လူကြီးကလေး

လူကြီးကလေး
Published 10 September 2019
မိုးသောက်ထွန်း

အခုတစ်လော မောင်မိုးတို့ နှေးပျော့ကျေးရွာမှာ ရောဂါဆန်းတစ်ခု ပျံ့နှံ့လာတယ်။ရောဂါလို့ဆိုပေမဲ့ အဲ့ဒီရောဂါကို တိုက်ဖျက်ပစ်ဖို့ ဘယ်သူမှ စိတ်မကူးကြဘူး။ ပြီးတော့ ဒီရောဂါက ကလေးငယ်တွေမှာ လုံးဝ မဖြစ်ဘူး။ ဒါကြောင့်လည်း စိုးရိမ်မှု သိပ်မဖြစ်ကြ တာလားတော့ မသိ။  လူကြီးတွေမှာကတော့ အတော်လေး ပျံ့နှံ့ကူးစက်နေပြီ။ ရောဂါရဲ့ နာမည်က ‘လူကြီးကလေး’ရောဂါတဲ့။ ဒီရောဂါရဲ့လက္ခဏာကိုက ကလေးဆန်တယ်။  ကလေးတွေရဲ့ အမူအကျင့်တွေအတိုင်း လုပ်တတ်ကြတယ်။ အထူးသဖြင့် ကလေးတွေလို ဆော့ကစားတတ်ကြတာပါပဲ။ ကလေးတစ်ယောက်ဟာ လူကြီးလို ပြုမူနေထိုင်ရင် လူကြီး တစ်ယောက်လို စကားကြီးစကားကျယ် ပြောရင် အဲဒီကလေးကို ‘‘ဒီကလေးက လူကြီးစကားတွေ ပြောနေတယ်၊ ကလေးလူကြီးလေး’’လို့ သမုတ်တတ်ကြတယ်။ ဟောအခုလည်း လူကြီးတွေက ကလေးလို ပြုမူကြတော့ အဲဒီ ရောဂါကို ‘လူကြီးကလေး’လို့ နာမည်တပ်လိုက်ကြတော့တာပေါ့။

မောင်မိုးတို့ ငယ်စဉ်က လူစုမိပြီဆို ဂျင်ပေါက်တမ်း ကစားကြတယ်။ မြို့ကသူတွေလို ရယ်ဒီမိတ်ဂျင်တွေ မဟုတ်။ သစ်သားနဲ့ ကိုယ်တိုင်လုပ်တဲ့ ဟမ်းမိတ်ဂျင်တွေ။ မာလကာသားတို့ သံသတ်သားတို့ဆိုတာ ဂျင်လုပ်တဲ့ နေရာမှာ  လွှတ်ကောင်း။ တချို့က ၀ါးမြစ်ကို ခက်ခက်ခဲခဲတူးပြီး ဂျင်လုပ်ကြတယ်။ ၀ါးမြစ် ဂျင်က တော်ရုံမကွဲဘူးလေ။ ဂျင်မှာ တပ်ထားတဲ့ သံတွေကလည်း သေးသေးကွေးကွေး မဟုတ်။ လေးလက်မ ငါးလက်မသံတွေ တပ် ပြီး မြည့်နေအောင် ချွန်ထားကြတာ။ ဒါမှ ဂျင်စစ်ပွဲမှာ အနိုင်နွှဲနိုင်မယ်လေ။

 ရှိနေပြီးသား ဂျင်ဝိုင်းကို ဝင်ကစားချင် ရင် ‘ဝင်စို့’ လို့ အော်ပြီး ဝင်ပါရတယ်။ အဲဒီလို ‘ဝင်စို့’ လုပ်တဲ့သူ အများစုက အချောင်သမားတွေ များကြတယ်။ သူတို့က ဂျင်ဝိုင်းကို စောင့် ကြည့်ပြီး အခြေနေဟန်မှ ဝင်ပါတတ်ကြတာ။ သူတို့တွေက အခြေနေမဟန်ရင် ချက်ချင်း   ‘ထွက်စို့’ လုပ်တတ်ကြ တယ်။ အဲလိုလူမျိုးကို ဂျင်ဝိုင်းအတော်များများက လက်မခံချင်ကြဘူး။ ဒါပေမဲ့ အဲဒီလိုလူတွေက ရှိနေကြတာပါပဲ။ အဲဒီခေတ်ကတော့ ကလေးမှန်ရင် ဂျင်မပေါက်တဲ့သူ ခပ်ရှားရှား။ ဒီကနေ့ခေတ်တော့ ကလေးတွေ ဂျင်မပေါက်ကြတော့ဘူး။ အဲ၊ ဒါပေမဲ့ ဂျင်ဝိုင်းတွေကတော့ ရှိနေကြ တုန်း။ ‘ဝင်စို့’ ‘ထွက်စို့’ အသံတွေ  ညံလို့ပေါ့။ ဂျင်ပေါက်နေတာက ကလေးတွေတော့ မဟုတ်။ သူတို့က လူကြီးတွေ။ တိတိကျကျဆိုရရင် ‘လူကြီးကလေး’ ရောဂါ ခံစားနေကြရ တဲ့သူတွေပေါ့။

မောင်မိုးတို့ ငယ်ငယ်က ဗွီဒီယိုတွေ ခေတ်စားသေးတယ်။ ဗွီဒီယိုရုံတွေက ရွာတိုင်း မှာ ရှိကြတယ်။ ဗွီဒီယို ပြမယ့် ညဆိုရင် ‘‘ဒီည တော့ မိဘပြည်သူများ မျှော်လင့်စောင့်စားနေတဲ့...’’ဆိုတဲ့ စကားနဲ့ အစချီပြီး ဘယ်မင်း သား ဘယ်မင်းသမီးရဲ့ ဗွီဒီယိုကား ပြပါမယ် ဆိုပြီး လော်နဲ့ ကြေညာကြတယ်။ အဲဒီကြေ ညာသံများ ကြားရပြီဆို မောင်မိုးတို့ ကလေး တွေ နေမထိထိုင်မထိ ဖြစ်တော့တာပဲ။ သီဟတင်စိုး၊ ရဲမင်းပိုင်၊ ရဲကိုကိုတို့ရဲ့ ကားတွေဆို ပိုပြီးဆိုးတယ်။ မောင်မိုးတို့က ဖိုက်တင်ကားတွေ ပိုပြီး ကြိုက်တယ်လေ။ အထူးသဖြင့် တော်လှန်ရေးကားတွေပေါ့။ ကျောင်းတက်နေတဲ့ အချိန်မှာများ ဗွီဒီယို ကြေညာပြီဆိုရင် တရုတ်ရုတ်နဲ့ မနေနိုင်မထိုင်နိုင် ဖြစ်ကြလွန်း လို့  ဆရာမရဲ့အရိုက်ခံရတာလည်း ခဏခဏ။

ဖိုက်တင်ကားတွေ ကြည့်ပြီးရင် မောင်မိုးတို့တတွေ အလကား အဖြစ်မခံဘူး။ ကားထဲကအတိုင်း အတုယူပြီး အဲဒီမှာ ဖိုင်တင်ပလေး ကြတယ်။ ရွာက ခြံအတော်များများက သစ်ပင်ကြီးငယ် အသွယ်သွယ်နဲ့ အုပ်ဆိုင်း ညို့ မှိုင်းနေတာ။ အခုခေတ်လို ကတုံးဆံပင်ပေါက် မဟုတ်သေးဘူး။ အဲဒီခြံကြီးတွေထဲမှာ မောင်မိုးတို့တစ်တွေ သူတင်ကိုယ်တင် တိုက်ပွဲဆင်ခဲ့ကြတယ်။ သေနတ်ဆိုတာလည်း ထွေထွေ ထူးထူး မဟုတ်ဘူး။ သစ်ကိုင်း ကောက် ကောက်တစ်ချောင်းရရင် သေနတ်ဖြစ်တယ်။ အသံကတော့ ပါးစပ်ကနေ အမြုပ်တစီစီ ထွက်အောင် အော်ကြရတယ်။ တဒိုင်းဒိုင်း အသံတွေ ဆူညံလို့ပေါ့။ တချို့ နိုင်ငံခြားစစ် ကားတွေ ကြည့်ဖူးသူတွေက ‘ဒိုင်း ဒိုင်း’ အစား ‘ဒက် ဒက် ဒက်’ လို့ အသံထွက်ကြတယ်။

မောင်မိုးတို့ရဲ့ ခြံတွင်းစစ်ပွဲက မကြာခဏ ဆင်နွှဲဖြစ်တယ်။ ဒါပေမဲ့ မောင်မိုးတို့ စစ်ပွဲမှာ ဒေါသတွေ မပါဘူး။ ပျော်စရာတွေပဲ ပါတယ်။ မောင်မိုးတို့ စစ်ပွဲက အသက်တွေ ပေးစရာမလိုဘူး။ အားခနဲ အော်ပြီး ပစ်လဲ သွား၊ ပြီးရင် ပြန်ထ ဒါပဲ။ မောလာတဲ့အခါ ငြိမ်းချမ်းရေးယူကြတယ်။ နားမယ်ဆို တကယ် နားကြတယ်။ အလစ်ဝင်တိုက်တယ်ဆိုတာ မရှိဘူး။ တကယ်တော့ မောင်မိုးတို့ ကလေးဘဝ ဆင်နွှဲခဲ့တဲ့ စစ်ပွဲတွေဟာ စာရွက်ဖြူ အလွတ်တစ်ရွက်လိုပါပဲ။ လုံးဝ အဖြူထည် သက်သက်။

အခုတော့ ကလေးတွေ မောင်မိုးတို့ တုန်းကလို စစ်မတိုက်ကြတော့ဘူး။ ကလေး တွေရဲ့လက်ထဲက သေနတ်တွေကို လောဘ အစစ်တွေက လုယူသွားကြပြီ။ အပြန်အလှန် ထိုးခဲ့ကြတဲ့ လက်ညှိုးတွေ၊ ငြင်းခုံခဲ့ကြတဲ့ စ ကားလုံးတွေကို လူကြီးတွေလက်ထဲ လွှဲပေးလိုက်ကြပြီ။ သစ်ကိုင်းကျိုးသေနတ်တွေက ကျည်ဆန်အစစ်တွေ ထွက်လာကြပြီ။ အသံတွေကလည်း ဝုန်းလို့  အကျယ်ကြီးမြည်လို့ ပေါ့။ ကျတဲ့ သွေးတွေကလည်း အစစ်တွေ။ မျက်ရည်တွေကလည်း တကယ့်ကို ပူပူလောင် လောင်ရှိလှပေါ့။ အသက်အစစ်တွေနဲ့ ကစားနေကြတဲ့ပွဲ၊ လူကြီးကလေးတွေရဲ့လက်ထဲ မမောမပန်း ရှေ့ဆက်နေတုန်းပဲ။

မောင်မိုးတို့ ငယ်ငယ်က ကလေးတိုင်း ကစားကြတယ်။ ဆော့ကြတယ်။ မဆော့၊ မကစားတဲ့သူက မရှိသလောက်ပဲ။ ဆော့ဖို့ ကစားဖို့အတွက် ကလေးအချင်းချင်း မဲဆွယ် ကြတယ်။ ကြိုတင်အချိန်းအချက် ပြုကြရ တယ်။ ဘာလို့ဆိုတော့ ကလေးတွေကိုး။ မိဘ အုပ်ထိန်းမှုအောက် နေကြရသူတွေဆိုတော့ ‘ကစားပါ့မယ်’ လို့ လွယ်လွယ်ကတိ မပေးရဲ ကြဘူး။ ကတိပေးပြီးမှ မတည်တဲ့သူဆိုရင် လည်း နောက်တစ်ခါကစားဖို့ ခေါ်လေ့မရှိဘူး။ ဒါပေမဲ့  မိဘတွေရဲ့ထိန်းချုပ်မှုတွေကြား မကြာခဏ ကတိပျက်ခဲ့ကြတယ်။ နောက်တော့ ကတိပျက်တာဟာ သိပ်မဆန်းသလို ဖြစ်လာပြီး ကတိပျက်တမ်း ကစားတယ်လို့ တောင် ဆိုရမလိုပါပဲ။

အခုခေတ်တော့ ကလေးတွေ ကစားတာ သိပ်မရှိတော့သလို တစ်ဦးနဲ့ တစ်ဦးလည်း ကတိတွေ သိပ်မပေးကြတော့ဘူး။ ဒါပေမဲ့ ကတိပျက်တမ်းကစားတာကတော့ တွေ့နေရတုန်းပဲ။ ကလေးတွေ ပေးကြတဲ့ ကတိတော့မဟုတ်။ စကားလုံးချိုချိုတွေနဲ့ လူအကြီးကြီးတွေ ပေးကြတဲ့ကတိ။ လူကြီးတွေ ကစားကြတဲ့ ကတိပျက်တမ်းက မိဘတွေ ခွင့်မပြုလို့ မဟုတ်ဘူး။ အတိတ်မေ့ရောဂါကြောင့်။ အာဘောင်အာရင်းသန်သန်နဲ့ လက်သီးလက်မောင်းတန်းပြီး ဆိုခဲ့တဲ့ကတိတွေဟာ အသက်အရွယ်ကြောင့်လားတော့မသိ။ တစ် နှစ် နှစ်နှစ်တောင် မခံဘူး။ အမေ့ကြီး မေ့သွား တတ်ကြတယ်။ လူကြီးကလေးရောဂါရဲ့ ဆိုးကျိုးက စိတ်ပျက်စရာ အတော်ကို ကောင်း နေတာပါပဲ။

မောင်မိုးတို့ ငယ်ငယ်က ကလေးတစ်သိုက် စုပြီး ခိုးခဲ့ကြတယ်ဆိုရင် ယုံမလားတော့ မသိ။ ဟုတ်တယ်။ တကယ်ကို ခိုးခဲ့ကြတယ်။ ခိုးတမ်းကစားခဲ့ကြတယ်လို့ဆိုရင် ပိုမှန်လိမ့်မယ်။ ဘာလို့လဲဆိုတော့ မောင်မိုးတို့ ခိုးခဲ့ကြ တာ စီးပွားဖြစ်မဟုတ်ဘူး။ ဆွေမျိုးတစ်သိုက် လုံးစာအတွက် မဟုတ်ဘူး။ ဝမ်းဗိုက် အာသာ ပြေရုံ ခိုးခဲ့ကြတာ။ ခိုးတဲ့ ပစ္စည်းကလည်း မာလကာသီး၊ သရက်သီးလို အသီးအနှံတွေ။ အဘိုးတွေ အဘွားတွေကတော့ သူများပစ္စည်း ပိုင်ရှင်မသိအောင် မယူကြနဲ့။ လိုချင်ရင် ပိုင် ရှင်ဆီမှာတောင်းလို့ သင်ပေးခဲ့တာပါ။ ဒါပေ မဲ့  တချို့ ကပ်စေးနဲသူတွေရဲ့အပင်ကအသီး တွေကျတော့ တောင်းယူလို့ အဆင်မပြေဘူး။ ဒီတော့ မောင်မိုးတို့ ခိုးခဲ့ကြတယ်။ ခိုးတမ်း ကစားခဲ့ကြတယ်။ မိတဲ့အခါ အရိုက်ခံကြရ တာပေါ့။

အခုခေတ် ကလေးတွေက မောင်မိုးတို့ ထက် ပိုပြီး လိမ္မာကြတယ်လို့ ဆိုရမယ်။ ခိုး တမ်း မကစားကြတော့ဘူး။ မောင်မိုးတို့ရဲ့ ကစားနည်းက ကလေးတွေဆီမှာ မရှိတော့ ဘူး။ လူကြီးတွေဆီကို ကူးစက်သွားခဲ့ပြီ။ ပေါ် တင်ခိုးတယ်။ တိတ်တိတ်လေး ခိုးတယ်။ သိသိ သာသာ ခိုးတယ်။ မသိမသာ ခိုးတယ်။ ခိုးမှန်း မသိအောင် ခိုးကြတယ်။ တချို့ မခိုးဘူးလို့ အားရပါးရ ဟစ်ကြွေးပြီးတော့ကို ခိုးကြသေးတယ်။ မောင်မိုးတို့ ခိုးတမ်းကစားတုန်းက တော့ မိရင် အရိုက်ခံလိုက်တာနဲ့ ပွဲပြီးတယ်။ ခိုးမိရင် ခိုးတယ်လို့ ရဲရဲရင့်ရင့် ဝန်ခံခဲ့ကြတယ်။ ခိုးတာကို မိသွားတဲ့သူငယ်ချင်းကို သူငယ်ချင်း အဖွဲ့ကနေ ဖယ်မပစ်ခဲ့ကြဘူး။ ဒါပေမဲ့ လူကြီး တွေဆီက ကစားနည်းကတော့ အဲဒီလောက် နဲ့ ပွဲမသိမ်းဘူး။ ဝန်ခံတဲ့သူကလည်း မရှိသ လောက်ပဲ။ မိပြီဆို အပေါင်းအဖော် မရှိတော့ ဘူး။ ဒီလိုနဲ့ လူကြီးကလေးရောဂါက တမြည့် မြည့် လှိုက်စားကောင်းနေတာပေါ့။

လူကြီးကလေးရောဂါကို ကုသဖို့ဆေး ခုထိတော့ ရှာမတွေ့သေးဘူး။ ဆေးကို ရှာဖွေနေတယ်လို့လည်း တိတိပပ မကြားမိသေး။ ရောဂါကတော့ အရှိန်ကောင်းနေတုန်း။ တစ်ခါတစ်ခါ ချောက်ချနေကြတုန်း။ တစ်ခါတစ်ခါ ပြက်လုံးတွေ ထုတ်နေကြတုန်း။ အထိမခံ ရွှေပန်းကန်လို ဆတ်ဆတ်ထိမခံ ဖြစ်နေကြတုန်း။ မောင်မိုးကတော့ ဒီရောဂါအတွက် ဆေးကို ရှာတွေ့စေချင်လှပါပြီ။ ဖလဲမင်းက မှိုကနေ ပနယ်ဆလင်တွေ့သလို ရှာတွေ့ရင်လည်း အကောင်းသား။ တစ်နေ့တော့ ရှာကြကောင်း ပါရဲ့။ တွေ့နိုင်ကောင်းပါရဲ့။ ဟုတ်ကဲ့ ဒါက မောင်မိုးတို့ နှေးပျော့ရွာက ရောဂါဆန်းအကြောင်းပါပဲဗျာ။

 

Most Read

Most Recent