ကမ္ဘာ့ဖလားခြေစစ်ပွဲ (၂)ပွဲဆက်ရှုံးနိမ့်ခဲ့တဲ့ မြန်မာ

ကမ္ဘာ့ဖလားခြေစစ်ပွဲ (၂)ပွဲဆက်ရှုံးနိမ့်ခဲ့တဲ့ မြန်မာ
Photos: Kaung Htet Aung
Photos: Kaung Htet Aung
Published 10 September 2019

မြန်မာ ၀-၂ ဂျပန်

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်ဒုတိယအဆင့် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မြန်မာအသင်းနဲ့ ဂျပန်အသင်းတို့ရဲ့ပွဲစဉ်မှာတော့ ဂျပန်အသင်းက (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

မြန်မာအသင်းဟာ ပထမပွဲစဉ်မှာ မွန်ဂိုလီးယားအသင်းကို အဝေးကွင်းမှာရှုံးနိမ့်ခဲ့သလို အခုပွဲစဉ်မှာလည်း နာမည်ကြီးဂျပန်အသင်းကို အိမ်ကွင်းမှာရှုံးနိမ့်ခဲ့လို့ လက်ကျန်ပွဲတွေမှာ ဖိအားများသွားခဲ့ပါတယ်။

အိမ်ရှင်မြန်မာအသင်းဟာ ဂျပန်အသင်းကို အကောင်းဆုံးတုံ့ပြန်နိုင်ဖို့ ပြင်ဆင်လာခဲ့ပြီး မွန်ဂိုလီးယားကိုရှုံံးနိမ့်တဲ့ပွဲက ပွဲထွက်စာရင်းကို (၆)ဦးအထိ အပြောင်းအလဲလုပ်ကာ ပွဲထွက်လာခဲ့ပါတယ်။

ဥရောပအခြေစိုက်ကစားသမားအများစုနဲ့ ဖွဲ့စည်းထားတဲ့ ဂျပန်အသင်းကတော့ ပါရာဂွေးအသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲကလူစာရင်းကို အပြောင်းအလဲမလုပ်ခဲ့ဘဲ ယိုရှီဒါ၊ နာဂါတိုမို၊ အိုဆာကို၊ ရှီဘာဆာကီ၊ တော်မီယာဆုတို့လိုနာမည်ကြီးကစားသမားတွေနဲ့ ပွဲထွက်ခဲ့တာပါ။

ဂျပန်အသင်းဟာ ပွဲစကတည်းက ဖိအားပေးကစားနိုင်ဖို့ကြိုးစားခဲ့ပြီး မြန်မာအသင်းကတော့ ခံစစ်ကိုအကောင်းဆုံးစုဖွဲ့ကာ ဂျပန်အသင်းရဲ့တိုက်စစ်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

မိုးရွာထားတဲ့ ကွင်းအခြေအနေကြောင့်ရော၊ မြန်မာခံစစ်မှူးတွေက မာမာထန်ထန်တုံ့ပြန်မှုတွေကြောင့် ဂျပန်အသင်းအနေနဲ့ ပွဲအစပိုင်းမှာ ဂိုးရဖို့ခက်ခဲ့ပါတယ်။

ဒါပေမဲ့ ပွဲချိန် (၁၆)မိနစ်မှာတော့ ဂျပန်အသင်းအဖွင့်ဂိုးရသွားခဲ့ပြီး ကွင်းလယ်လူ နာကာဂျီးမားက အဝေးကန်ချက်နဲ့ လှလှပပကန်သွင်းယူသွားခဲ့တာပါ။

ဂိုးရပြီးနောက်ပိုင်းမှာ ဂျပန်အသင်းပိုဖိအားပေးကစားနိုင်ခဲ့သလို အခွင့်အရေးတွေလည်းရခဲ့ပေမယ့် မြန်မာအသင်းရဲ့ခံစစ်နဲ့ ဂိုးသမားကျော်ဇင်ဖြိုးတို့ အကောင်းဆုံးကွယ်နိုင်ခဲ့ပါတယ်။

ဂျပန်အသင်းအတွက် ဒုတိယဂိုးကိုတော့ ပွဲချိန် (၂၆)မိနစ်မှာ ဒိုအန်ရဲ့ပေးပို့မှုကနေ မီနာမီနိုက ခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။

(၂)ဂိုးသွင်းယူပြီးနောက်ပိုင်းမှာ ဂျပန်အသင်းနောက်ထပ်ဂိုးတွေအတွက်ကြိုးစားခဲ့ပေမယ့် မြန်မာအသင်းရဲ့ခံစစ်ကလည်း အတင်းဝင်အတင်းဖျက်ပုံစံနဲ့ တုံ့ပြန်ခဲ့လို့ ပထမပိုင်းမှာ ဂျပန်က (၂-၀)ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဂျပန်အသင်းဟာ ပွဲကိုလိုသလိုထိန်းချုပ်ကစားနိုင်ခဲ့ပြီး မြန်မာအသင်းကတော့ အောင်သူရဲ့အဝေးကန်ချက်တစ်ကြိမ်သာ ဂိုးရဖို့နီးစပ်တဲ့အနေအထားဖြစ်ခဲ့ပါတယ်။

ဂျပန်အသင်းအနေနဲ့ ဂိုးရနိုင်တဲ့အခွင့်အရေးတွေရှိခဲ့ပေမယ့် မြန်မာဂိုးသမား ကျော်ဇင်ဖြိုးရဲ့လက်စွမ်းပြမှုကြောင့် နောက်ထပ်ဂိုးတွေ မရခဲ့ပါဘူး။

ဒီနေ့ပွဲမှာတော့ မြန်မာအသင်းခံစစ်ရဲ့တုံ့ပြန်မှုကို ချီးကျူးရမှာဖြစ်ပြီး ဂျပန်အသင်းရဲ့တိုက်စစ်ဆင်မှုတွေကို အကောင်းဆုံးရင်ဆိုင်တုံ့ပြန်နိုင်ခဲ့ပါတယ်။

ပွဲပြီးဖို့ နီးကပ်လာတာနဲ့အမျှ ဂျပန်အသင်း အပြောင်းအလဲတွေလုပ်ကာ ဂိုးထိပ်ရဖို့ကြိုးစားခဲ့ပေမယ့် အရာမထင်တော့ပါဘူး။

ပွဲအပြီးမှာတော့ ဂျပန်အသင်းက (၂-၀)ဂိုးနဲ့နိုင်ခဲ့ပြီး မြန်မာအသင်းရဲ့ခြေစွမ်းကတော့ ကွင်းလုံးပြည့်လာအားပေးတဲ့ ပရိသတ်အတွက် ကျေနပ်စရာဖြစ်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။