မိုးအေးအေးကလေးနဲ ့ကွေးလို့ သိပ်ကောင်းတဲ့အခါမှ အိမ်ပြန်ရောက်ရတဲ့ အရသာကို ခံစားမိတာတော့ အမှန်ပဲ။ မိုးကလည်း ပဲခူးမှာတုန်းကလို သဲကြီးမဲကြီး မရပ်မနားရွာတာမျိုးမဟုတ်ဘူး။ ရွာလိုက်၊ နားလိုက်နဲ့။ နေကလေးကလည်း ထွက်နေသေးတာ။ ဒီတော့လည်း နေရထိုင်ရတာ သိပ်ကောင်းတာပဲ။ မနက်ပိုင်းနဲ့ ညခင်းတော့ အနွေးထည်ဝတ်ရတယ်။ ကွတ်ခိုင်ရောက်တော့မှ ဗီရိုထဲက အနွေးထည်ကလေးတွေကို ပြန်ရှာရတော့တယ်။ လွမ်းစရာနှစ်တွေ။ မီးခိုးငွေ့တွေလိုပေါ့။ ကွတ်ခိုင်ကို ကျွန်တော်တို့မိသားစု ပြောင်းကြတုန်းက တက္ကသိုလ်တတိယနှစ် ကျောင်းသားဘဝ။ အဲဒီမတိုင်ခင်တုန်းက ချင်းပြည်နယ် ဟားခါးမှာ။ ဟားခါးဆိုတာကလည်း မတရားအေးတဲ့အရပ်မျိုး။ အနွေးထည်နဲ့ လက်အိတ်၊ ခြေအိတ်နဲ့ နေရတဲ့အရပ်ပေါ့။ ရေဆင်းကျောင်းပြန်သွားတက်ရင်တော့ အနွေးထည်တွေဟာ ဗီရိုထဲ ပြန်ရောက်ကုန်တာ။ ဟားခါးကနေ ကွတ်ခိုင်ပြန်ပြောင်းကြ တော့လည်း ကွတ်ခိုင်ဟာ ဟားခါးလောက် မအေးပေမဲ့ အေးတာတော့ အမှန်ပဲ။ ဒီလိုနဲ့ ကျွန်တော်ဘွဲ့ရတော့လည်း အောက်ပြည်အောက်ရွာမှာပဲ အလုပ်ဝင်လိုက်တယ်။ တစ်နှစ်နဲ့ ခြောက်လကြာတော့ အလုပ်ကနေ ထွက်လိုက်တော့တယ်။ အစ္စရေးသွားဖို့ စီစဉ်ထားတော့လည်း အိုကေတာပဲ။ အစ္စရေးမသွား ခင်တော့အနားယူလိုက်ဦးမယ်ဆိုပြီး တစ်လလောက်ကြိုပြီး အလုပ်ကနေ ထွက်လိုက်တာ။
အိမ်ပြန်ရောက်တော့ အခင်းထဲက ပြောင်းပင်တွေ ပွင့်ကုန်ပြီ။ ပွင့်တိုင်းလည်း ကောင်းတာမျိုးမဟုတ်။ အပင်တွေက ပုပုလေးတွေနဲ့။ အများစုက အခြေအနေမကောင်းဘူး ပြောရမယ်။ နင့်ညီတို့ ကျောင်းပိတ်အိမ်ပြန်ရောက် ကြတုန်းက စိုက်ကြတာရယ်၊ ဒီနှစ်တော့ သိပ်မကောင်းဘူးရယ်လို့ အမေက ပြောရှာတယ်။ အရင်နှစ်တွေတုန်းက ဒီလောက်မဆိုးဘူး ပြောရမယ်တဲ့။ အပင်တွေကို သေချာကြည့်တော့ အာဟာရချို့တဲ့နေတဲ့ ပြဿနာကိုအများဆုံးတွေ့ရတယ်။ အိမ်စားဖို့လောက် စိုက်ကြတာဆိုတော့လည်း ဓာတ်မြေသြဇာရော၊ သဘာဝမြေသြဇာရော ဘာတစ်ခုမှ မကျွေးဖြစ်ကြဘူးကိုး။ ပြောင်းပင်တွေက ရေငတ်ဒဏ်ကိုလည်း ခံနိုင်ရည် မရှိကြဘူး။ အိမ်က ပြောင်းခင်းကိုကြည့်ရတာ ရေလည်းဝပ်ထား ပုံပါပဲ။ ကျောင်းသားဘဝတုန်းကဆို ကျွန်တော်က ဦးဆောင်ပြီး ပြောင်းစိုက်နေကျဆိုပါတော့။ ငှားနေရတဲ့ အိမ်နဲ့ ခြံလေးက ကျယ်တော့လည်း စားပင်လေးတွေ စိုက်ဖြစ်ကြတယ်။ စားပင်ကတော့ ဘယ်ကိုပဲရောက်ရောက် ဖြစ်အောင် စိုက်ကြတာ ကျွန်တော်တို့မိသားစု အကျင့်မဟုတ်လား။ မီးဖိုချောင်ကိုတော့ တကယ်ကာမိတာ။ အခုလည်း ကြည့်ဦး။ အိမ်မှာ ခရမ်းခါးသီး၊ ဂေါ်ရခါးသီး၊ ပဲသီး၊ ပြောင်း၊ နံနံပင်၊ သခွားပင်၊ မုန်ညင်း၊ ချဉ်ပေါင်၊ ငရုတ်နဲ့။ ပြောသာပြောရတာ စားပင်လေးတွေစိုက်တာနဲ့ပတ်သက်ပြီး အဖေကလည်း ကျွန်တော့်ကို စလေ့ရှိတယ်။ မွေးဆေးတက်နေတဲ့ အလတ်ကောင်ကတော့ စိုက်ပျိုးရေးပညာရှင်ကြီး ပြောင်းစိုက်ပြပါဦးရယ်လို့ နောက်လေ့ရှိတတ်တယ်။ ဒီကောင်လည်း အခုတော့ ရေဆင်းမှာ ကျောင်းပြန်တက်နေပြီ။ အငယ်ဆုံး ညီမငယ်လေးက ၁၀ တန်းကျောင်းသူတဲ့။ အိမ်မရောက်တဲ့အချိန်တွေမှာ အပြောင်းအလဲလေးတွေတော့ရှိနေတာကို သတိထားမိတယ်။ အမေလည်း အရင်ကထက်ပိုပြီး အိုစာလာသလိုပဲ။ အငယ်မကတော့ ပြောတယ်။ ပြောင်းဖူးများ မစားရလည်း ဘာမှမဖြစ်ပါဘူး၊ စျေးထဲက ဝယ်စားမှာပေါ့တဲ့။ ဟုတ်တော့လည်း ဟုတ်သား။ ဒီဘက်မှာက ပြောင်းပေါတယ်။ အဓိကထားစိုက်ကြတယ်။ ပြောသာ ပြောရတာ၊ အိမ်မှာက အမေတစ်ယောက်တည်းရယ်။ ပြောင်းဖူးစားမယ့်လူက မရှိပါဘူးပြောရမယ်။ အမလေး နင်ပဲ နင့်သူငယ်ချင်းတွေ အိမ်ခေါ်လာပြီးတော့ ပြောင်းဖူး ပြုတ်လိုက်၊ ဖုတ်လိုက်နဲ့ စားလိုက်ကြတာ များရယ်လို့ အမေက ညီမလေးကို ငေါက်တော့ သူမ ရယ်ကျဲကျဲလုပ်နေတယ်။ အငယ်မက ကျောင်းမှာပဲ အိပ်တာ၊ ထမင်းစားချိန်လောက်ပဲ အိမ်ပြန်လာတတ်တယ်။ ကိုယ်ပိုင်ကျောင်းပေါ့လေ။ အဖေကလည်း ဒီမြို့မှာ မဟုတ်တော့ဘူး။ မြို့နယ်ခွဲတစ်ခုမှာမြို့နယ်မှူးဆိုတော့ အဲဒီအလုပ်ရှိတဲ့ နေရာမှာပဲအနေများတယ်။ တစ်ပတ်ကို တစ်ခါလောက်ပဲ အိမ်ကိုပြန်လာတတ်တာ။ ကျွန်တော်ကလည်း ကိုယ့်အလုပ်နဲ့ကိုယ် အဝေးမှာ ဆိုပါတော့။ အလတ်မနဲ့ အလတ်ကောင်တို့လည်း အောက်ပြည်အောက်ရွာမှာ တက္ကသိုလ်တက်နေကြတာဆိုတော့လည်း ကျောင်းပိတ်ချိန်လောက်ပဲ အိမ်ပြန်လာတတ်ကြတယ်။ ပြန်လာရင်တောင် သူတို့ ၁၀ တန်းအောင်ခဲ့တဲ့ ကိုယ်ပိုင်ကျောင်းမှာ ဂိုက်ပြန်လုပ်တော့ အိမ်မှာ သိပ်မနေကြဘူး။
မင်းပြန်သွားရင်တော့ အရင်လို ငါတစ်ယောက်တည်းပဲ နေရတော့မှာ၊ ပျင်းစရာတော့ အကောင်းသားတဲ့။ ပျင်းနေရင် စာဖတ်ပေါ့၊ ဇာတ်ကားကြည့်ပေါ့ဆိုတော့ အမေက ငြိမ်နေတယ်။ အိမ်ရောက်တော့ သတိထားမိတယ်။ အရင်လိုပဲ အမေဟာ ကိုးရီးယားဇာတ်ကားတွေကို စွဲစွဲမြဲမြဲကြည့်နေတုန်းပဲ။ ဇာတ်ကားတွေကိုတောင် ဒေါင်းလုပ်ဆွဲခိုင်းတတ်သေးတာ။ အမေ ပျင်းနေမယ်ဆိုတာကို ကျွန်တော်သိတယ်။ အရင်ကတော့ ဂိမ်းဆော့သေးတယ်၊ ဆော့လွန်းလို့ ဖုန်းပါကြောင်လာတာနဲ့ မဆော့တော့တာတဲ့ အမေက ပြောပြီးရယ်နေတယ်။ အမေက သိပ်တော့မပြောင်းလဲပါဘူး။ အရင်လို ကိုးရီးယားကားကြည့်ဆဲ၊ ပါးစပ်က ပွစိပွစိလုပ်မြဲ၊ ၉ နာရီ ထိုးပြီဆိုတာနဲ့ သူ့အမျိုးတွေကို ပတ်ပြီးဖုန်းဆက်ဆဲ။ အမေ တစ်ခုပဲ ဆိုးလာတယ်။ အဲဒါကတော့ ပါ၀ါမျက်မှန်ပဲလို့ပြောတော့ အမေက ရယ်ရှာတယ်။ ပြောသာ ပြောရတာ အိမ်မှာ တစ်ယောက်တည်းဆိုပေမဲ့ အလုပ်ကတော့ နားရတယ်မရှိပါဘူး၊ နင့်ညီမ ထမင်းစားဖို့ အချိန်မီလုပ်ပေးရတယ်၊ အိမ်သန့်ရှင်းရေး လုပ်ရသေးတယ်၊ လျှော်ဟယ် ဖွပ်ဟယ်နဲ့၊ စိုက်ခင်းကလည်း မြက်ပေါက်ရသေး၊ တစ်နေ့တစ်နေ့များ နားရတယ်မရှိပါဘူးလို့ အမေက ဆက်ပြောလာတော့ အဲဒါတွေ မလုပ်ရရင် အမေ ပိုပျင်းနေမှာပေါ့ဆိုတော့ ဟုတ်တော့ ဟုတ်ပါတယ်အေတဲ့။ အမေ့ကိုလည်း သနားလည်းသနား၊ အားလည်း အားနာမိတယ်။ အလတ်ကောင်နဲ့ အလတ်မတို့တတွေလည်း ကျောင်းပြီးလို့ အလုပ်ဝင်ကြတဲ့အခါ အမေဟာ အားလုံးနဲ့ ပိုဝေးရတော့မယ်ထင်ပါရဲ့။ လူ့ဘဝဆိုတာ ဒီလိုပဲမဟုတ်ပါလား။ ကျွန်တော်တို့လည်း တစ်နေ့တော့ ကျော်ဖြတ်ကြရဦးမှာပေါ့လေ။
အငယ်မလေးက ဒီနှစ် ၁၀ တန်းဆိုတော့ ကိုယ်ပိုင်ကျောင်းနေရတယ်။ တချို့ ကျောင်းသူကျောင်းသားတွေက ကျောင်းမှာပဲနေ၊ ကျောင်းမှာပဲ စားကြပြီး တချို့ကတော့ ကျောင်းမှာ နေပြီး ထမင်းကိုတော့ အိမ်ပြန်စားကြတယ်။ ကျောင်းမှာ စားဖို့ဆိုရင် လေးသိန်းဆိုလား ပိုပေးရသတဲ့။ ကျွန်တော်တို့တုန်းကတော့ ကိုယ်ပိုင်ကျောင်းတွေ ခေတ်မစားသေးဘူး ပြောရမယ်။ ကိုယ်ပိုင်ကျောင်းဆိုတဲ့အသံတွေ ကြားနေရတာ သိပ်မကြာသေးတာတော့ အမှန်ပဲ။ ကိုယ်ပိုင်ကျောင်းဆိုတော့လည်း ထုံးစံအတိုင်း ငွေကလည်း စကားပြောလာတာ အမှန်ပဲ။ ဆင်းရဲသား၊ လူလတ်တန်းစားတွေအတွက်ကတော့ ကိုယ်ပိုင်ကျောင်းတွေဆိုတာ သိပ်တော့ မလွယ်ဘူးပေါ့။ နယ်ဘက်ကျေးဘက်က ကျွန်တော်သိတဲ့ ကိုယ်ပိုင်ကျောင်းတွေဆိုတာ အရင်တုန်းက အဆောင်ဘော်ဒါတွေပါပဲ။ ဘော်ဒါဆောင်တွေကနေ ကိုယ်ပိုင်ကျောင်းများ ဖြစ်လာကြသတည်းပေါ့။ ကိုယ်ပိုင်ကျောင်းတွေ ပေါလာလိုက်တာ အားရစရာကြီး၊ မြန်မာ့ပညာရေး ပိုကောင်းလာဖို့ရှိတယ်လို့တော့ တချို့ပြောကြတယ်။ ပိုက်ဆံရှိတဲ့ လူတန်းစားနဲ ့ပိုက်ဆံမရှိတဲ့ လူတန်းစားကတော့ ပိုပြီး သိသာလာမှာအမှန်ပဲ။ ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးအကြောင်းကိုတော့ အားလုံး အသိပါပဲ။ တစ်လောက နာမည်ကြီးနေတဲ့ အိန္ဒိယပညာရေးနောက်ခံ ဇာတ်ကားလေးကြည့်ဖြစ်တယ်။ အဲဒီထဲမှာ ဇာတ်လိုက်ကျောင်းအုပ်ကြီးပြောသလို အိန္ဒိယနိုင်ငံရဲ့ဆေးပညာကောလိပ်၊ နည်းပညာ အဆင့်မြင့်တက္ကသိုလ်ကောလိပ်တွေမှာ ကျောင်းတက်နေတဲ့ ကျောင်းသူကျောင်းသားအများစုဟာ ကိုယ်ပိုင်ကျောင်းတွေကနေ အထက်တန်း အောင်မြင်လာကြသူတွေဖြစ်ပြီး အစိုးရကျောင်းကနေလာတဲ့ ကျောင်းသူကျောင်း သားတွေကတော့ တော်တော်လေးကို နည်းသတဲ့။ ပညာရေးအကြောင်းကို ပြောရမယ်ဆိုရင် ကိုယ်ဖြတ်လာခဲ့တဲ့ခေတ်ကြီးကို ပြန်ငဲ့ကြည့်တဲ့အခါ တော်တော်လေးကို စိတ်ပျက်စရာပါပဲ။ ဘာပဲဖြစ်ဖြစ် အစိုးရကျောင်းတွေကတော့ ပိုပြီး အားထုတ်လာကြလိမ့်မယ်လို့ အကောင်းမြင်စိတ်နဲ့ မျှော်လင့်ရတယ်။ အငယ်ဆုံးမလေးအတွက် ကျောင်းစရိတ်ကို ကိုးသိန်းကြီးများတောင် ပေးရတယ်။ အစိုးရ ကျောင်းကတော့ ပေးစရာမလိုဘူးပေါ့။ ဒါပေမဲ့ အစိုးရကျောင်းထက်တော့ အများကြီးသာတယ်လို့ ကျွန်တော်ပြောရင် စိတ်ဆိုးကြမလားမသိဘူး။ အစိုးရကျောင်းတွေမှာက ကျောင်းသားဦးရေနဲ့ ဆရာဆရာမဦးရေ မမျှမှု၊ ဆရာဆရာမ လုံလောက်မှုအခက်အခဲ၊ ဆရာဆရာမတွေရဲ့ ပညာအခြေခံ၊ နောက်ထပ် သင်ထောက်ကူပစ္စည်းတွေ အစရှိတဲ့ ပြဿနာတွေ အများကြီးပါပဲ။ ကိုယ်ပိုင်ကျောင်းရဲ့ ပြဿနာကတော့ ကျောင်းစရိတ်ကုန်ကျမှု မြင့်မားခြင်းပဲ။ အလတ်ကောင်ကတော့ အငယ်မကို ကိုးသိန်း၊ ၁၀ သိန်းတန်ကျောင်း သူကြီးလို့ သူအိမ်ပြန်ရောက်တဲ့အခါ စတတ်တယ်ဆိုပဲ။ အဖေကတော့ ဒီလိုပါပဲကွာ၊ ငွေတန်ဖိုးက မရှိဘူး ၊ မင်းတို့တုန်းကလည်း သူ့လိုပဲ ထောက်ရတာပါပဲတဲ့။
ဒီမြို့လေးမှာတင် ကိုယ်ပိုင်ကျောင်းက သုံးလေးကျောင်းလောက်ရှိနေတယ်။ အပြိုင်အဆိုင် ကျောင်းတွေဆိုပဲ။ ဒီနှစ်တော့ ဘယ်ကျောင်းက ၁၀ တန်း ဘယ်လောက်ရာခိုင်နှုန်း အောင်ပြီး ဂုဏ်ထူးက ဘယ်လောက်ထွက် တယ်ဆိုတာမျိုး ပြိုင်ကြတာတဲ့။ အဲ၊ အောင်ချက်အများဆုံးကျောင်းကတော့ နောက်တစ်နှစ် ခိုင်ပြီ။ ခိုင်တယ်ဆိုတာကတော့ ကျောင်းလာအပ်တဲ့ မိဘတွေ သိပ်များတာပေါ့။ မိဘတွေဆိုတာကလည်း ကိုယ့်သားသမီး ငယ်ငယ်တုန်းကဆို ဖြစ်သလိုသာ ပစ်ထားကြတာ၊ သူတို့လေးတွေ ၁၀ တန်း ရောက်မှ ၁၀ တန်းအောင်စေချင်ပါတယ် ဖြစ်ကုန်ကြတော့လည်း တကယ်ရယ်စရာပဲ။ ပညာရေးကျဆုံးရခြင်းမှာ မိဘတွေရဲ့ အခန်းဟာလည်း အဓိကနေရာက ပါတယ်လို့ ကျွန်တော်တော့ ယုံကြည်တယ်။ တချို့ကျောင်းတွေကျတော့ တကယ့်ဟာသ၊ အားလုံးသိကြတဲ့အတိုင်း ကျောင်းသားကျောင်းသူတွေကို အရင်ဆုံး ဝင်ခွင့်ဖြေခိုင်းတာ၊ အခြေခံကောင်းတဲ့ အိုကေနိုင်လောက်တဲ့ ကလေးတွေကိုမှ ကျောင်းဝင်ခွင့်ပေးကြတာ။ ဒီတော့လည်း ၁၀ တန်း အောင်ချက်ရာခိုင်နှုန်းမှာ မိုးထိရောက်အောင် မြင့်မားပါသည်ပေါ့လေ။ တကယ့် ရယ်စရာတွေ။ ပညာရေးဟာလည်း လုပ်စားလို့ သိပ်ကောင်းတဲ့နေရာတစ်နေရာ ဖြစ်လာတာတော့ အမှန်ပဲ။ ရင်လေးစရာကောင်းတဲ့ မြန်မာပြည်ပါပဲ။ အမေကတော့ နောက်လာမယ့်နှစ်တွေမှာ ပညာရေးအသစ်စမှာဆို၊ အဲဒီပညာရေးစနစ်မှာ ကြိုက်တဲ့တက္ကသိုလ်ကို တက်ခွင့်ရှိကြတော့မှာ ကောင်းလိုက်တာတဲ့။ အမေကလည်းဗျာ၊ ၁၀ တန်းကို ၂၄၀ နဲ့ အောင်တဲ့ ကလေးတစ်ယောက်က ဆေးပညာရပ်တွေကို လိုက်နိုင်မယ်ထင်လားလို့ ပြောတော့ ဘာမှပြန်မပြောဘူး။ ကျွန်တော်တို့အဖြစ်ဟာ တစ်ခါတလေ ရယ်စရာ။ အမြင့်ကြီးကို မတရားရောက်ချင်တာ၊ အောက်ခြေကိုတော့ ကြိုက်သလိုနေလာ၊ ဖြစ်သလို နေလာကြပြီးမှလေ။ အခြေမခိုင်သူဟာ အမြင့်ရောက်ရင်တောင်မှ တစ်ခဏပါပဲ။ အကျပိုနာလိမ့်မယ် အမေရေဆိုတော့ အမေက ရယ်တယ်။ ဒါနဲ့ အငယ်မက ဘာစိတ်ဝင်စားသတုန်း၊ ဘာတက်မယ်ပြောတုန်းလို့ အမေ့ကို မေးတော့၊ အရင်တုန်းက သူနာပြုတက္ကသိုလ်၊ နောက်တော့ ပညာရေးတက္ကသိုလ် တက်မယ်၊ ဟိုတလောကတော့ အနုပညာတက္ကသိုလ် တက်မယ်လို့ ပြောသေးတယ်။ ဘာကို ၀ါသနာပါလို့ ပါမှန်းမသိပါဘူး အရင်တုန်းက မင်းလိုပေါ့တဲ့။
အမေနဲ့ စကားပြောရင်း အပြင်ဘက်မှာ မိုးဖွဲဖွဲကျနေတာ သတိထားမိတယ်။ ခဏနေဆို အငယ်မလေး ထမင်းစားပြန်လာတော့မယ်။ အဖေကတော့ တောင်ကြီးကိုရုံးကိစ္စသွားလေရဲ့။ ကျွန်တော်လည်း ခဏပါပဲ။ မကြာခင် အစ္စရေး သွားရမယ်လေ။ အမေခုတလော ငြိမ်တယ်မဟုတ်လား၊ စစ်ပွဲတွေ မဖြစ်တော့ဘူးလား မေးတော့ အမေကခေါင်းညိတ်ပြပြီး အခန်းထဲ ဝင်သွားတယ်။ ခဏကြာတော့ စစ်ပွဲကတော့ မဖြစ်မှပဲ၊ တော်တော်စိတ်ညစ်စရာကောင်းတာတဲ့။ တစ်ဖက်ခန်းက အမေ့အသံ ထွက်လာတယ်။ အပြင်ဘက်မှာ မိုးက ပိုသည်းလို့ လာတယ်။ မကြာခင် အငယ်မ ပြန်ရောက်လာလိမ့်မယ်။










