ပြည်တွင်းသကြားစျေးနှုန်း ကျဆင်းပြီး ပြည်တွင်းသကြားစက်ရုံများ ကြံစျေးနှုန်း လျှော့ချဝယ်ယူမှုကြောင့် ကြံစိုက်တောင်သူများ အခက်အခဲဖြစ်နေ

ပြည်တွင်းသကြားစျေးနှုန်း ကျဆင်းပြီး ပြည်တွင်းသကြားစက်ရုံများ ကြံစျေးနှုန်း လျှော့ချဝယ်ယူမှုကြောင့် ကြံစိုက်တောင်သူများ အခက်အခဲဖြစ်နေ
ပြည်တွင်းသကြားစက်ရုံတစ်ရုံကို တွေ့ရစဉ်
ပြည်တွင်းသကြားစက်ရုံတစ်ရုံကို တွေ့ရစဉ်
Published 10 September 2019
မင်းလတ်

ဆယ်စုနှစ်အတွင်း ပြည်တွင်းသကြား စျေးအနိမ့်ဆုံးစျေးရောက်ရှိနေခြင်း ပြည်တွင်းသကြားစက်ရုံများ၌ သကြား ၈၀ ရာခိုင်နှုန်းခန့် စုပုံနေခြင်းတို့ကြောင့် စက်ရုံများ ကြံစျေးနှုန်း လျှော့ချဝယ်ယူမှုကြောင့် ကြံစိုက် တောင်သူများ အခက်အခဲဖြစ်နေကြောင်း မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှ ကြံစိုက်တောင်သူများထံ က သိရသည်။

“ကျွန်တော်တို့ ကြံစျေး အလွန်တရာ နိမ့်ကျသွားတဲ့အကြောင်းရင်းက အဓိကဖြစ်နေတယ်။ ဘာကြောင့် ကြံစျေးနိမ့်ကျသွားသလဲဆိုတော့ ၂၀၁၅-၂၀၁၆ ခုနှစ်မှာ ကြံ တစ်တန် ကျပ် ၅၀၀၀၀ စျေးရတယ်။ ၂၀၁၆- ၂၀၁၇ မှာ ကျပ် ၄၅၀၀၀ စျေးရတယ်။ ၂၀၁၇-၂၀၁၈ ခုနှစ်မှာ ကျပ် ၄၁၅၀၀ စျေး ရတယ်။ အခု ၂၀၁၈-၂၀၁၉ ခုနှစ်မှာ ကြံ တစ်တန် ကျပ် ၃၈၀၀၀ စျေးပေးနေတယ်။ သကြားစျေး ၉၅၀ စျေးကို အခြေခံပြီး သကြား စျေး ငါးဆယ်တက်တိုင်း ကြံတစ်တန် တစ်ထောင်စျေးတက်ပေးမယ်။ သကြားစက်ရုံဘက်ကနေပေါ့။ သကြားစျေး ဘာကြောင့် ပျက်သွားလဲဆိုတော့ ပြည်တွင်းစျေးကွက်မှာ နိုင်ငံခြားကနေ တင်သွင်းလာတဲ့ သကြား တွေ လွှမ်းမိုးသွားတယ်။ Re-export ဆိုပြီး တရုတ်ပြည် တရားမဝင်ပို့နေတဲ့ သကြားတွေ ကြောင့်လဲပါတယ်။ အခု နယ်စပ်မှာ ပိတ်သွားတဲ့အတွက် မူဆယ်မှာဆို သကြားတန် သိန်း ခြောက်သောင်းလောက် စုပုံနေတယ်။ ပြည် တွင်းစက်ရုံကနေ ထုတ်ထားတဲ့ သကြားက တန်လေးသိန်းလောက် ရှိနေတယ်။ ပြည်တွင်းစက်ရုံ ၁၈ရုံ သကြားထုတ်က တစ်နှစ် သကြားတန်ငါးသိန်းလောက် ထွက်တယ်။ ပြည်တွင်းစားသုံးမှု လေးသိန်းရှိရင်တောင် သကြားတန် ၁၀ သိန်းလောက် ပြည်တွင်းမှာ ပို့နေတယ်။ ပို့နေတဲ့တန်တစ်သိန်းကို စျေးကွက်ရှာဖွေရမှာလေ။ ရောင်းဖို့ရတောင် ပို့နေတာတောင် ပြည်ပကနေ လုပ်ငန်းရှင်တွေက သကြားကို တင်သွင်းပြီး စျေးကွက်ထဲ တရားမဝင် ပြန်လည်ရောင်းချနေတာကြောင့် သကြားစျေးကွက်တစ်ခုလုံး ပျက်သွားတယ်။ ပြည်တွင်းစက်ရုံ သကြားတွေက သကြားမရောင်းရတော့ဘူး။ ကျွန်တော်တို့ ကြံစိုက် တောင်သူတွေလည်း အကျိုးအကြောင်း ဆက်ဆံမှုတွေရှိတော့ ကြံစျေးပေးလို့မရတော့ ဒုက္ခရောက်ကုန်တယ်” ဟု စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့နယ်  ကျောက်အိုကြီး ကျေးရွာမှ ဦးချိုတူးက ပြောကြားသည်။

ယခင်နှစ် သကြားလက်ကျန်များစွာ ရောင်းချနိုင်ခြင်းမရှိခြင်းကြောင့် ကြံတန်ချိန် တစ်သိန်းကျော် ကျန်ရှိနေပြီး လာမည့် ကြံရာသီ၌ ကြံတန်ချိန် ၁၀ သိန်းခန့် ကြိတ်ဝါးရန် ရည်မှန်းထားခြင်းကြောင့် ကြံတစ်တန် ကျပ် ၃၈၀၀၀ ဖြင့်သာ ဝယ်ယူဖြစ်ကြောင်း မောင်းကုန်းသကြားစက်ရုံထံမှ သိရသည်။

ယခုနှစ် ကြံခုတ်သိမ်းရာသီတွင် ထီးချိုင့်၊ ကသာနယ်ဘက်မှ ကြံတန်ချိန် ၁၈ သိန်းခန့်ထွက်ရှိသော်လည်း စက်ရုံမှ ၁၃ သိန်းခန့်သာ ဝယ်ယူနိုင်သဖြင့် တောင်သူများလက်ဝယ်တွင် ကျန်ရှိနေသည့် ကြံတန် ချိန်ငါးသိန်းခန့်အား ပွက်ရည်ချက်၍ မန္တလေးစျေးကွက်သို့ ပို့ဆောင်ရောင်းချရမည့် အနေအထားတွင် ရှိနေပြီး ၎င်းပွက်ရည်စျေးမှာလည်း ယခင်နှစ်ထက် ကျဆင်းနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကြံစိုက်ပျိုးထုတ်လုပ်မှုမှာ ဧကလေးသိန်းကျော်ရှိပြီး ကြံတန်ချိန် ၁၀ သန်းကျော်ထွက်ရှိကြောင်း၊ လက်ရှိ မြန်မာထွက် ကြံနှင့် သကြားများကို တရုတ်စျေး ကွက်သို့ တင်ပို့ရောင်းချမှုသာရှိကြောင်း၊ ၂၀၁၉- ၂၀၂၀ ကြံရာသီကို ဒီဇင်ဘာလမှ ဧပြီလအထိ သတ်မှတ်ထားကြောင်း သိရ သည်။  ကြံရာသီစိုက်ပျိုးမှုနှင့် သကြားထွက်ရှိမှုသည် ၂၀၁၇-၂၀၁၈တွင် စိုက်ဧက ၄၀၀၀၀၀ ကျော်ရှိပြီး သကြား တန်ချိန် ၅၀၀၀၀၀ ကျော်ထွက်ရှိပြီး ၂၀၁၈ ၂၀၁၉ ခုနှစ်တွင် ကြံစိုက်ဧက တိုးလာပြီး စိုက်ဧက ၅၀၀၀၀၀ နီးပါးရှိကြောင်း သိရသည်။

 

 

Most Read

Most Recent