အီရန်ကို ဆန့်ကျင်ရာတွင် အစ္စရေး၌ လွတ်လပ်ခွင့်ရှိရမည်ဟု နေတန်ယာဟု ရုရှားတွင် ပြောကြား

အီရန်ကို ဆန့်ကျင်ရာတွင် အစ္စရေး၌ လွတ်လပ်ခွင့်ရှိရမည်ဟု နေတန်ယာဟု ရုရှားတွင် ပြောကြား
  စက်တင်ဘာ ၁၂ ရက်တွင် ဆိုချီမြို့၌ ရုရှားသမ္မတပူတင် (ယာ) နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (ဝဲ) တို့ တွေ့ဆုံဆွေးနွေးနေစဉ်
စက်တင်ဘာ ၁၂ ရက်တွင် ဆိုချီမြို့၌ ရုရှားသမ္မတပူတင် (ယာ) နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (ဝဲ) တို့ တွေ့ဆုံဆွေးနွေးနေစဉ်
Published 13 September 2019
Ref: AFP

အီရန်ကို ဆန့်ကျင်ရာတွင် အစ္စရေးကို လွတ်လပ်စွာ လုပ်ဆောင်ခွင့်ပြုရမည်ဟု ဝန်ကြီးချုပ် နေတန်ယာဟုက စက်တင်ဘာ ၁၂ ရက်က ရုရှားတွင် ပြောကြားခဲ့သည်။ နေတန်ယာဟုသည် ဆိုချီသို့ ရောက်ရှိနေပြီး ဆီးရီးယားတွင် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံခဲ့သည်။

အဆိုပါခေါင်းဆောင်နှစ်ဦးတို့သည် မကြာသေးမီ နှစ်များအတွင်း အကြိမ်ပေါင်းတစ်ဒါဇင်မက တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံစစ်တပ်များအနေဖြင့် ဆီးရီးယား၌ မတော်တဆ ပဋိပက္ခဖြစ်မှုများကို ရှောင်ရှားရေးအား လုပ်ဆောင်ခဲ့ကြသည်။ ဆီးရီးယားတွင် အီရန်တို့အနေဖြင့် အမြဲတမ်းစစ်အင်အားထားရှိမှုကို တားဆီးနိုင်ရန်အတွက် အစ္စရေးတို့က အီရန်ပစ်မှတ်များကို အကြိမ်ပေါင်း ရာနှင့်ချီလျက် တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးကပြောကြားခဲ့သည်။

“ကျွန်တော်တို့အကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးက အမြဲတမ်းအရေးကြီးပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့လမှာ ဆီးရီးယားကနေ အစ္စရေးကိုတိုက်ခိုက်ဖို့ အီရန်ရဲ့ ကြိုးပမ်းမှုတွေ အကြီးအကျယ် မြင့်တက်လာပြီး ဆီးရီးယားမှာ ကျွန်တော်တို့ကို တိုက်ခိုက်ရာမှာသုံးဖို့ တိကျတဲ့ ဒုံးကျည်တွေ နေရာချထားခဲ့တာကြောင့် အထူးသဖြင့် အခုက ပိုအရေးကြီးလာပါတယ်” ဟု နေတန်ယာဟုက တွေ့ဆုံမှု၏ အစပိုင်း၌ ပြောကြားခဲ့သည်။

သိမ်းပိုက်ခံ ဝက်စ်ဘန့်၏ အစိတ်အပိုင်းကို အစ္စရေးပိုင်နက်ထဲ သွတ်သွင်းမည်ဟူသည့် အစ္စရေးဝန်ကြီးချုပ်၏ မဲဆွယ်ပွဲကတိကို ရုရှားက ပြစ်တင်ရှုတ်ချထားသော်လည်း ဘင်ဂျမင်နေတန်ယာဟုသည် နိုင်ငံတကာ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်တစ်ဦးအဖြစ် သူ၏ပုံရိပ်ကို အရောင်တင်နိုင်ရန် မျှော်လင့်ချက်ဖြင့် စက်တင်ဘာ ၁၂ ရက်တွင် ရုရှားသို့ ရောက်ရှိလာခြင်းဖြစ်သည်။

လာမည့် စက်တင်ဘာ ၁၇ ရက် အထွေထွေ ရွေးကောက်ပွဲ၌ အစ္စရေးနိုင်ငံ၏ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် သူ၏အနေအထားကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် နေတန်ယာဟုက မဲဆွယ်မှုများ ပြုလုပ်လျက်ရှိသည်။

သို့သော် ရုရှားသမ္မတ ဗလာဒီမာပူတင်က သူ့ဧည့်သည်၏ နိုင်ငံရေးရည်မှန်းချက်ကို အပြည့်အဝ ထောက်ခံအတည်ပြုပေးရန် ပျက်ကွက်ခဲ့ပြီး အစ္စရေးပါလီမန်သို့ မည်သူတို့ ရောက်ရှိလာမည်ကို ရုရှားက စိတ်မဝင်စားကြောင်းနှင့် ယင်းမှာ ဆိုဗီယက်၌ မွေးဖွားသော အစ္စရေးများကို တစ်နိုင်ငံတည်းသားများအဖြစ် မှတ်ယူသောကြောင့် ဖြစ်ကြောင်းကိုသာ ပြောကြားခဲ့သည်။

“ဒါဟာ မကြာသေးမီက အချိန်တွေအတွင်း အပြန်အလှန် ဆက်ဆံရေးမှာ ရရှိခဲ့တဲ့ အရာရာတိုင်းကို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဆက်ပြီးထိန်းသိမ်းထားမယ့် တာဝန်ယူမှုရှိတဲ့ နိုင်ငံရေးသမားတွေ ဖြစ်လာစေပြီး  ကျွန်တော်တို့ဆက်ဆံရေးတွေ ဖွံ့ဖြိုးလာမှုကို ဆက်လက်ထိန်းသိမ်းပေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ရုရှားပင်လယ်နက် အပန်းဖြေစခန်းဖြစ်သော ဆိုချီ၌ တွေ့ဆုံစဉ် ပူတင်က နေတန်ယာဟုအား ပြောကြားခဲ့သည်။

ယခင်ဆိုဗီယက်ယူနီယံ၌ အခြေပြုခဲ့သည့် အစ္စရေးများထံမှ ထောက်ခံမှုများ ရရှိရေးအပေါ် အကြီးအကျယ် မှီခိုနေသည့် သူ၏ ပြိုင်ဘက်အေဗစ်ဒါလိုင်ဘာမန်၏ အမျိုးသားရေးဝါဒီ ယစ္စရေးဘေတီနုပါတီကို ရွေးကောက်ပွဲ၌ အလဲထိုးနိုင်ရန် နေတန်ယာဟုက မျှော်မှန်းထားသည်။         

 

 

Most Read

Most Recent