်ကြောင်း၊ မကြာမီတွင် ကျင်းပတော့မည့် ကုလသမဂ္ဂညီလာခံ၌ အီရန်သမ္မတနှင့် ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပနိုင်ရန် ကြိုးပမ်းနေကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

“အီရန်က ကျွန်တော်နဲ့ဆွေးနွေးဖို့ ဆန္ဒရှိနေတယ်ဆိုတာတော့ ကျွန်တော်ပြောနိုင်ပါတယ်” ဟု အိမ်ဖြူတော်တွင် ထရန့်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ယခုလတွင် နယူးယောက်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံသို့ အီရန်သမ္မတဟက်ဆန်ရိုဟာနီ တက်ရောက်လိမ့်မည်ဟု ခန့်မှန်းရသည်။ သမ္မတရိုဟာနီနှင့် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိနေကြောင်းကို ထရန့်က မကြာခဏဆိုသလို အရိပ်အမြွက် ပေးနေသော်လည်း အီရန်ဘက်မှ အပြုသဘောဆောင်သည့် ပြန်ကြားချက်မျိုး ယခုအချိန်အထိ ထွက်ရှိမလာသေးပေ။

တိုက်ခိုက်ရန်စိတ်စောနေမှုနှင့် စစ်ဖြစ်ရန် လှုံ့ဆော်နေမှုကို အီရန်က ထောက်ခံခြင်း မရှိသည်ကို အမေရိကန်အနေဖြင့် နားလည်ရမည်ဖြစ်ကြောင်း၊ ထိုမကောင်းမှုနှစ်ခုစလုံးကို စွန့်လွှတ်ရမည်ဖြစ်ကြောင်း သမ္မတရိုဟာနီက စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားရင်း အီရန်အပေါ် ဖိအားပေးမှုတိုးမြှင့်နေသော ထရန့်အစိုးရအဖွဲ့ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

ပြီးခဲ့သည့်နှစ် မေလတွင် ၂၀၁၅ အီရန် နျူကလီးယားသဘောတူညီချက်မှ အမေရိကန် နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ပြင်းထန်သော စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများ ပြန်လည်ချမှတ်ခဲ့ပြီးနောက် တီဟီရန်နှင့် ၀ါရှင်တန်အကြား သဘောထားကွဲလွဲမှု ဖြစ်ပွားခဲ့သည်။

အီရန်ကလည်း နျူကလီးယားသဘောတူညီချက်တွင် ၎င်းတို့ကတိပြုထားသည့် အချက်များကို လိုက်နာမှု လျှော့ချခြင်းဖြင့် လက်တုံ့ပြန်ခဲ့သည်။ ယခုသီတင်းပတ်တွင် သမ္မတထရန့်၏ အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘိုတန် ရာထူးမှနုတ်ထွက်သွားပြီးနောက်ပိုင်း ညှိနှိုင်းဆွေးနွေးမှု ပိုမိုလုပ်ဆောင်ရန် မျှော်လင့်ချက်ရှိလာပြီဟု အချို့သော လေ့လာသုံးသပ်သူများက ခန့်မှန်းကြသည်။ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ဂျွန်ဘိုတန် တာဝန်ယူစဉ်အခါက ၎င်းသည် အီရန်အပေါ် စစ်အင်အားအသုံးပြုရန် တောင်းဆိုခဲ့ဖူးပြီး အီရန်အစိုးရအဖွဲ့ကို ပြောင်းလဲရန်လည်း တောင်းဆိုခဲ့သည်။

၂၀၁၅ သဘောတူညီချက်မှ နောက်ပြန်ဆုတ်သည့် ခြေလှမ်းအဖြစ် ယူရေနီယမ် သန့်စင်ရေး အဆင့်မြှင့်တင်ရန်အတွက် အဆင့်မြင့်ဗဟိုခွာအားလှည့်စက်များကို စတင်အသုံးပြုလိုက်ပြီဟု အီရန်က ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ဘိုတန်ရာထူးမှနုတ်ထွက်မှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ဘိုတန် နုတ်ထွက်သွားချိန်တွင်ပင် သမ္မတထရန့်အစိုးရအဖွဲ့တွင်းရှိ ထိပ်တန်းတာဝန်ရှိသူများက အီရန်အပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေးမည့် လက္ခဏာမျိုး မရှိပေ။

ထရန့်-ရိုဟာနီ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန်စိတ်ကူးကို ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြီးခဲ့သည့်လတွင် အဆိုပြုခဲ့ခြင်းဖြစ်ပြီး မက်ခရွန်သည်နှစ်နိုင်ငံအကြား တင်းမာမှုများ ပြေလျော့စေရန် ဥရောပ၏ကြိုးပမ်းမှုကို ဦးဆောင်ဦးရွက် ပြုနေသူဖြစ်သည်။ အမေရိကန်သာ နျူကလီးယား သဘောတူညီချက်ကို လိုက်နာပါက အီရန်အနေဖြင့်လည်း ယင်းသဘောတူညီချက်ကို လိုက်နာရန် အသင့်ရှိနေသည်ဟု ရိုဟာနီကပြောကြားခဲ့သည်။    

 

 

Most Read

Most Recent