လက်ရှိဘဏ္ဍာနှစ် ၁၁ လတွင် ပြည်ပသို့ အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၃ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကျော် ပိုမိုရရှိထားကာ အများဆုံးတင်ပို့ထားသည့် ပို့ကုန်အဖြစ် ရပ်တည်

လက်ရှိဘဏ္ဍာနှစ် ၁၁ လတွင် ပြည်ပသို့ အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၃ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကျော် ပိုမိုရရှိထားကာ အများဆုံးတင်ပို့ထားသည့် ပို့ကုန်အဖြစ် ရပ်တည်
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 12 September 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ၁၁ လတွင် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၃ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်ကနေ သြဂုတ် ၃၀ ရက်အထိကို အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုကနေ ဒေါ်လာ ၄၃၇၆ ဒသမ ၄၁၆ သန်း (၄ ဒသမ ၃၇၆ ဘီလျံကျော်) ရရှိထားတယ်။ ယခင်နှစ် ကာလတူမှာတော့ ဒေါ်လာ ၃၂၀၃ ဒသမ ၈၉၂ သန်း (၃ ဒသမ ၂၀၃ ဘီလျံကျော်) သာ ရရှိထားတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ၁၁ လတွင် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၁၁၇၂ ဒသမ ၅၂၄ သန်း (၁ ဒသမ ၁၇၂ ဘီလျံကျော်) ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါ ၁၁ လတာကာလတွင် မြန်မာနိုင်ငံမှ တင်ပို့ထားသည့် စုစုပေါင်းပို့ ကုန်ကဏ္ဍတွင်လည်း အများဆုံးတင်ပို့ထားသည့် ပမာဏဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်က အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါး ရရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၀ ဘီလျံရရှိရန် မျှော်မှန်းထားကြောင်း ၂၀၁၉ ခုနှစ် မေ ၁၁ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ကျင်းပသည့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ပဥ္စမအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးတွင် အသင်း၏ အတွင်းရေးမှူးဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

“ကျွန်မတို့ကဏ္ဍမှာ အလုပ်သမားတိုးတာက ငါးဆ၊ ဝင်ငွေတိုးတာက ၁၀ ဆပေါ့နော်။ ဒါဆိုရင် ကျွန်မတို့ အလုပ်သမားတွေရဲ့ ထုတ်လုပ်မှုကို နှစ်ဆတိုးအောင်လုပ်ရမယ်။ အဲဒီအတွက် တောက်လျှောက် ဆောင်ရွက်နေပါတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။ 

မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ထုတ်လုပ်မှုကဏ္ဍတွင် အထည်ချုပ်ကဏ္ဍ၌ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင် ၅၀၀ ကျော်ပြီး အလုပ်သမားခန့်ထားမှုမှာလည်း ငါးသိန်းကျော်ရှိကြောင်း သိရသည်။

သို့သော် မြန်မာနိုင်ငံအနေဖြင့် လက်ခစားစနစ်ဖြင့် ချုပ်လုပ်ခြင်းဖြစ်သဖြင့် ချုပ်ခအနေဖြင့် ၁၀ ရာခိုင်နှုန်းခန့်သာရရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံက ချုပ်ခကို ဝင်ငွေအနေနဲ့ရတာ။ ဒါက ပျှမ်းမျှအနေနဲ့ပြောတာပါ။ တချို့ဆိုရှစ်ရာခိုင်နှုန်းလောက်ပဲ ရတဲ့သူတွေရှိတယ်။ တချို့ဆို ၁၂ အထိ ရတဲ့သူတွေရှိတယ်။ High Value Price ဆို နည်းနည်းပိုရတာပေါ့။ အရည်အသွေးကောင်းပြီး သေချာချုပ်ထားတာကတော့ ၁၂ ရာခိုင်နှုန်းလောက်ရတယ်။ အရမ်းပေါပေါလောလောကြီးနဲ့ သိန်းနဲ့ချီပြီးအပ်ပြီး ချုပ်ခအရမ်းနည်းတဲ့ဟာတွေက ရှစ်ရာခိုင်နှုန်းလောက်ပဲ ရတယ်။ ဒါ ကြောင့်မို့ ပျမ်းမျှကို ၁၀ ရာခိုင်နှုန်းလို့ ပြောတာဖြစ်ပါတယ်” ဟု အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ဆိုသည်။                   

 

 

 

Most Read

Most Recent