မြောက်ကိုရီးယားအမျိုးသမီးများ၏ တောင်ကိုရီးယားအိပ်မက်

မြောက်ကိုရီးယားအမျိုးသမီးများ၏ တောင်ကိုရီးယားအိပ်မက်
Photo: AFP
Photo: AFP
Published 11 September 2019
မောင်ကြွယ်စိုး

လင်မ်တစ်ယောက် တောင်ကိုရီးယားနိုင်ငံ ရောက်တဲ့အချိန်မှာ သူမ စိတ်ထဲမှာ ဆင်းရဲမွဲတေမှုကြောင့် ရောက်ရတဲ့ဒုက္ခတွေ အဆုံးသတ်ခဲ့ပြီ၊ သမီးငယ်နဲ့အတူ ဘဝသစ်မှာ နေရတော့မယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ ပျော် ရွှင်ခဲ့ရပါတယ်။ လင်မ်နည်းတူ မြောက်ကိုရီးယားပြည်သူ ၃၃၀၀၀ ခန့်ဟာ မြောက်ကိုရီးယားနိုင်ငံကိုစွန့်ပြီး တောင်ကိုရီးယားနိုင်ငံထဲ ဝင်ရောက်ခဲ့ကြပါတယ်။ အများစုဟာ အမျိုးသမီးတွေဖြစ်ကြပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာက စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ခံရရုံသာမက ဖိနှိပ်ချုပ်ချယ်မှုဒဏ်လည်း ခံခဲ့ရပါတယ်။ မြောက်ကိုရီးယား လက်ရှိ ခေါင်းဆောင်ရဲ့အဘိုး၊ အဖေ လက်ထက်က တည်းက ဖိနှိပ်ခံခဲ့ရတာတွေဟာ မြေး ကင်ဂျုံအွန်လက်ထက်ထိ ရှိနေဆဲဖြစ်ပါတယ်။ မျိုးဆက်သုံးဆက်လုံးမှာပဲ အာဏာရှင် စနစ်နဲ့ အုပ်ချုပ်ခံရတဲ့ ပြည်သူတွေဟာ ဆင်းရဲ ဒုက္ခအမျိုးမျိုး ရောက်ခဲ့ကြရပါတယ်။ ယနေ့ ခေတ်စကားနဲ့ပြောရရင် လူသားချင်း စာနာ ထောက်ထားမှုမရှိတဲ့ လူ့အခွင့်အရေးမှန်သ မျှ ချိုးဖောက်ခံထားရတဲ့ လူသားဘဝပျောက်ဆုံးနေတဲ့ဘဝနဲ့ပဲ စခန်းသွားနေကြရပါတယ်။

မြောက်ကိုရီးယားနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံရောက်ခဲ့တဲ့ လင်မ်တို့လို မိန်းမသားတွေဟာ သိသာထင်ရှားတဲ့ ပြောင်းလဲမှု တွေနဲ့ ရင်ဆိုင်ကြရပါတယ်။ သဘောကတော့ အာဏာရှင်စနစ်နဲ့ ဒီမိုကရက်တစ်စနစ် သိသိသာသာ ကွာခြားနေပါတယ်။ ဆိုရှယ်လစ်နဲ့ အရင်းရှင်စနစ်ဟာ တောင်နဲ့ မြောက်လို ပြဒါး တစ်လမ်း သံတစ်လမ်းလို ကွာခြားနေပါတယ်။ မိန်းမသားတွေ လုပ်ငန်းခွင်၊ စာသင်ကျောင်း နဲ့ အိမ်မှုကိစ္စတွေနဲ့ အလုပ်ရှုပ်နေကြတယ်။

“တောင်ကိုရီးယားနိုင်ငံ ရောက်တဲ့အခါ မှာ ကျွန်မ မျှော်လင့်ထားတာတွေနဲ့ မတူတဲ့ အခြေအနေတွေကို ရင်ဆိုင်ခဲ့ရပါတယ်”လို့ လင်မ်က ဖွင့်ဟဝန်ခံခဲ့ပါတယ်။ တောင်ကိုရီးယားရောက်နေတဲ့ တစ်ကိုယ်တည်းမိခင်ဟာ လင်မ်လိုပဲ ဒုက္ခတွေအမျိုးမျိုးနဲ့ ရင်ဆိုင် ခဲ့ကြရပါတယ်။ အထူးသဖြင့် အသက်ခြောက်နှစ် အရွယ် ကလေးငယ်ကို လွယ်ထားရင်း အိမ်ဖော်လုပ်ငန်းကို လုပ်ကိုင်နေရတဲ့ ဟန်ဆွန်အုပ်ဆိုရင် စားရမဲ့သောက်ရမဲ့ဘဝနဲ့ သေဆုံးနေတဲ့အဖြစ်ကို ကြုံတွေ့ခဲ့ရပါတယ်။ သူ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး အုတ်အော်သောင်းတင်း ဖြစ်မှုကြောင့် မြောက်ကိုရီးယားနိုင်ငံမှ တောင်ကိုရီးယားနိုင်ငံကို ထွက်ပြေးလာတဲ့သူတွေကို အကူအညီပေးနေတဲ့ ဆိုးလ်မြို့ရှိ လူမှုရေးအဖွဲ့အစည်းဟာ ယခုလိုဖြစ်ရပ်မျိုး နောက်ထပ်မကြုံတွေ့ရအောင် စီစဉ်လျက်ရှိပါတယ်။

“ဟန်ဟာ မြောက်ကိုရီးယားနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံကို ထွက်ပြေးလာသူတစ်ဦးဖြစ်ပါတယ်။ သူမဟာ အစာရေစာ ငတ်မွတ်ခေါင်းပါးပြီး သေဆုံးရသူဖြစ်ပါတယ်။ တကယ်တမ်းကျတော့ တောင်ကိုရီးယားနိုင်ငံမှာ အစာရေစာရှားပါးပြီး သေဆုံးသူဆိုလို့ ဟန်တစ်ဦးပဲ ရှိပါတယ်”လို့ ဒုက္ခသည်များ ကယ်ဆယ်ရေးအဖွဲ့မှ Heo Kwang –il က ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှနေပြီး ထွက်ပြေးလာတဲ့သူတွေဟာ ပထမဆုံးခြေလှမ်းအဖြစ် တရုတ်နိုင်ငံကို ရောက်ရှိခဲ့ကြပါတယ်။ တရုတ်နိုင်ငံမှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံကို ကူးပြောင်းခဲ့ကြတာဖြစ်ပါတယ်။ လင်မ်ဟာ တရုတ်ပြည်မှာ အဖမ်းခံခဲ့ရပါသေးတယ်။ သူ့အနေနဲ့ လေးနှစ်မျှ အကျဉ်းထောင် ကျခံပြီးတဲ့နောက်မှာ သမီးငယ်ကလေးကို ခေါ်ယူပြီး ဆိုးလ်မြို့ကို ထွက်ပြေးခဲ့ပါတယ်။ ဆိုးလ်မြို့ရောက်တဲ့အချိန်မှာ လင်မ်အနေနဲ့ ကြုံရာကျပန်းအလုပ်တွေကို လုပ်ခဲ့ရပါတယ်။  သူမအနေနဲ့ အလုပ်မရွေးဘဲ လုပ်ကိုင်နေရ တဲ့အချိန်မှာ ကလေးငယ်ကို ပြုစုစောင့်ရှောက်မယ့်သူ မရှိပါဘူး။ အဲဒီအတွက် လင်မ်အနေနဲ့ ဒုက္ခတွေကို ဆက်လက်သည်းမခံနိုင်တော့ ဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ သူမဟာ မိမိနဲ့အတူ ရှိနေတဲ့ ကလေးငယ်ကို ကောင်းစွာ မစောင့်ရှောက်နိုင်သလို မြောက်ကိုရီးယားနိုင်ငံမှာ ကျန်ရစ် ခဲ့တဲ့ မိသားစုတွေကိုလည်း လုံးဝ မစောင့်ရှောက်နိုင်ပါလားဆိုတဲ့ ခံစားချက်တွေ ပေါ်ပေါက်လာပြီး ကိုယ့်ကိုယ်ကိုယ် မကျေမနပ်တွေ ဖြစ်လာခဲ့ပါတယ်။

“ကျွန်မအနေနဲ့ မြောက်ကိုရီးယားနိုင်ငံကို ပြန်သွားဖို့တောင် စိတ်ကူးမိပါသေးတယ်” လို့ လင်မ်က သူမ နေထိုင်တဲ့ အိမ်ခန်းကျဉ်းကျဉ်းလေးထဲမှာ နေထိုင်ရင်း သူမဘဝကို ပြောကြားခဲ့ပါတယ်။ ယခုအခါမှာတော့ လင်မ်ရဲ့ဘဝ အခြေအနေဟာ အရင်နဲ့ လုံးဝ မတူတော့ပါဘူး။ သူမဟာ ဧည့်ကြိုလုပ်ငန်း မှာ ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ သူမ ရရှိတဲ့ဝင်ငွေကို မြောက်ကိုရီးယားရှိ ဆွေမျိုးသားချင်းများထံ ပေးပို့နိုင်ပြီဖြစ်ပါ တယ်။ သူမအနေနဲ့ မြောက်ကိုရီးယားနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံကို ထွက်ပြေး ခဲ့ရတဲ့အတွက် နောင်တလုံးဝမရခဲ့ပါဘူး။

မြောက်ကိုရီးယားနိုင်ငံကနေ တောင် ကိုရီးယားနိုင်ငံကို ထွက်ပြေးလာတဲ့သူတွေ အနေနဲ့ မတူကွဲပြားခြားနားတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ စီးပွားရေး စိန်ခေါ်မှုတွေ ကြောင့် အဆင်မပြေမှုတွေ ကြုံတွေ့ရစမြဲဖြစ်ပါတယ်။ ၁၉၅၃ ခုနှစ်မှာ ကိုရီးယားစစ်ပွဲကြီး  ပြီးဆုံးသွားခဲ့ပါတယ်။ စစ်ပွဲပြီးတဲ့နောက်မှာ တောင်ကိုရီးယားနိုင်ငံနဲ့ မြောက်ကိုရီးယား နိုင်ငံဆိုပြီး နှစ်နိုင်ငံ ဖြစ်သွားခဲ့ပါတယ်။ စစ်ပွဲ ဒဏ်ကြောင့် တောင်နဲ့ မြောက်ကိုရီးယားနိုင်ငံ ရှိ ခင်ပွန်းသည်မရှိတော့တဲ့ မိခင်တွေဟာ ဆင်းရဲဒုက္ခတွေ ကြုံတွေ့ခဲ့ရပါတယ်။

“သူတို့တစ်တွေဟာ ကလေးငယ်တွေကို စောင့်ရှောက်ဖို့အတွက် အချိန်ပိုင်းအလုပ် တွေ လုပ်ခဲ့ကြရပါတယ်။ တချို့ဆိုရင် တည် ငြိမ်မှုမရှိတဲ့ လုပ်ငန်းတွေကို လုပ်ခဲ့ကြရပါ တယ်”လို့ မြောက်ကိုရီးယားနိုင်ငံ အရေးနှင့် ပတ်သက်ပြီး လေ့လာနေတဲ့ ပါမောက္ခ Kim Sung – Kyung က ပြောကြားခဲ့ပါတယ်။

ကလေးမိခင်တွေဟာ ဆိုးသွမ်းမှုသံသ ရာထဲမှာ ကျင်လည်ခဲ့ကြရပါတယ်။ သူတို့ဟာ စီးပွားရေး အကျပ်အတည်းတွေကို ရင်ဆိုင်ရ သလို မိသားစုဘဝ တည်ငြိမ်ရေးကိုလည်း တည်ဆောက်ခဲ့ကြရပါတယ်။ ယခုအခါမှာ  တောင်ကိုရီးယားနိုင်ငံဘက်ခြမ်းသို့ ထွက် ပြေးလာတဲ့ မြောက်ကိုရီးယားနိုင်ငံမှ အမျိုး သမီးတွေကို တောင်ကိုရီးယားအစိုးရက ဒေါ်လာ ၆၆၀၀ ထောက်ပံ့ပေးပါတယ်။ သူတို့ တစ်တွေအနေနဲ့ ထောက်ပံ့မှုတွေ ရရှိတဲ့တိုင်အောင် ဘဝရပ်တည်ရေးဟာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှ ထွက်ပြေးလာ သူတွေအနေနဲ့ အဓိကချို့ယွင်းချက်ကတော့  ပညာရေးဆိုင်ရာ အားနည်းနေခြင်းပဲဖြစ်ပါ တယ်။ သူတို့တစ်တွေဟာ ပညာသင်ကြားရေး အတွက် အခက်အခဲတွေ များစွာကြုံတွေ့ခဲ့ ရသလို သူတို့ရဲ့ပညာရေးစနစ်ကလည်း ကန့် သတ်ထားတဲ့ ပညာရေးစနစ် ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံကို ထွက်ပြေးလာတဲ့ မြောက်ကိုရီးယားပြည်သူတွေရဲ့ စိတ် ထဲမှာရှိနေတာကတော့ ‘ကိုရီးယားအိပ်မက်’ ပဲ ဖြစ်ပါတယ်။ လက်တွေ့ဘဝမှာတော့ သူ တို့ရဲ့ ‘အိပ်မက်’ ဟာ အင်မတန်မှ ခါးသီးနေ ပါတယ်။ တောင်ကိုရီးယားရောက် မြောက်ကိုရီးယားပြည်သူတွေဟာ အခက်အခဲတွေကြောင့် စိတ်ဓာတ်တွေကျကြပါတယ်။ တချို့ဆိုရင် နာမကျန်းမှုတွေ ကြုံတွေ့နေကြရပါ တယ်လို့ တစ်ကိုယ်တည်းမိခင်အတွက် ရှေ့တန်း မှ တိုက်ပွဲဝင်နေသူ Lee Na Kyung က ပြောကြားခဲ့ပါတယ်။ Lee ဟာ ခင်ပွန်း သည်နဲ့အတူ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ သူ့ယောကျ်ားက မသန် စွမ်းတစ်ဦးဖြစ်ပါတယ်။ ယခုအချိန်ထိ သူတို့ ဟာ အိုးမဲ့အိမ်မဲ့ဘဝနဲ့နေရသလို ခင်ပွန်းသည်အတွက် ဆေးဝါးကုသမှုတွေ ပြုလုပ်နေရခြင်းဖြစ်ပါတယ်။

တောင်ကိုရီးယားရောက်နေကြတဲ့ မြောက်ကိုရီးယားက တစ်ကိုယ်တည်းမိခင်များအနေနဲ့ ကမ္ဘာလောကကြီးနဲ့ အဆက်အသွယ် ဖြတ်ထားသလိုမျိုး ခံစားနေရကြောင်း မြောက်ကိုရီးယားနိုင်ငံမှာ ဆင်းရဲသော်လည်း မိမိတို့ အနေနဲ့ အထီးကျန်ဝေဒနာ မခံစားရကြောင်း Lee က ပြောကြားခဲ့ပါတယ်။

 

Most Read

Most Recent