စျေးနှုန်းကျ၊ စျေးကွက်ပျောက်နေတဲ့ မြန်မာ့ဆန်စပါးအတွက် တောင်သူတွေ ခံနိုင်ရည်ရှိပါ့မလား

စျေးနှုန်းကျ၊ စျေးကွက်ပျောက်နေတဲ့ မြန်မာ့ဆန်စပါးအတွက် တောင်သူတွေ ခံနိုင်ရည်ရှိပါ့မလား
ဧရာဝတီတိုင်းဒေသကြီး ကျေးလက်တစ်ခုအတွင်း မိုးစပါး စိုက်ပျိုးနေသည့်မြင်ကွင်း (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
ဧရာဝတီတိုင်းဒေသကြီး ကျေးလက်တစ်ခုအတွင်း မိုးစပါး စိုက်ပျိုးနေသည့်မြင်ကွင်း (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
Published 9 September 2019
မင်းသူဝင်းထွဋ်

“ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မတ်လတုန်းက နေပြည်တော်မှာ ပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဆန်စပါးအတွက် အခြေခံစျေးနှုန်းအဖြစ် သတ်မှတ် အရည်အသွေးပြည့်စုံရေး တင်း ၁၀၀ ကို ကျပ် ငါးသိန်း ကြေညာ ဆောင်ရွက်စေဖို့ ကျွန်မအနေနဲ့ အထူးတလည် အလေးပေး တိုက်တွန်းခဲ့ပါတယ်။ တိုက်တွန်းခဲ့တဲ့ အတိုင်းပဲ။ အခြေခံစျေးနှုန်းအဖြစ် သတ်မှတ် ကြေညာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခြေခံစျေးနှုန်းဆိုတာ တစ်ရာသီပြီးရင် တစ်ရာသီ တစ်နှစ်ပြီးရင် နောက်တစ်နှစ် ပြောင်းလဲ ကြေညာပေးရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ စိုက်ပျိုးရာသီမတိုင်ခင် ပြည်တွင်းပြည်ပ စျေးကွက်အခြေအနေတွေကို လေ့လာသုံးသပ်ပြီး ကြိုတင် ကြေညာပေးရပါတယ်။ ဒီလိုကြေညာပေးတဲ့ အခြေခံစျေးနှုန်းကို လေ့လာပြီး တောင်သူတွေက သူတို့အတွက် တွက်ခြေတိုက်တဲ့ သီးနှံကို ရွေးချယ်စိုက်ပျိုးကြတဲ့ ပုံစံမျိုး ဆောင်ရွက်ကြပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူံမြို့မှာ ဇွန် ၂၈ ရက်က တောင်သူများနှင့် တွေ့ဆုံစဉ် ပြောကြားပါတယ်။

ဇွန် ၄ ရက်မှာတော့ ကြို့ပင်ကောက်မြို့နယ်မှ တောင်သူလယ်သမားများဟာ လမ်းမပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒါက နိုင်ငံတော်က သတ်မှတ်ခဲ့တဲ့ အခြေခံ စပါးစျေးနှုန်းအောက်ကို စျေးကွက်ပေါက်စျေးဟာ ကျဆင်းနေပြီးတော့ ထုတ်လုပ်မှု ကုန်ကျစရိတ်အောက်ကို ရောက်ရှိနေတဲ့ စပါးစျေးကို နိုင်ငံတော် သတ်မှတ်သည့် အခြေခံစျေးနှုန်း ငါးသိန်းကျပ်ဖြင့် ဝယ်ယူပေးရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ကမ္ဘာ့စျေးကွက် ပျောက်ဆုံးခြင်းနှင့် ပြည်တွင်းစားသုံးမှု ပိုလျှံနေတာကြောင့် စပါးစျေးနှုန်းဟာ ၂၀၁၈ ခုနှစ် နှောင်းပိုင်းကာလကနေ ယခုအချိန်အထိ ဆက်တိုက်ဆိုသလို ကျဆင်းနေတာပါ။ အခြေခံစျေးနှုန်းကို သတ်မှတ်ခဲ့သော်လည်း အခြေခံစျေးနှုန်းအောက် လျော့နည်းဝယ်ယူပါက မည်သို့သော အရေးယူ ဆောင်ရွက်မှု ပြုလုပ်မည်။ နိုင်ငံတော်က မည်ကဲ့သို့ ဝင်ရောက် ထိန်းညှိပေးမည်ဆိုသည့် နောက်ဆက်တွဲ သတ်မှတ် စီစဉ်ဆောင်ရွက်မှု မရှိခြင်းကနေ တောင်သူများဟာ ငါ့ဝမ်းပူဆာ မနေသာ ဖြစ်ခဲ့ရခြင်းပါပဲ။ ထုတ်လုပ်မှု ကုန်ကျစရိတ်အောက် လျော့နည်းနေတဲ့ စျေးနှုန်းနဲ့ တောင်သူများဟာ ရောင်းချခြင်း မပြုနိုင်သလို ကုန်သည်လုပ်ငန်းရှင်များဟာလည်း အကျိုးအမြတ် ပြန်လည် ဖြစ်ထွန်းဖို့ မျှော်လင့်ချက် မဲ့နေချိန်မှာ ကိုယ်ရှာဖွေထားတဲ့ ငွေကြေးများကို အရှုံးခံ ဝယ်ယူပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

   အခြေခံစျေးနှုန်း သတ်မှတ်ချက်ဟာ ပြည့်စုံနေပြီလား

အခြေခံ စပါးစျေးနှုန်း ငါးသိန်းဟု အလွယ်တကူ ပြောဆိုသတ်မှတ်ပေမဲ့ မြန်မာနိုင်ငံအတွင်းမှာ စိုက်ပျိုးနေတဲ့ စပါးအမျိုးအစားဟာ မျိုးစပါး အမျိုးအစားတစ်မျိုးတည်း မဟုတ်သလို စပါးစိုက်ပျိုးရာ နေရာဒေသများရဲ့ မြေမျက်နှာသွင်ပြင်ဟာလည်း တစ်မျိုးတည်း မဟုတ်ပါဘူး။ သီးထပ်ရင်ကဲ့သို့ စပါးမျိုးဟာ ပုံမှန်စျေးကွက် လှုပ်ရှားနေချိန်မှာ တင်းတစ်ရာလျှင် ပျမ်းမျှစျေးနှုန်း ငါးသိန်းဝန်းကျင် ရှိပါတယ်။ ရက် ၉၀ စပါးမျိုးများဟာ ပုံမှန်စျေးကွက် လှုပ်ရှားနေချိန်မှာ တင်းတစ်ရာလျှင် ပျမ်းမျှစျေးနှုန်း ငါးသိန်းအထက် ရှိပါတယ်။ ပေါ်ဆန်း ကဲ့သို့သော စပါးမျိုးများဟာ ပုံမှန်စျေးကွက် လှုပ်ရှားနေချိန်မှာ တင်း တစ်ရာလျှင် ပျမ်းမျှစျေးနှုန်း ကိုးသိန်းအထက် ရှိပါတယ်။ ပေါ်ဆန်းစပါးမျိုးဟာ တင်း တစ်ရာလျှင် ခုနစ်သိန်းဝန်းကျင် အောက်ကို ကျဆင်းသွားပါက တောင်သူများဟာ အရှုံးကို ရင်ဆိုင်ရပါပြီ။ စိုက်ပျိုးချိန် ကုန်ကျစရိတ် အထွက်နှုန်းဟာ စပါးအမျိုးအစား တစ်ခုနှင့် တစ်ခု မတူညီကြပါဘူး။ အခြေခံ စပါးစျေးနှုန်းဟာ ပြည်တွင်းစားဆန်၊ ပြည်ပအကြိုက်ဆန် အမျိုးအစားခွဲခြား သတ်မှတ်ပြီးတော့ ပြည်တွင်းလိုအပ်ချက် ပြည်ပမှ အဝယ်အကြိုက် လိုအပ်ချက်ကို နှစ်စဉ် စိုက်ပျိုးရာသီချိန် မတိုင်မီ နိုင်ငံတော်က စျေးကွက်ရှာဖွေရရှိမှုအရ တောင်သူများကို အကျိုးဖြစ်ထွန်းစေမည့် စိုက်ပျိုးသီးနှံကို ကြေညာကာ အခြေခံစျေးနှုန်းကို ထုတ်လုပ်မှု ကုန်ကျစရိတ်အထက် သတ်မှတ်ဖို့ လိုပါတယ်။ ဒါ့ပြင် စိုက်ပျိုးသည့် မျိုးစပါး တူညီလျှင်တောင်မှ စိုက်ပျိုးသည့် မြေမျက်နှာသွင်ပြင် အနေအထားအရ သီးနှံရဲ့ အရည်အသွေးဟာ မတူညီတာကြောင့် စပါးကို ကြိတ်ခွဲပါက ထွက်ရှိလာမည့် ဆန်အရည်အသွေး အလေအလွင့်များစွာကို ထည့်သွင်း တွက်ချက်ပြီးတော့ နေရာဒေသအလိုက် စျေးကွက်ပေါက်စျေး အနည်းငယ် ကွာခြားပါတယ်။

  ကုန်သည်၊ စက်ပိုင်တွေ ဘာတွေရင်ဆိုင်နေရလဲ

 စပါးစျေးနှုန်းများ ကျဆင်းလာချိန်မှာ နိုင်ငံတော်က စိုက်ထုတ်ဝယ်ယူဖို့ အသင့်ရှိထားတဲ့ ဘတ်ဂျက် ဝယ်ယူပြီး စပါးများကို သိုလှောင်ထားဖို့ သိုလှောင်ရုံ၊ တောင်သူများထံ သွားရောက် ဝယ်ယူနိုင်ဖို့ ဝန်ထမ်းအရင်းအမြစ် သယ်ယူပို့ဆောင်ဖို့ ယာဉ်များ၊ စပါး အစိုအမှတ်အလိုက် အမျိုးအစားအလိုက် ခွဲခြားစိတ်ဖြာတတ်သော ကျွမ်းကျင်သူများစွာ အသင့်ရှိနေမှသာ အခြေခံစျေးနှုန်းကို နိုင်ငံတော်ကနေ ထိန်းညှိဖို့ဆိုတာ လွယ်ကူပါလိမ့်မယ်။ သို့တည်း မဟုတ်ပါက ဆန်စပါး ကုန်သည်အသင်းများနှင့် ပူးပေါင်းပြီး ဝယ်ယူဖို့ လိုပါမယ်။

၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ စပါးစျေးနှုန်းများဟာ အကျဘက်ကိုပဲ ဦးတည်နေခဲ့တာပါ။ တောင်သူများ လက်ဝယ် စပါးအကျန် နည်းပါးသွားချိန်မှာ အခြေခံစျေးနှုန်းအောက်ကို ကျဆင်းသွားခဲ့တာမို့ တောင်သူတွေ ထိခိုက်မှု နည်းပါးခဲ့တာပါ။ ကုန်သည် စက်ပိုင် လုပ်ငန်းရှင်များလက်ဝယ်မှာ စပါးတင်း သိန်းပေါင်းများစွာဟာ အခုချိန်အထိကို မရောင်းချနိုင်သေးဘဲ ရှိခဲ့ပါတယ်။ နိုင်ငံခြားဝယ်လိုအား ကျဆင်းခြင်း၊ သတ်မှတ်အရည်အသွေး ပြည့်မီစွာ မပို့ဆောင်နိုင်ခြင်း၊ တရုတ်နိုင်ငံက ဆန်ဝယ်ယူမှု ရပ်ဆိုင်းခြင်း၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှာ တိုက်ပွဲများစွာ ဖြစ်နေခြင်းဟာ ရောင်းလိုအား များလွန်းပြီး ဝယ်လိုအား ကျဆင်းကာ စျေးနှုန်းများ ကျ၊ ကုန်သည်များ လက်ဝယ်မှာ စပါးတင်း သိန်းချီ ကျန်ရှိနေကာ ဆန်ဂိုဒေါင်များမှာ စပါးအပြည့်နှင့်ကို ဖြစ်နေပါတယ်။ ဒါ့ပြင် ဆန်စက် လုပ်ငန်းရှင်အများစုဟာ စပါးအသစ်ပေါ်ချိန်မှာ ဝယ်ယူနိုင်ဖို့ ဘဏ်များထံကနေ ငွေချေးယူ ဝယ်ယူကြသည်က များပါတယ်။ ကာလတိုချေးငွေ ဖြစ်တာကြောင့် ပြန်လည်ပေးဆပ်ရဖို့ အချိန်ဟာလည်း ရောက်ရှိလုနေပါပြီ။ ပုံမှန်စျေးကွက် လည်ပတ်နေတဲ့အချိန်မှာ စပါးများကို ကြိတ်ခွဲတင်ပို့နေရတာမို့ ယခုလို အချိန်ကာလမှာ ကုန်သည် စက်ပိုင်များလက်ဝယ်မှာ စပါးအကျန် နည်းပါးသွားပြီး ဘဏ်ချေးငွေ ပြန်လည်ပေးဆပ်ဖို့ လည်ပတ်နေပါတယ်။ သို့ပေမဲ့ ယခု ကုန်သည် စက်ပိုင်များ၊ လုပ်ငန်းရှင်များ ကြုံတွေ့နေရတဲ့ အခက်အခဲကတော့ ပြည်တွင်း ပုံမှန်စားသုံးမှုက လွဲပြီးတော့ မည်သည့် ပြည်ပပို့ကုန်မှ အဝယ်မရှိခြင်းကြောင့် သိုလှောင်ထားသော စပါးများကို ဆန်အဖြစ် ကြိတ်ခွဲ၍ မရနိုင်ခြင်းပါပဲ။

ဆန်စက်အချို့ဆို လည်ပတ်မှု ရပ်ဆိုင်းထားလိုက်ပါပြီ။ အချို့ကတော့ တစ်နေ့ကို သုံးကြိမ် လည်ပတ်တာကနေ အလုပ်သမားများ အလုပ်လက်မဲ့ မဖြစ်စေရေးအတွက် တစ်နေ့တစ်ကြိမ်သာ လည်ပတ်နေပါတယ်။ ဆန်စျေးကွက် ပျောက်ဆုံးမှုနှင့်အတူ ဆန်ကွဲစျေးများပါ ကျဆင်းလာပါတယ်။ သို့သော် ငါးမွေးမြူရေးကန်များကြောင့် ဖွဲနုများကတော့ စံချိန်တင် စျေးနှုန်းတစ်ခုကို တက်သွားခဲ့ပါတယ်။ ဆန်ကြိတ်ခွဲမှုတွေ ရပ်နားလိုက်တာ များပြားလွန်းတာကြောင့် ဖွဲနု အထွက်ကျဆင်းသွားခဲ့ပြီး ကုန်ပစ္စည်း ရှားပါးလေ စျေးနှုန်းတက်လေ ဆိုတာ စျေးကွက်တစ်ခုရဲ့ ပုံမှန်အနေအထား တစ်ခုပါပဲ။ ဒါ့ပြင် မီတာခ နှုန်းထားများ မြင့်တက်လာမှုကလည်း ကြိတ်ခွဲခများကိုပါ စျေးနှုန်းအနည်းငယ် တက်လာစေပါတယ်။ ယခင် က တစ်အိတ်ကို ၁၂၀၀ ကျပ်ကနေ ယခုဆိုလျှင် ၁၅၀၀ ကျပ် တိုးမြင့်ခဲ့ရပါတယ်။

  စပါးအသစ် ပေါ်လာချိန်မှာ စျေးဆက်ကျမှာလား

မကြာမီ ရက်ပိုင်းအတွင်း စပါးအသစ်များ စျေးကွက်အတွင်း ဝင်ရောက်လာပါတော့မယ်။ ပုံမှန်စျေးကွက်အားဖြင့် စပါးအသစ်ဟာ စပါးအဟောင်းများရဲ့ စျေးနှုန်းအောက်မှာပဲ ရှိနေပါတယ်။ စပါးအသစ်ဟာ အစိုမှတ်များခြင်း၊ ဆန်အဖြစ် ကြိတ်ခွဲပြီးပါက လူကြိုက် နည်းပါးခြင်းတွေကြောင့် အဟောင်းစျေးနှုန်းကသာ အမြင့်မှာ ရှိနေတာပါ။ ယခု ရက်ပိုင်းအတွင်းမှာ စျေးကွက်ပေါက်စျေးအရ သက်လတ်စပါး အဟောင်းများဟာ တင်းတစ်ရာလျှင် ငါးသိန်းကျပ်သာသာပဲ ရှိပါတယ်။ သက်ကြီးစပါးများဟာ ရှစ်သိန်းခွဲကျပ် သာသာပဲ ရှိပါတယ်။ ဒါဟာ စျေးကွက်ပေါက်စျေးသာ ဖြစ်ပြီး ဝယ်ယူသူမဲ့ စျေးနှုန်းပါ။ ဝယ်ယူသူရှိပါက ဂိုဒေါင်များအတွင်းမှာ တင်းပေါင်း သိန်းချီ ကျန်ရှိနေတဲ့ ကုန်သည်များဟာ ဆက်လက် သိုလှောင်ထားဖို့ အဆင်မပြေတော့ခြင်း၊ ဘဏ်ချေးငွေများ ပြန်လည်ပေးသွင်းရန် ရှိနေခြင်းများကြောင့် စျေးနှုန်းကို အရှုံးခံပြီး ရောင်းချလိုနေကြပါပြီ။ စပါးဟာ ရွှေ၊ စိန် ကဲ့သို့သော ဘယ်လောက်ထားထား မပျက်စီးနိုင်တဲ့ အမျိုးအစား မဟုတ်ပါဘူး။ စပါးအဟောင်းများဟာ လပေါင်းများစွာ ဆက်လက် သိုလှောင်ထားဖို့ အဆင်မပြေတော့ပါဘူး။ ဝယ်အား မရှိချိန်မှာ ရောင်းလိုအား များနေခြင်းဟာ စျေးနှုန်းကို ဆက်တိုက် ကျဆင်းစေပါတယ်။ မကြာမီကာလမှာ စပါးအသစ်များ စျေးကွက်အတွင်း ဝင်ရောက်လာပါက တောင်သူအားလုံးဟာ ဝယ်ယူမည့်သူ မရှိ၊ စျေးနှုန်း ကျဆင်းခြင်းကို ရင်ဆိုင်လာရမှာ သေချာပါပြီ။ ကုန်သည်များဟာလည်း အရှုံးခံ ဝယ်ယူဖို့အတွက်တောင်မှ ဝယ်ယူဖို့ ငွေကြေးနှင့် သိုလှောင်ထားရန် ဂိုဒေါင်များ မရှိကြတော့ပါဘူး။ မကြုံစဖူး ဆန်စပါးစျေးကွက်ရဲ့ အကျပ်အတည်းကာလပါပဲ။

၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း ဆန်စားသုံးမှု စစ်တမ်းအရ မြန်မာနိုင်ငံအတွင်းမှာ မိုးစပါး စိုက်ဧက ၁၄ ဒသမ ၅သန်း၊ နွေစပါး စိုက်ဧက သုံးသန်းခန့်ရှိပြီး စပါးထွက်ရှိနှုန်းဟာ တစ်နှစ်လျှင် တန်ချိန် ၂၆ သန်းခန့် ထွက်ရှိပါတယ်။ ဆန်နှင့် ဆန်ကွဲ ထွက်ရှိမှုဟာ ၁၄ ဒသမ ၅ သန်းခန့်ဖြစ်ပြီး ပြည်တွင်းဆန် စားသုံးမှုဟာ တန်ချိန် ၈ ဒသမ ၅ သန်းခန့်သာ ရှိပါတယ်။ ပိုလျှံလျက်ရှိသော ဆန်နှင့် အခြားသော ထွက်ကုန်များဟာ ပြည်ပသို့သာ တင်ပို့နေရတာပါ။ ပြည်ပပို့ကုန် အဆင်ပြေနေသရွေ့ စပါးစျေးနှုန်းဟာ တည်ငြိမ်နေတတ်ပြီး ပြည်ပပို့ကုန်စျေးကွက် မရရှိနိုင်ချိန်မှာတော့ စပါးစျေးနှုန်းများဟာ ကျဆင်းရမြဲ ဖြစ်ပါတယ်။ ပြည်ပစျေးကွက် ပျောက်ဆုံးခဲ့တဲ့ ၂၀၁၉ ခုနှစ် တစ်နှစ်တာမှာတော့ ကုန်သည်၊ စက်ပိုင်များ လက်ဝယ် စပါးတင်းပေါင်းများစွာ ကျန်ရှိနေတာဟာ စျေးနှုန်းများစွာ ကျဆင်းနေစေတာပါပဲ။ ပြည်ပစျေးကွက် ရှာဖွေရရှိနိုင်မှုကို လိုအပ်ပါတယ်။

မြန်မာ့ဆန်စပါးဟာ အရည်အသွေး လိုအပ်ချက်များစွာ ရှိနေတယ်လို့ ဆိုပါတယ်။ အရည်အသွေး မြှင့်တင်နိုင်ဖို့ဆိုလျှင် ဆွေးနွေးပွဲတွေ ဆုံးဖြတ်ချက်တွေနဲ့ပဲ လုပ်ဆောင်နေလို့ မရပါဘူး။ အခြေခံ တောင်သူများကို လယ်ယာမြေများ အစိုးရက စိုက်ထုတ်ကျခံ ပြုပြင်ပေးခြင်းကို ကန်ထရိုက် လယ်ယာစနစ်ကို နိုင်ငံတကာနှင့် ပူးပေါင်းကာ လုပ်ဆောင်ပေးခြင်း များစွာလိုအပ်ပါတယ်။ တောင်သူ တစ်ယောက်ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ ပျမ်းမျှအားဖြင့် တစ်ဧကလျှင် ကျပ် သုံးသိန်းခွဲဝန်းကျင် ရှိနေပါတယ်။ သွင်းအားစု စက်ကိရိယာနှင့် လယ်ယာမြေ ပြုပြင်နိုင်ခြင်းမရှိမှုက ထုတ်လုပ်မှု ကုန်ကျစရိတ်ကို မြင့်တက်စေတာပါ။ တောင်သူများရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်နေသည့်အပြင် ပြည်တွင်းရှိ ဆန်စက်များရဲ့ အရည်အသွေးဟာလည်း ကျဆင်းနေခဲ့ပါတယ်။ စက်ကိရိယာများ အဆင့်မြှင့်တင်ရေးအတွက် နိုင်ငံတော်က လုံလောက်စွာ ပ့ံပိုးပေးဖို့ဟာ လွန်စွာ လိုအပ်နေပါသေးတယ်။ ဒါဟာ ရေရှည်ပြည်ပစျေးကွက် ထိုးဖောက်ရာမှ လိုအပ်နေတဲ့ အရာတွေပါ။ လက်တလောမှာတော့ စျေးကွက် ပျောက်ဆုံးမှု ရင်ဆိုင်နေရခြင်းဟာ အကြီးမားဆုံး စိန်ခေါ်မှုပါပဲ။

dsc_7071.jpg

ဧရာဝတီတိုင်းအတွင်း ရိတ်သိမ်းပြီး စပါးများကို အခြောက်ခံနေစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

  အခြေခံစျေးနှုန်း သတ်မှတ်ချက်ကို အစိုးရက ဘယ်လိုဝင်ရောက် ကူညီမလဲ

“ဒီလုပ်ငန်းအဖွဲ့အနေနဲ့ ပထမဦးစွာ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို တွက်ချက်မယ်။ တွက်ချက်ပြီးတော့ ထုတ်လုပ်မှု ကုန်ကျစရိတ်အပေါ်မှာ အခြေခံပြီးတော့မှ အခြေခံစျေးနှုန်း မည်မျှရှိသင့်တယ် ဆိုတဲ့ဟာကို ထုတ်လုပ်မှု ကုန်ကျစရိတ်ပေါ်မှာ Margin ပေါ့။ ဒါမှမဟုတ် Market ဘယ်လောက်ရှိသင့်တယ် ဆိုတာကို ကျွန်တော်တို့ အချင်းချင်းအကြား သဘောတူချက် ရရှိကြဖို့လည်း ဖြစ်ပါတယ်။ ဒီအခြေခံစျေးနှုန်း သတ်မှတ်မှုဟာ ဆိုလို့ရှိရင် အလွန်ထိလွယ်ရှလွယ်တဲ့ Sensitive  ဖြစ်တဲ့ ကိစ္စဖြစ်ပါတယ်။ မိမိတို့အနေနဲ့ စျေးနှုန်းကို သတ်မှတ်ပေးဖို့ ဖြစ်ပါတယ်။ ဒီစျေးနှုန်းထက် ကျော်လွန် ဖြစ်ပေါ်လာမှုဟာ ကောင်းမွန်သော်လည် ဒီစျေးနှုန်းထက် ကျတယ်ဆိုလို့ ရှိရင်တော့ နိုင်ငံရေး အကျိုးဆက်တွေ ဖြစ်လာနိုင်ပြီးတော့မှ ပြီးခဲ့တဲ့ နွေရာသီမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြမှုတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ လာမယ့် ၂၀၂၀ ပြည့်နှစ်ဟာ ရွေးကောက်ပွဲနှစ် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မိမိတို့ ပိုမိုပြီးတော့မှ အခြေခံစျေးနှုန်း သတ်မှတ်မှုနဲ့ ပတ်သက်ပြီးတော့ ပိုမိုဂရုပြု ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်”လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က ဆန်စပါးစျေးကွက်နှင့် စျေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြု တင်ပြရေး လုပ်ငန်းကော်မတီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ ပြည်တွင်းမှာ မိုးခေါင်ခြင်း၊ ဘတ်ငွေတန်ဖိုး မြင့်တက်ခြင်းတွေကြောင့် ဆန်စျေး မတည်ငြိမ်မှုတွေကို ရင်ဆိုင်နေရတဲ့ တောင်သူတွေအတွက် စျေးကွက် ထိန်းညှိနိုင်ဖို့ အမတော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၆၈၂ သန်း အသုံးပြုသွားမယ်လို့ ကြေညာခဲ့ပါတယ်။ လယ်သမား တစ်ဦးချင်းစီကနေ ဂျပ်စမင်းဆန်ကို တစ်တန်လျှင် ၁၅၀၀၀ ဘတ်ဖြင့် လယ်သမား တစ်ဦးလျှင် အများဆုံး ၁၄ တန် အထိ၊ မိုးကောင်းသောက်ဒေသမှ ထွက်ရှိသော ဂျပ်စမင်းဆန်ကို တစ်တန်လျှင် ၁၄၀၀၀ ဘတ်ဖြင့် လယ်သမား တစ်ဦးလျှင် ၁၆ တန်အထိ၊ ပရာသန်သာနီ ဂျပ်စမင်းဆန်ကို တစ်တန်လျှင် ၁၁၀၀၀ ဘတ်ဖြင့် လယ်သမား တစ်ဦးလျှင် ၂၅ တန်အထိ ဝယ်ယူပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ တောင်သူများရဲ့ အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ခြင်း တစ်ခုပါပဲ။

ယခုကြုံတွေ့နေရတဲ့ ဆန်စပါးလောက အကျပ်အတည်းဟာ ယခင်ကြုံတွေ့နေကျ အခက်အခဲများနှင့် မတူညီပါဘူး။ ကုန်သည်များ လက်ဝယ် စပါးများစွာ ကျန်ရှိနေချိန် စျေးနှုန်းများ ကျဆင်းနေသည့်အပြင် အရှုံးခံ ရောင်းချလိုသော်လည်း ဝယ်ယူမည့်သူ မရှိသည့်အဖြစ်ကို ကြုံတွေ့နေရတာပါ။ အဟောင်းကုန်မှ အသစ်ကို လက်ခံလို့ရမယ်ဆိုတာ ကုန်သည်တိုင်း သိကြပါတယ်။ ကုန်စည် အဟောင်းများကို ရသည့်စျေးဖြင့် အရှုံးခံ ရောင်းချဖို့တောင်မှ စျေးကွက် ပျောက်ဆုံးနေခဲ့ကြတာပါ။

   တောင်သူတွေပဲ ခါးစည်းခံရတော့မှာလား

သိုလှောင်ကုန် များပြားနေသောကြောင့် ထပ်မံဝယ်ယူဖို့ ခက်ခဲနေတဲ့ ကုန်သည်များကို ဖိအားပေး ဝယ်ယူစေဖို့ ဆိုတာကလည်း နည်းလမ်းတစ်ခု မဟုတ်ပါဘူး။ ဝယ်မည့်သူ မရှိလျှင် ကုန်စည်စျေးနှုန်းများက ကျဆင်းပါလိမ့်မယ်။ စပါးသစ်များဟာ အချို့နေရာများမှာ စတင် ပေါ်ထွက်နေပါပြီ။ မည်သည့်စျေးနှုန်း ရရှိမည် ဆိုသည်ကိုတောင် တောင်သူများ မသိရှိကြပါဘူး။ ဝယ်ယူလိုသူ နည်းပါးနေတဲ့ စပါးတွေကို တောင်သူတွေက ဘယ်မှာ ရောင်းချရမလဲ။ အခြေခံစပါးစျေးနှုန်းအတိုင်း မရရင်ရော တောင်သူတွေက ဘာတွေဖြစ်လာမလဲ။ စပါးသစ် ပေါ်စပြုချိန်မှာတော့ တောင်သူများရဲ့ ညည်းတွားသံ ဆူညံစွာ မပေါ်ထွက်လာသေးပေမဲ့ မကြာမီ လပိုင်းအတွင်းမှာပင် တောင်သူများရဲ့ အပူမီးတွေဟာ ကူးစက်လာနိုင်ပါပြီ။

၂၀၁၃ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၂ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအခန်း (၇) ပုဒ်မ ၂၂ မှာ ဦးဆောင်အဖွဲ့သည် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်နိုင်ရန်နှင့်  အကျိုးစီးပွားမြှင့်တင်ရေး အလို့ငှာ လယ်ယာထုတ်ကုန်များကို ဝယ်ယူရန် လိုအပ်လျှင် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့က တင်ဒါစနစ် အပါအဝင် အခြားနည်းလမ်းများဖြင့် ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ရမည်ဟုဖော်ပြထားပြီး ပုဒ်မ ၂၄ မှာတော့ ဦးဆောင်အဖွဲ့သည် လယ်ယာ ထုတ်ကုန်များ ဝယ်ယူရာတွင် လိုအပ်သော ရန်ပုံငွေကို ပြည်ထောင်စုဘဏ္ဍာငွေကို ကျခံသုံးစွဲနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ ခွင့်ပြုချက်ရယူရမည်ဟု ဖော်ပြထားပါတယ်။ ဥပဒေပါ အချက်အလက်များအရ အခြေခံစျေးနှုန်းအောက် ကျဆင်းပါက မည်ကဲ့သို့ ဝယ်ယူမည် ဆိုသည်ကို တောင်သူများ သိစေရန် ရှင်းလင်းချပြဖို့ လိုနေပါပြီ။ ပြည်ထောင်စုအစိုးရအဖွဲ့ထံ ဘဏ္ဍာငွေ မည်မျှသုံးစွဲမည်ကို တင်ပြပြီးနောက် မည်မျှ သုံးစွဲမည်ကို တောင်သူများ သိစေရန် ကြေညာပေးဖို့ လိုနေပါပြီ။

  အကျပ်အတည်းကို ဘယ်လိုရှင်းမလဲ

လက်ရှိ စပါးစျေးနှုန်းများ ကျဆင်းနေရခြင်းဟာ သိုလှောင်ကုန် များစွာ ကျန်ရှိနေပြီး စျေးကွက် ပျောက်ဆုံးကာ ဝယ်ယူမည့်သူများ မရှိခြင်းက အဓိက အကြောင်းအချက်ပဲ ဖြစ်ပါတယ်။ ပြည်ပစျေးကွက် ရရှိရေးအတွက် နိုင်ငံတော် ထိပ်တန်းဦးဆောင်သူများ ကိုယ်တိုင် စျေးကွက်ရရှိနိုင်မယ့်  ပြည်ပနိုင်ငံများကို မဟာဗျူဟာ ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ကာ စျေးကွက် တောင်းဆိုခြင်းများကို မိမိနိုင်ငံ တောင်သူများ အကျိုးအတွက် လုပ်ဆောင်ပေးဖို့ လိုအပ်နေပါပြီ။ လုပ်ငန်းရှင်ကြီးများသာ သွားရောက် ချိတ်ဆက်ခြင်းထက် ပိုမိုအကျိုးဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ စျေးကွက် ရရှိလာပါကလည်း အဆင့်ဆင့်သော ခွင့်ပြုချက်များ တောင်းခံခြင်းများစွာနဲ့ ကြာမြင့်မနေဘဲ လျင်မြန်စွာ ပို့ဆောင် ကုန်သွယ်ခွင့်ရရှိရန် ဆောင်ရွက်ပေးမှသာ မကြာမီလပိုင်းအတွင်း ထွက်ပေါ်လာမယ့် စပါးသစ်ရာသီမှာ တောင်သူများရဲ့ ငိုညည်းသံကို ရှောင်လွဲနိုင်မှာ ဖြစ်ပါတယ်။

ပြည်ပစျေးကွက် မရရှိခဲ့ပါကလည်း နိုင်ငံတော်က သတ်မှတ်ထားတဲ့ ကြမ်းခင်းစျေးအတိုင်း မည်ကဲ့သို့ ဝယ်ယူမည်။ မည်မျှ ဘတ်ဂျက်ကို အသုံးပြုဝယ်ယူပြီး မည်သည့် နည်းလမ်းဖြင့် ဝယ်ယူမည် ဆိုသည်ကို ထုတ်ပြန်ဖို့ လိုအပ်နေပါပြီ။

ယင်းပြင် စျေးကွက်ရှာဖွေရာတွင် ဆန်တစ်ခုတည်းကိုသာ ဦးတည်ရှာဖွေ ပို့ဆောင်ခြင်းထက် ဆန်ကွဲမှအစ ဆန်ထွက်ကုန် အားလုံးကိုလည်း ချိတ်ဆက်ရှာဖွေဖို့ လိုအပ်ပါလိမ့်မယ်။ ယမန်နှစ်တွင် တရုတ်နိုင်ငံသို့ စပါးပို့ဆောင်မှုများ ပြုလုပ်ခဲ့ပါသေးတယ်။ ပြည်တွင်းမှာ တိရစ္ဆာန်စာ ရှားပါးမှုကနေ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်များကြောင့် စပါးသီးသန့် တင်ပို့မှုကို တားဆီးခဲ့ပါတယ်။ ယနေ့ စျေးကွက်အတွင်းမှာတော့ ဖွဲနုဝယ်လိုအား တစ်ခုကလွဲပြီး အခြားသော ဆန်ကွဲမှအစ ဆန်ထွက်ကုန် အားလုံးဟာ ဝယ်လိုအား ပျောက်ဆုံးနေပါတယ်။ ယာယီအနေဖြင့် စပါးတစ်မျိုးတည်းကိုသာ တရားဝင် ရောင်းချနိုင်ပါကလည်း ကာလတို ပြေလည်မှုတော့ ရရှိနိုင်ပါလိမ့်မယ်။ ၂၀၁၃ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၂ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ အခန်း ၃ ပုဒ်မ ၅ ပုဒ်မခွဲ (ဃ) တွင် လယ်ယာထုတ်ကုန်များကို ပြည်တွင်း၌ လွတ်လပ်စွာ သယ်ယူရောင်းချခွင့်နှင့် ပြည်ပသို့ တရားဝင် တင်ပို့ခွင့်ရရှိရေး တို့အတွက် ကူညီဆောင်ရွက်ခြင်းလို့ ဦးဆောင်အဖွဲ့ရဲ့ လုပ်ငန်းတာဝန်အဖြစ် ရေးဆွဲ ပြဋ္ဌာန်းထားပါတယ်။ ကုန်ကြမ်းဖြစ်စေ၊ ကုန်ချောဖြစ်စေ စျေးကွက် ပျောက်ဆုံးနေချိန်မှာ စျေးကွက်တစ်ခု ရရှိဖို့အရေး လုပ်ဆောင်ရမှာပါ။

မကြာမီ လပိုင်းအတွင်း တောင်သူများ လပေါင်းများစွာ စိုက်ပျိုးခဲ့ရတဲ့ စပါးသစ်များ စတင် ပေါ်ပေါက်လာပါတော့မယ်။ စျေးကွက်အတွင်း လွယ်ကူစွာ ဝင်ရောက်လာနိုင်ဖို့ တောင်သူများ အကျိုးရှိစေမယ့် အမြတ်အစွန်းရ စျေးနှုန်းဖြစ်ဖို့ကို ကြိုတင်စီမံ အကောင်အထည်ဖော်ပေးဖို့က ရက်ပိုင်းခန့်သာ ကျန်ရှိပါတော့တယ်။ ကုန်သည် လုပ်ငန်းရှင်များဟာ တစ်ရာသီ သိုလှောင်ကုန်ရှုံးပါက နောက်တစ်ရာသီမှာ ပြန်လည် အမြတ်ရရှိရေး ကြိုးစားလိုကြပြီး အကြိမ်ကြိမ် အရှုံးနဲ့ကြုံရပါက လုပ်ငန်းပြောင်းလဲ လုပ်ကိုင်ဖို့ဆိုတဲ့ နည်းလမ်းကိုသာ ရွေးချယ်သွားကြပါလိမ့်မယ်။ တောင်သူများကတော့ ဒီလိုမျိုး ရွေးချယ်နိုင်ဖို့ မဖြစ်နိုင်သလို ရှိရင်းစွဲ လယ်ယာမြေလေး ရောင်းချကာ လယ်ယာမဲ့ ဘဝကိုသာ အကြွေးများနဲ့ ဖြတ်သန်းရမှာပါ။  တောင်သူများရဲ့ အပူမီးဟာ အလျင်အမြန် မကူးစက်မီ နိုင်ငံတော်က ကြိုတင်ကုစားပေးဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

 

Most Read

Most Recent