၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ စောင့်ကြည့်ရတော့မယ့် ရွေးကောက်ပွဲကော်မရှင်လုပ်ရပ်

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ စောင့်ကြည့်ရတော့မယ့် ရွေးကောက်ပွဲကော်မရှင်လုပ်ရပ်
မြေနီကုန်းရှိ မဲရုံတစ်ရုံတွင် ဆန္ဒမဲပေးနေသည်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
မြေနီကုန်းရှိ မဲရုံတစ်ရုံတွင် ဆန္ဒမဲပေးနေသည်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
Published 8 September 2019
သတင်းအယ်ဒီတာအဖွဲ့

(၁)

“ဂျာနယ်တွေ၊ ဂျာနယ်လစ်တွေက တိုင်းပြည်အတွက် ဘာများကောင်းလဲ။ စကားလုံးအပေါ် ပြဿ နာဖြစ်အောင်၊ စိတ်ဝင်စားအောင် ရေးတာ။ မှားတာ၊ မှန်တာ သူတို့အတွက် အဓိကမဟုတ်ဘူး။ စာလုံးကို လူထုမှာ ထင်ယောင်ထင်မှား ဖြစ်သွားရင် ကြိုက်တယ်။ ပြည်သူနဲ့အတူ ပူးပေါင်းမှ မဲစာရင်းမှန်ကန်မယ်ဆိုတဲ့ ဖြေရှင်းချက်ကို ဘာလို့မရေးဘဲနဲ့ ကျွန်တော်က အဲဒီရည်မှန်းချက်ကို သွားနေတာ။ ဒီလိုအမှားလေးတွေကို ပြည်သူနဲ့ဝိုင်းပြင်မယ်ပြောနေတာ။ အဲဒါကို တစ်လုံးမှမရေးဘူး။ မဲစာရင်းဆို မှားမယ်။ အဲဒီလို ဂျာနယ်တွေ ဆက်ဆံဖို့မသင့်ဘူး။ ဘယ်သူမှားလဲ။ သတင်းထောက်လုပ်ပြီး မရေးတတ်ရင် လုပ်မစားနဲ့။ ကျွန်တော်တောင် ရေးတတ်တယ်” လို့ ပြောခဲ့သူက အာဏာရပါတီ NLD က ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းပါ။

စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းပြီးတဲ့နောက်မှာ ရွေးချယ်ခံခဲ့ရတဲ့ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ၂၀၁၅ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ၂၀၂၀ ရွေး ကောက်ပွဲကို ကြီးကြပ်ရမယ့် ဦးလှသိန်းတို့သုံးဦးအကြားမှာ ဦးတင်အေးဟာ သူ့ရဲ့ ပြောစကားတွေကြောင့် မီဒီယာ စာမျက်နှာထက်ကနေ အပြင်းအထန် ဝေဖန်ခံခဲ့ရသူ ဖြစ်သလို ၂၀၁၅ ရွေးကောက်ပွဲ အတွက် မယုံသင်္ကာနဲ့စောင့်ကြည့် ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ဦးတင်အေးရဲ့ စကားတချို့ကို ပြန်ပြီးကြည့်မယ်ဆိုရင် ဆူဆူပူပူဖြစ်လာရင် အာဏာပြန်သိမ်းမယ်လို့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် မှာ ပြောခဲ့တဲ့စကားနဲ့  မဲစာရင်းမှန်ကန်ဖို့အတွက် ၃၀ ရာခိုင်နှုန်းပဲ အာမခံမယ်လို့ ပြောခဲ့တဲ့ စကားတွေဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ဝေဖန်သံတွေ ဆူညံခဲ့တဲ့စကားပါ။ ဒီလိုမျိုး ဝေဖန်သံတွေ ဆူညံစေခဲ့တဲ့ စကားတွေ ပြောခဲ့ပေမဲ့ ဦးတင်အေးဟာ သူ့တာဝန်သူ ကျေခဲ့ပါတယ်။

ဦးတင်အေးရဲ့ တာဝန်ကျေမှု ပြောပြီးသွားပြီဆိုရင် ဦးလှသိန်းရဲ့ သတင်းမီဒီယာအပေါ် ဝေဖန်မှုကို ပြန်ပြီးတော့ ကောက်ချက်ယူရပါမယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ မြန်မာ့ သတင်းမီဒီယာအများစုဟာ ပြည် သူတွေလိုလားနေတဲ့ အရပ်သား အစိုးရအဖွဲ့ကို မြင်ရရေးအတွက် NLD ပါတီကို တတပ်တအား ဝန်း ရံခဲ့တာဖြစ်ပါတယ်။ အဲဒီလိုမျိုး ဝန်းရံခဲ့တယ်ဆိုပေမဲ့ လက်ရှိအခြေအနေမှာတော့ သတင်းမီဒီယာတွေဟာ တတပ်တအား ဝန်းရံမယ်ဆို တဲ့ ၂၀၁၅ အလားအလာ မမြင်ရတော့တဲ့အတွက် NLD ပါတီက ရွေးချယ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းဟာ သူ့လုပ်ရပ်တွေ စောင့်ကြည့်မယ့် မီဒီယာသမားတွေဟာ တိုင်းပြည်အတွက် ဘာမှမကောင်းဘူးလို့ တပ်လှန့်ခဲ့သလား တွေးစရာဖြစ်လာပါတယ်။ ဘာကြောင့် တွေးရသလဲဆို စစ်တပ်က ရွေးချယ်ခဲ့သူတွေလို့ ဆိုနိုင်တဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဘဌေး၊ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး လက်ထက်ကနေ ဦးလှသိန်းအထိ ဥက္ကဋ္ဌ လေးဆက်မှာ ရွေးကောက်ပွဲဖြစ်စဉ်ကို တစ်ချိန်လုံးစောင့်ကြည့်ဝေဖန်နေတဲ့ သတင်းမီဒီယာသမားတွေကို ပုပ်ခတ်ပြစ်တင်မှုလုပ်တဲ့ ကော်မရှင် ဥက္ကဋ္ဌက လက်ရှိမှာ အာဏာရနေ တဲ့ NLD ပါတီက ရွေးချယ်ထားတဲ့ ဦးလှသိန်း တစ်ယောက်ပဲ ရှိခဲ့လို့ပါ။

“သတင်းစာဆိုတာကတော့ သူ့အမြင် မှန်တယ်ထင်တာကိုရေးမှာ သုံးသပ်မှာပါပဲ။ ဦးတင်အေးကိုလည်း ရေးခဲ့တာပါပဲ။ အခုဦးလှသိန်း ပြောတာက ကြိုကာသလိုဖြစ်နေတယ်။ လုပ်ရပ်တွေအားလုံးကို စောင့် ကြည့်ပါလို့ သူကိုယ်တိုင် သတိပေးသလိုဖြစ်လာနေပြီး ၂၀၂၀ ရွေးကောက်ပွဲဟာ သံသယဖြစ်စရာနဲ့ စောင့်ကြည့်ဖို့လိုလာလိမ့်မယ်။ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ အနိုင်အရှုံးကို ပြောင်းပြန်လှန်လိုက် တဲ့ ဖြစ်စဉ်တွေ ကျွန်တော်တို့ မြင်နေရတယ်။ မှန်တာကိုလုပ်ပါတယ်ဆိုတာထက် အနိုင်ကနေ အရှုံးဖြစ်သွားခဲ့တဲ့ ကိုယ်စားလှယ်ကိုပေးခဲ့တဲ့ ပြည် သူ့မဲတွေကတော့ အဟောသိကံ ဖြစ်သွားတာပါပဲ”လို့ ၀ါရင့် သတင်းစာဆရာတစ်ဦးက သူ့အမြင်ကို သုံးသပ်ပါတယ်။

သတင်းစာဆိုတာကတော့ သူ့အမြင်မှန်တယ်ထင်တာကို

ရေးမှာ သုံးသပ်မှာပါပဲ။ ဦးတင်အေးကိုလည်း ရေးခဲ့တာပါပဲ။

အခု ဦးလှသိန်းပြောတာက ကြိုကာသလိုဖြစ်နေတယ်။ လုပ်ရပ်တွေအားလုံးကို စောင့်ကြည့်ပါလို့ သူကိုယ်တိုင်

သတိပေးသလိုဖြစ်လာနေပြီး ၂၀၂၀ ရွေးကောက်ပွဲဟာ သံသယဖြစ်စရာနဲ့ စောင့်ကြည့်ဖို့လိုလာလိမ့်မယ်။

ကော်မရှင်ရဲ့ဆုံးဖြတ်ချက်တွေနဲ့ အနိုင်အရှုံးကို  . . .

(၂)

ဦးဝင်းထိန်နဲ့ နီးစပ်ပြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် လက်ရှိအာဏာရပါတီ NLD က ရွေးချယ်ခံခဲ့ရတဲ့ ဦးလှသိန်းဟာ  မိတ္ထီလာတက္ကသိုလ်က ပါမောက္ခချုပ်ဟောင်းတစ်ဦးဖြစ်သလို မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ မိတ္ထီလာကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဦးဝင်းထိန်နဲ့ မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌဖြစ်ခဲ့တဲ့ ဦးလှသိန်းဟာ  Closed Friend ဖြစ်လို့ Nominate လုပ်ခံရတယ်လို့ ဆိုကြသူတွေ အများကြီးရှိပါတယ်။ရွေးကောက်ပွဲကော်မရှင်ဥပဒေအရ အာဏာရပါတီက ရွေးချယ်တင်မြောက်တဲ့ သမ္မတကပဲ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို ခန့်အပ်တာမို့လို့ ဦးသိန်းစိန်ဟာ သူနဲ့ ရင်းနှီးတဲ့ ဦးတင်အေးကို ခန့်အပ်သလိုမျိုး အလားသဏ္ဌာန်တူပါတယ်။ ဒါကြောင့်လည်း ဦးတင်အေးဟာ အပြင်းအထန် ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဟာ တက်လာတဲ့အစိုးရက ရွေးချယ်တယ်ဆိုတဲ့ အခြေအနေကို ပြင်ဆင်ဖို့ ကြိုးပမ်းမှုက လက်ရှိမှာ မမြင်ရသေးတာမို့လို့ ဒီအချက်ကို မေ့ထားရတော့မှာဖြစ်ပါတယ်။ ဦးလှသိန်းဟာ ဦးတင်အေးလိုမျိုး သတင်းမီဒီယာတွေက စဉ်ဆက်မပြတ်စောင့် ကြည့်ဝေဖန်တာမျိုးကို မကြုံရသေးခင်မှာ ဘာကြောင့်များ သတင်းမီဒီယာကို ကြိုတင်ဝေဖန်ခဲ့သလဲဆိုတာ စဉ်းစားစရာပါ။ ဒါ့အပြင် သတင်းမီဒီ ယာတွေမှာ အပြင်းအထန်ဝေဖန်ခံခဲ့ရပေမဲ့ ဦးတင်အေးဟာ သူ့တာဝန်တွေသူ ကျေခဲ့တာကို အားလုံးက လက်ခံကြမှာဖြစ်သလို နှစ်ပေါင်း ၃၀ လောက်အတွင်းက ကော်မရှင်ဥက္ကဋ္ဌတွေအကြောင်း ပြောမယ်ဆိုရင် အရင်က ဦးဘဋ္ဌေး၊ ဦးသိန်းစိုးနဲ့ ဦးတင်အေးတို့ရဲ့ ကော်မရှင်တွေကိုလည်း ပြန်ပြီးကြည့်ဖို့လိုပါတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုတာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က အာဏာ သိမ်းထားတဲ့ စစ်အုပ်ချုပ်ရေးကာလ ဖြစ်ပါတယ်။ ဒါပေမဲ့ အငြိမ်းစားဘဏ္ဍာတော်မင်းကြီး ဦးဘဌေးဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ဝင်ငါးဦး မှာ တစ်ယောက်မှ စစ်သားဟောင်းတွေမပါခဲ့ပါဘူး။ ဒါ့အပြင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ သန့်ရှင်းလွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ပွဲအဖြစ် ကမ္ဘာ့အလယ်မှာ မျက်နှာပွင့်ခဲ့သလို လူဦးရေ သန်း ၂၀ ကျော် ရုံမှာ ၁၅ သန်းကျော်က မဲပေးခဲ့တဲ့အတွက် ဆန္ဒမဲပေးမှုက ၇၂ ဒသမ ၅၉ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ  ဦးသိန်းစိုးလက်ထက်မှာ တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် နအဖ ခေတ်မှာ ဖွဲ့ခဲ့တာပါ။ မဲပေးခွင့်ရှိသူ ၂၉ သန်းကျော်မှာ ၂၂ သန်းကျော်က မဲပေးခဲ့လို့ ဆန္ဒမဲပေးခွင့်ရှိသူရဲ့ ၇၇ ဒသမ ၂၆ ရာခိုင်နှုန်း မဲပေးခဲ့ကြပေမဲ့ စစ်အစိုးရကို မယုံတဲ့ပြည်သူတွေနဲ့ နိုင်ငံတကာက ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်မျှတတယ်။ သန့်ရှင်းတယ်လို့ အသိအမှတ်မပြုခဲ့ကြပါဘူး။

သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပြည်သူတွေလိုချင်တဲ့ အပြောင်းအလဲကို တောင့်တနေတဲ့အချိန်မှာ ရွေးကောက်ပွဲကော်မရှင်ရဲ့  ဥက္ကဋ္ဌဖြစ်လာခဲ့တဲ့ ဦးတင်အေးဟာ နာမည်ကောင်းမရသလို သူ့စကား တွေကြောင့် မယုံမကြည် ဝေဖန်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဦးတင်အေးဟာ ၂၀၁၅ ရွေးကောက်ပွဲကို သန့်ရှင်းမျှတတယ်လို့ လက်ခံကြအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပြီး သူ့တာဝန်သူ ကျေပွန်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာဆိုရင် မဲပေးခွင့်ရှိသူ ၃၄ သန်းကျော်မှာ မဲလာပြီးပေးတဲ့သူ ၂၃ ဒသမ ၉ သန်းကျော်ရှိတဲ့ အတွက် မဲပေးသူအရေအတွက် ၆၉ ဒသ မ ၈၂ ရာခိုင်နှုန်းရှိပြီး သန့်ရှင်းမျှတတယ်ဆိုတဲ့ မှတ်ချက် အပြုခံခဲ့ရပါတယ်။

ဒီလို မျှတတဲ့ သန့်ရှင်းတဲ့ ရလဒ်ထွက်ဖို့အတွက် ဦးတင်အေး ဦးဆောင်တဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံတကာအဖွဲ့ အစည်းတွေ၊ တက္ကသိုလ်တွေ၊ သံတမန်တွေ  အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပြည်တွင်းက လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ သတင်းမီဒီယာတွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေနဲ့ အကြိမ်ပေါင်း ထောင်နဲ့ချီတွေ့ဆုံခဲ့တာ တွေ့ရပါတယ်။ လက်ရှိမှာတော့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းတို့ ဟာ ဒီလိုမျိုးထိတွေ့မှုတွေ ပျောက် ရှနေတယ်လို့ ဝေဖန်ခံနေရတဲ့ အခြေအနေပါ။

“လက်ရှိ ဥပဒေမူဘောင်ကိုယ်တိုင်က ဘယ်ကော်မရှင်ပဲတက်တက် အဲဒီလိုဟာမျိုး ဝေဖန်ခံရမှာပဲ။ လက်ရှိ ဥပဒေ မူဘောင်က ဒီမိုကရေစီစံနှုန်းနဲ့ မညီညွတ်ဘူး။ ဒီမိုကရေစီစံနှုန်းနဲ့ ပတ်သက်ရင် အားနည်းနေတယ်။ ဆိုတဲ့အခါမှာ ဘယ်လိုကော်မရှင်မျိုးပဲ တက်လာတက်လာ၊ ဘယ်လိုလူမျိုးပဲ တက်လာတက်လာ ဒီကော်မရှင်ဟာ အာဏာရတဲ့ အစိုးရကိုပဲ ဘက်လိုက်မှာပဲဆိုတဲ့ စွပ်စွဲချက်အမြဲတမ်းရှိမယ်။ အခြေခံအကြောင်းတရားကတော့ ဒီဥပဒေမူဘောင်ကို ပြင်ဖို့လိုတယ်။ ဥပဒေမူဘောင် မပြင်နိုင်သေးခင် မှာလည်း ကော်မရှင်ကို လွတ်လပ်ပြီးတော့ တရားမျှတတယ်ဆိုတဲ့ဟာ မျိုးပြလို့ရတဲ့ နည်းတွေရှိပါတယ်။  ဥပမာ - မီဒီယာတွေနဲ့ ပုံမှန်တွေ့ဆုံပြီးတော့ သူတို့ဆောင်ရွက်ချက်တွေ ကို ရှင်းရှင်းလင်းလင်း လုပ်တာမျိုး၊ အထူးသဖြင့် နိုင်ငံရေးပါတီတွေကိုလည်း ပုံမှန်တွေ့ဆုံပြီးတော့ ဘာတွေလုပ်နေတယ်ဆိုတာမျိုး။ အဲဒါ မျိုးလုပ်ခြင်းအားဖြင့် ကော်မရှင်ဟာ သူဘာတွေလုပ်နေတယ်။ သတင်းအချက်အလက်တွေနဲ့ ပက်သက်လို့ ရှိရင် ဘယ်သူမဆို သိခွင့်ရမယ်ဆိုရင် ကော်မရှင်အပေါ်မှာ ယုံကြည်မှုပိုတက်လာမယ်။ အဲဒီလို ဆောင် ရွက်တာတွေကို ဒီနှစ်ပိုင်းမှာတော့ စလုပ်လာတာ တွေ့တယ်။ ဒီထက် ပိုပြီးလုပ်ဖို့လည်း တိုက်တွန်းချင်တယ်” လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့  အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က သုံးသပ်ပါတယ်။

လူတစ်ဦးနဲ့တစ်ဦး၊ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြောင်း နှိုင်းယှဉ်တော့မယ်ဆိုရင် စွမ်းဆောင် ရည်ကောင်းတယ်လို့ သတ်မှတ်ခံရသူ၊ မှန်ကန်မျှတတယ်လို့ သတ်မှတ်ခံရသူနဲ့ပဲ နှိုင်းယှဉ်ရမှာ ဓမ္မတာပါ။ ပြည်သူတွေက ဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့တာက အညံ့ချင်းပြိုင် ဖို့လည်း မဟုတ်ပါဘူး။  ဒါကြောင့်မို့လို့ သန့်ရှင်းမျှတမှုမရှိတဲ့ ရွေးကောက်ပွဲလို့ သမုတ်ခံခဲ့ရတဲ့ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့ သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ခဲ့ပေမဲ့ ကာလဝေးကွာလွန်းတဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဘဌေးတို့ကို ခဏမေ့ထားပြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း အဖြစ်ကနေ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဖြစ်လာတဲ့ ဦးတင်အေးနဲ့ ဦးလှသိန်းတို့ရဲ့ စွမ်းဆောင်ရည်တွေကို နှိုင်းယှဉ်ကြည့်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

         အရင်တုန်းက ဦးတင်အေးကော်မရှင်ကို လက်ရှိတာဝန်ရှိတဲ့ သူတွေက မယုံကြည်ဘူးလို့ပြောတာက ဘာအကြောင်းတရားမှ မရှိဘူး။ ကြံ့ခိုင်ရေးအစိုးရကဖွဲ့တဲ့ ကော်မရှင်ဖြစ်တဲ့အတွက်

မယုံကြည်ဘူးလို့ တောက်လျှောက်ပြောတယ်။ မည်သည့်

အထောက်အထားနဲ့မှ ပြောတာမဟုတ်ဘူး။ အလွတ်ပြောခဲ့တယ်။ ဒါပေမဲ့ ဦးတင်အေးကော်မရှင်သည် မှန်ကန်ပြီး၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ . . .

(၃)

သန့်ရှင်းမျှတမှုမရှိတဲ့ ရွေး ကောက်ပွဲလို့ သမုတ်ခံခဲ့ရတဲ့ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး အနားယူသွားပြီး တဲ့နောက်မှာ ဆက်ခံတဲ့ ဦးတင်အေးဟာရွေး ကောက်ပွဲအငြင်းပွားမှုများစွာ၊ ကန့်ကွက် လွှာများစွာကို စီရင်ဆုံးဖြတ်ပေးခဲ့ရပါတယ်။

ဒီလိုမျိုး ဦးတင်အေးတို့ရဲ့ စီရင်ဆုံးဖြတ်မှုတွေကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၀ ပြည့်နှစ်အတွက် ရွေး ကောက်ပွဲအငြင်းပွားမှုတွေအတွက် ကန့်ကွက်လွှာတင်သွင်းလာမှု ၂၉ မှု ရှိပါတယ်။

အဲဒီ ၂၉ မှုကို ပြန်ကြည့်မယ်ဆိုရင် ဦးတင်အေးကို ရွေးကောက် တင်မြှောက်ထားတဲ့ ဦးသိန်းစိန်ရဲ့ USDP ပါတီက အမတ်တွေကို ဦးတင်အေးဟာ အနိုင်ပေးခဲ့တာ မဟုတ်ဘဲ ရှစ်ဦးပဲ အနိုင်ရခဲ့တာကို တွေ့ရပါတယ်။  တစ်ဦးက ရုပ်သိမ်းသွားတာဖြစ်လို့ အာဏာရသွားတဲ့ USDP နဲ့ တခြားပါတီတွေရဲ့ အငြင်းပွားမှုတွေမှာ ဦးတင်အေးဟာ ကိုယ့်လူဆိုတိုင်း အနိုင်မပေးခဲ့ဘူး ဆိုတဲ့ကောက်ချက်ချမှတ်ရနိုင်တဲ့ အနေအထားကို တွေ့ရမှာဖြစ်ပါ တယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ပြန်ကြည့်မယ်ဆိုရင်လည်း USDP ပါတီက ဒေါ်လဲလဲ့အေး၊ ဦးချစ်သန်း၊ ဒေါက်တာအောင်မြတ်သူ၊ ဦးစိုးနိုင်တို့က NLD ပါတီက ဒေါ်ဖြူဖြူသင်း၊ ဒေါ်တင်တင်ရီ၊ ဦးဖြိုးမင်းသိန်းနဲ့ ဦးခင်မောင်သန်းတို့ကို ကန့်ကွက်ခဲ့တာ ဖြစ်ပေမဲ့ NLD ပါတီက ဒေါ်ဖြူဖြူသင်း၊ ဒေါ်တင်တင်ရီ၊ ဦးဖြိုးမင်းသိန်းနဲ့ ဦးခင်မောင်သန်းတို့ လေးဦးစလုံးကို ရာနှုန်းပြည့် အနိုင်ပေးခဲ့ပြီး သူ့ကို ရွေးကောက်ထားတဲ့ USDP ပါတီကလူ တွေဘက်က မလိုက်ခဲ့တာ တွေ့ရပါတယ်။

ဦးတင်အေးကျင်းပပေးခဲ့တဲ့ ၂၀၁၅ ခု နှစ်အထွေထွေရွေးကောက်ပွဲက ကန့်ကွက်မှုတွေကို ရင်ဆိုင်ရတာက ဦးလှသိန်းပါ။ သူ့ ရဲ့လုပ်ဆောင်မှုတွေကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအပြီးမှာ ရွေးကောက် ပွဲကန့်ကွက်လွှာတင်သွင်းမှု ၄၅ မှု ရှိပါတယ်။

အဲဒီအထဲမှာ NLD ကိုယ်စားလှယ်နဲ့ မဟုတ်တဲ့ ရွေးကောက်ပွဲ အငြင်းပွားမှု ၁၃ မှုရှိပြီး NLD ကိုယ်စားလှယ်တွေနဲ့ ဖြစ်ပွားတဲ့ အငြင်းပွားမှု ၃၂ မှု ရှိပါတယ်။ ဒီ ၃၂ မှုမှာဆိုရင် ဦးဇခုန့်တိန်ယိန်းကို NLD ပါတီက ဦးစံဝေခေါင်လွမ်းနဲ့ တစ်သီးပုဂ္ဂလဦးယောနာက ကန့် ကွက်လွှာတင်သွင်းမှုမှာ ဦးယောနာ အနိုင်ရခဲ့တာ၊ USDP က ဦးရားဝမ်ဂျုံကို NLD ပါတီက ဦးစောနွဲ့ ခွန်ဆိုင်ခမ်းက ကန့်ကွက်လွှာတင်သွင်းရာမှာ ဦးရားဝမ်ဂျုံနိုင်ခဲ့တာ၊ NLD ပါတီက ဦးစံဝေခေါင်လွမ်းကပဲ USDP က ဒေါ်လွမ်းလမ်းကို ကန့်ကွက်လွှာ တင်သွင်းရာမှာ ဒေါ်လွမ်းလမ်းနိုင်ခဲ့တာ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီက ချင်ပြည်နယ်က ဦးဇခုန်ယိမ်းဆောင်ကို NLD ပါတီက ဦးခေါဘောမ်က ကန့်ကွက်လွှာတင်သွင်းရာမှာ ဦးဇခုန်ယိမ်းဆောင်ပဲ နိုင်ခဲ့တာ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးရေးပါတီက ဦးသန်းညွန့်ကို NLD ပါတီက ဦးဝေဖြိုးက ကန့်ကွက်လွှာ တင်သွင်းရာမှာ ဦးသန်းညွန့်နိုင်ခဲ့ တာကလွဲရင် ကျန်တဲ့ ၂၇ ခုမှာ NLD ပါတီက အနိုင်ရတာနဲ့ ကန့်ကွက် လွှာပလပ်ခံရတာ၊ ရုပ်သိမ်းခွင့်ပြု တာကိုပဲ တွေ့ခဲ့ရတာပါ။

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲ အငြင်းပွားမှုကို ပြန်ကြည့်မယ်ဆိုရင်လည်း ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲလိုမျိုး NLD ပါတီနဲ့ USDP ပါတီကိုယ်စားလှယ်တွေပဲ အငြင်းပွားတဲ့ပုံစံတွေ့ရပြီး စုစုပေါင်း ရွေးကောက်ပွဲကန့်ကွက်မှု ခြောက်မှုရှိခဲ့ပါတယ်။ ဒီခြောက်မှုမှာတော့ ၂၀၁၂ ခုနှစ် ဖြစ်စဉ်နဲ့ ခြားနားပြီး NLD ပါတီက ရွေးကောက်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူတွေက NLD ပါတီကိုပဲအနိုင်ပေးခဲ့တာကို တွေ့ရပါ တယ်။  NLD ပါတီက ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းခံရသူ ကိုယ်စားလှယ်ငါးဦးဟာ ငါးဦးစလုံး အနိုင်ရပြီး ကန့်ကွက်တဲ့ USDP ကိုယ်စားလှယ်ငါးဦးစလုံး ရှုံးနိမ့်ပါတယ်။ NLD ပါတီက ရွေးကောက် ပွဲ ကန့်ကွက်လွှာတင်သွင်းသူ ကိုယ်စားလှယ်တစ်ဦးမှာလည်း တင်သွင်းသူပဲ အနိုင်ရပြီး တင်သွင်းခံရတဲ့ USDP ကိုယ်စားလှယ်က ရှုံးနိမ့် တာကို တွေ့ရတာကြောင့် NLD ပါတီကိုပဲ ရာနှုန်းပြည့်အနိုင်ပေးခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

“အဲဒါလေးတော့ ရိုးရိုးသားသား ပြောရမယ်ဆိုလို့ရှိရင် စိုးရိမ်မှု ရှိတယ်ဗျာ့။ စိုးရိမ်မှု၊ စိတ်ပူပန်မှုတော့ရှိတာပေါ့။ အဲဒီဟာက သတင်းတွေလည်း ဖတ်ရတယ်။ ကန့်ကွက်တာကျတော့လည်း ကန့်ကွက်တဲ့ လူက ရှုံးတယ်။ ဟိုဘက်ကျတော့လည်း NLD က ပဲ နိုင်တယ်ဆိုတဲ့အပိုင်းပေါ့လေ။ နည်းနည်းတော့ယုံရခက်တာပေါ့ဗျာ”လို့  ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားပါတယ်။

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာဆိုရင်လည်း NLD ပါတီက ဦးသန်းထိုက်အောင်က USDP က ဦးနေမျိုးအောင်ကို ကန့်ကွက်လွှာတင်သွင်းခဲ့ရာမှာ ဦးနေမျိုးအောင်က ရှုံးနိမ့်ခဲ့ပါတယ်။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲအငြင်းပွားမှု နှစ်မှုပဲ ရှိပြီး နောက်တစ်မှုက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဒေါ် နန်းထွေးမှုံနဲ့ NLD ပါတီက ဦးစိုင်းပန်းစိန်ပါ။ ဒေါ်နန်းထွေးမှုံက ဦး စိုင်းပန်းစိန်ကို ကန့်ကွက်လွှာတင်သွင်းခဲ့ပေမဲ့လည်း ဦးစိုင်းပန်းစိန်ကိုပဲ အနိုင်ပေးခဲ့တဲ့ဖြစ်စဉ်ကို တွေ့ ရတာမို့လို့ ၂၀၁၈ ကြားဖြတ်မှာလည်း  NLD ပါတီက ကိုယ်စားလှယ်တွေကပဲ ရာနှုန်းပြည့် အနိုင်ရခဲ့တာ တွေ့ရပါတယ်။

“တရားမျှတမှု မရှိလို့ ကျွန်တော်တို့က ပြောနေတာလေ။ အဲဒါကြောင့် မယုံဘူးလို့ ပြောနေတာ။ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်တွေ ကို ဆုံးဖြတ်တာကို တရားမျှတမှုမရှိဘူးလို့ ယူဆတဲ့အတွက် မယုံ ကြည်ဘူးလို့ ပြောတာ” လို့ USDP ပါတီမှ အတွင်းရေးမှူး ဒေါက်တာ နန္ဒာလှမြင့်က ကြားဖြတ်ရွေးကောက် ပွဲကန့်ကွက်မှုတွေမှာ NLD ပါတီက ကိုယ်စားလှယ်တွေချည်းပဲ အနိုင်ရနေတဲ့ အပေါ် သူ့အမြင်ကိုပြောပါတယ်။

ဒီနေရာမှာ ဦးတင်အေးနဲ့ ဦး လှသိန်းဦးဆောင်တဲ့ ကော်မရှင်ရဲ့ လုပ်ဆောင်မှုနှစ်ခုကို ပြန်ကြည့်မယ်ဆိုရင် ဦးတင်အေးဟာ သူ့ရဲ့ သမိုင်းမှာမမှားဖို့ အထူးကြိုးပမ်းဆောင်ရွက်နေတာကို တွေ့ရမှာ ဖြစ်ပြီး ဦးတင်အေးလိုမျိုး ဦးလှသိန်းဟာလည်း သမိုင်းမှာ အမည်းစက်မထင်အောင် ကြိုးပမ်းရမယ့်အခြေအနေကို တွေ့မြင်ရပါတယ်။

“လက်ရှိ ကြံ့ခိုင်ရေးရဲ့ ရပ်တည်မှုနဲ့ မူဝါဒကကော်မရှင်ကို ယုံကြည်မှု မရှိသေးဘူး။ ကော်မရှင်ကို စောင့်ကြည့်နေတယ်။ ကော်မရှင်နဲ့ အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်တယ်။ ၂၀၂၀ ကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေချင်တယ်။ နောက်တစ်ချက်က ပြည်သူ့ဆန္ဒအတိုင်းပဲ ရလဒ်ကို ဖြစ်စေချင်တယ်။ ကော်မရှင်ကို မယုံကြည်ဘူးလို့ ပြောတာသည်အကြောင်းမဲ့ စွပ်စွဲပြီးပြောနေတာ မဟုတ်ဘူး။ ရှေ့မှာဖြစ်ခဲ့တဲ့ သက်သေသာဓက အထောက်အထားလေးတွေ ရှိတယ်။ ဒါကြောင့် ကော်မရှင်ကို ပြောနေတာ။ အကြောင်းမဲ့ကြီး ကော်မရှင်ကို မယုံကြည်ဘူးလို့ မစွပ်စွဲဘူး။ အရင်တုန်းက ဦးတင်အေးကော်မရှင်ကို လက် ရှိတာဝန်ရှိတဲ့သူတွေက မယုံကြည်ဘူးလို့ ပြောတာက ဘာ အကြောင်းတရားမှမရှိဘူး။ ကြံ့ခိုင်ရေးအစိုး ရကဖွဲ့တဲ့ ကော်မရှင်ဖြစ်တဲ့အတွက် မယုံကြည်ဘူးလို့ တောက်လျှောက် ပြောတယ်။ မည်သည့်အထောက် အထားနဲ့မှ ပြောတာမဟုတ်ဘူး။ အလွတ်ပြောခဲ့တယ်။ ဒါပေမဲ့ ဦးတင်အေးကော်မရှင်သည် မှန်ကန်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးခဲ့တယ်။ ပြည်သူ့ရလဒ်အတိုင်းပဲ ထွက်လာတယ်။ ဟုတ်တယ်နော်။ နိုင်ငံတကာကလည်း အသိအမှတ်ပြုတယ်။ အဲ့ဒီလို အခြေအနေမျိုးကို ၂၀၂၀ မှာ ဖြစ်စေချင်တယ်”လို့ ဒေါက်တာနန္ဒာလှမြင့် က သူ့ မျှော်လင့်ချက်ကို ပြောပါတယ်။

တိုင်းရင်းသားပါတီတွေ စိုးရိမ်နေတဲ့ စစ်ပွဲတွေဖြစ်ပွားမှုကို အကြောင်းပြုပြီး တိုက်ပွဲနယ်မြေအများစုမှာ ရွေးကောက်ပွဲ ကျင်းပမပေးတာမျိုးကိုလည်း စောင့်ကြည့်သုံးသပ်ဖို့ဆိုတာက အောင်မြင်တဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်လာဖို့ အဓိကကျနေပါတယ်။

တိုက်ပွဲတွေအကြောင်းပြပြီး တိုင်းရင်းသားဒေသတွေမှာ

ရွေးကောက်ပွဲကျင်းပမပေးမှာကို  . . .

(၄)

သန့်ရှင်းမျှတတယ် ဆိုနိုင်ခဲ့တဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနဲ့ အခြားရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲကန့်ကွက်လွှာတင်သွင်းလာရင် NLD ပါတီက ကိုယ်စားလောင်းတွေကချည်းပဲ အနိုင်ရသလိုဖြစ် နေတဲ့ပုံစံဟာ တခြားပါတီတွေအတွက်တော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ကိုင်မှုတွေကို သံသယဝင်စရာပါ။ ဒီလိုမျိုးတွေက နေစတင်လာတဲ့ သံသယတွေကြောင့်လည်း ရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်ဘူးလို့ ပြောနေတဲ့သူတွေများနေတာ ဖြစ်သလို  ရွေးကောက်ပွဲကော်မရှင်က ဘယ်လိုပဲ မျှတမှန်ကန်အောင်လုပ်ခဲ့ လုပ်ခဲ့  NLD ပါတီက ကိုယ်စားလှယ်တွေကပဲ ရွေးကောက်ပွဲ အငြင်းပွားမှုတွေမှာ အများစုအနိုင်ရခဲ့တာဟာ NLD မဟုတ်တဲ့ တခြားပါတီတွေ အတွက်တော့ NLD ကရွေးထားလို့ NLD ကိုယ်စားလှယ်တွေက နိုင်တာ။ ငါတို့ကို မဲပေးတဲ့ ပြည်သူတွေရဲ့ မဲတွေကတော့ အဟောသိကံဖြစ်သွားပြီလို့ပဲ ထင်မြင်ကြမှာ ကလည်းရွေး ကောက်ပွဲကော်မရှင် အပေါ် မယုံကြည်စေမှု ဖြစ်စေနိုင်တဲ့အချက်ပါ။ ဒါ့အပြင် USDP က တင်သွင်းလာတဲ့ သမ္မတနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ကို လျှော့ချထားတဲ့ အဆိုပြုချက်ဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ကော်မတီ (လက်ရှိတွင် သုံးဦးနုတ်ထွက်) ရဲ့ ပြင်ဆင်ရေးလုပ်ဆောင်မှု မှာ ထည့်သွင်း ဖော်ပြဖို့အတွက် မဲခွဲ ဆုံးဖြတ်ခံရတာကလည်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲက တရားမျှတမှုရှိပါ့မလားလို့ တွေးစရာဖြစ်လာပါတယ်။ ရွေး ကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်လျှော့ချတယ်ဆိုရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပုဒ်မ ၄၀၂ ရဲ့ ခြေ ဆင်းမှာ ရွေးကောက်ပွဲကော်မရှင်ကိုပေးထားတဲ့ တာဝန်သုံးရပ်အပေါ် ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်အပေါ် ဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ အယူခံ ပိုင်ခွင့်ရှိသည်ဆိုပြီး ဒေါက်တာမောင်သင်းတို့က ပြင်ဆင်ဖို့ပါ။ ဘာကြောင့် ဒီလို ထည့်သွင်းရသလဲဆို တဲ့အပေါ် ဒေါက်တာမောင်သင်းက ရွေးကောက်ပွဲမှာ လုပ်တဲ့လုပ်ငန်းတွေက ဥပဒေနဲ့ ငြိစွန်းတာတွေ အများကြီးပါနေပြီး ဥပဒေနဲ့ လုပ်တဲ့အလုပ်တွေမှာ အမြင့်ဆုံးက လွှတ်တော်ဖြစ်နေပြီး အဲဒီလို အမြင့်ဆုံးက မဆုံးဖြတ်ဘဲ အောက် ကတစ်ဆင့်က ဆုံးဖြတ်နေတာ မဖြစ်သင့်လို့ ထည့်သွင်းပြင်ဆင်တာဖြစ်သလို ရွေးကောက်ပွဲ ကော်မရှင်ကို တက်လာတဲ့အစိုးရကပဲ ခန့်နေတာဖြစ်တဲ့အတွက် ဥပဒေကြောင်းအရ တိမ်းစောင်းမှုရှိခဲ့ရင် ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံး ဖြတ်ချက်ကပဲ အတည်ဖြစ်နေတဲ့ အတွက်ကြောင့် နောက်ထပ် Complaint တက်စရာမရှိတာကြောင့် ပြည်ထောင်စုလွှတ်တော်ကပဲ ဥပဒေပြုမှုမှာ အမြင့်ဆုံးဖြစ်တာနဲ့အညီ နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်ရရှိဖို့ ပြင်ဆင်တာလို့ ဒေါက်တာမောင်သင်းက သတင်းမီဒီယာတွေကို ပြောကြားထားပါတယ်။ ဘယ်လိုပဲ ပြောကြားပြောကြား၊ ဘယ်လိုပဲလုပ်ဆောင်လုပ်ဆောင် USDP ကတင်သွင်းလာတဲ့ သမ္မတနဲ့ ရွေး ကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ကိုလျှော့ချထားတဲ့ အဆိုပြုချက်ဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ကော်မတီ (လက်ရှိတွင် သုံးဦးနုတ်ထွက်) ရဲ့ ပြင်ဆင်ရေးလုပ်ဆောင်မှုမှာ ထည့်သွင်းဖော်ပြဖို့အတွက် မဲခွဲဆုံးဖြတ်ခံခဲ့ရပြီးဖြစ်လို့ ဒီပြင်ဆင်ရေးအဆိုပြုချက်ဟာ အခက်အခဲများစွာကို ကျော်ဖြတ်ရတော့မယ့် အခြေအနေပါ။

“ကျွန်တော်တို့ တောက်လျှောက် ကန့်ကွက်နေတယ်။ ၄၅ ဦးကော်မတီဖွဲ့တာလည်း ဥပဒေနဲ့ မညီလို့ ကန့်ကွက်တယ်။ (၁) အ ချက် ၄၅ ဦးကော်မတီထဲမှာ ကျွန်တော်တို့ ပါတီထဲမှာ ဝင်ရောက် ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ အကြံပြုခြင်းတစ်ခုမှမရှိခဲ့ဘူး။ ဒါပေမဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပါ အတိုင်း အခြေခံဥပဒေပြင်ဖို့ တင်တယ်။ တင်တဲ့ဟာတွေကို ၄၅ ဦး ကော်မတီထဲ ထည့်တယ်။ ဒါကို ကျွန်တော်တို့ အခု ကန့်ကွက်ထားတယ်။ ၄၅ ဦးထဲ မထည့်ပါနဲ့။ ဖွဲ့စည်းပုံထဲမှာ ပေးထားတဲ့ အခွင့်အရေးအတိုင်းပဲ ပြင်ပေးပါဆိုပြီး ကန့်ကွက်ထားတယ်” လို့ ဒေါက်တာနန္ဒာလှမြင့်က ဆိုပါတယ်။

 (၅)

ဦးသိန်းစိန် အစိုးရလက်ထက်မှာ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတစ်ခုဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ်ကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းပေးဖို့ ဥပဒေဖြစ်လာဖို့အတွက် ဦးတင်အေးရဲ့ ကော်မရှင်ဟာ လေးကြိမ်တိုင်တိုင်တင်ပြခဲ့ပေမဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပေးနိုင်ခဲ့မှုမရှိခဲ့ပါဘူး။ ဦးတင်အေးရဲ့ ကော်မရှင်ကို ဆက်ခံတဲ့ ဦးလှသိန်းကရော Right to Recall ဥပဒေ ပြဋ္ဌာန်းဖို့ ဘယ်လောက်များ လုပ်ဆောင်နေသလဲ မေးခွန်းထုတ်စရာ ပါ။ ၂၀၁၂ ခုနှစ်ကတည်းက ဦးတင်အေးရဲ့ ရွေး ကောက်ပွဲကော်မရှင်က ကြိုးပမ်းနေတဲ့  Right to Recall ဥပဒေကို ဦးလှသိန်းက ဆက်လက်ကြိုးပမ်းပြီး မဲဆန္ဒရှင်ပြည်သူတွေရဲ့ဆန္ဒကို အလေးထားဖို့ ကြိုးစားရမှာဖြစ်ပေမဲ့ ဦးလှသိန်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဖြစ်လာတဲ့ လေးနှစ်သက်တမ်းအတွင်းမှာတော့ Right to Recall ဥပဒေဟာ လက်ရှိအချိန်မှာ ဥပဒေကြမ်းအဖြစ်တောင် လွှတ်တော်နှစ်ရပ်မှာ ဆွေးနွေးနိုင်မှုမရှိတာဟာ ဦးလှသိန်းဦးဆောင်တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အားနည်းချက်လို့ အတိအကျ ပြောရမှာဖြစ်သလို သူ့ရဲ့ ပြည်သူ့ဆန္ဒအပေါ် အလေးထားမှုကလည်း မေးခွန်းထုတ်စရာပါ။

ဒါအပြင် နောက်ဆုံးအချက်အနေနဲ့ ပြောရမယ်ဆိုရင် ရွေးကောက်ပွဲကော်မရှင်က၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွက် တောင်းခံလာတဲ့ ကနဦးဘတ်ဂျက်ဟာ ၆၉ ဘီလျံကျော် ရှိနေပါတယ်။ ဦးတင် အေးလက်ထက်က ရွေးကောက်ပွဲကော်မရှင်က အထွေထွေရွေး ကောက်ပွဲရှိနေတဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ကျပ် ၄၉ ဘီလျံ ကျော်သုံးစွဲခဲ့ပြီး ၂၀၁၅ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် အထွေထွေရွေး ကောက်ပွဲအတွက် ကျပ် ၄၃ ဘီလျံ ကျော် သုံးစွဲခဲ့ပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဦးလှသိန်းဦးဆောင်တဲ့ ရွေး ကောက်ပွဲကော်မရှင်ရဲ့ ကနဦး တောင်းဆိုထားတဲ့ ဘတ်ဂျက်ဟာ ၂၀၁၅ ခုနှစ်ကထက် ကျပ်ဘီလျံ ၂၀ လောက်ပိုများနေတဲ့ အသုံး စရိတ်ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီပမာဏဟာ ရွေးကောက် ပွဲကျင်းပဖို့ တောင်းခံလာတဲ့ ဘတ် ဂျက်တွေထဲမှာ အများဆုံးပါ။ နောက်တစ်ခုကို ပြောရမယ်ဆိုရင် အာဏာရနေတဲ့ပါတီ၊ အာဏာရ အစိုးရတွေဟာ ရွေးကောက်ပွဲနီးလာတာနဲ့ ဘတ်ဂျက်တွေ ခါတိုင်းနှစ်ထက်ပိုတောင်းပြီး ပြည်သူ့ဘဏ္ဍာနဲ့ ပြည်သူ့ကို ပြန်ပြီး မဲဆွယ်တဲ့ လုပ်ရပ်မျိုးတွေ လုပ်ကြတာဟာ ဒီမိုကရေစီလို့ ပြောကြတဲ့ နိုင်ငံတိုင်းလိုလိုပါပဲ။

ရွေးကောက်ပွဲနှစ်တွေကျမှ စံချိန်တင် ဘတ်ဂျက်တောင်းခံမှုတွေကြောင့် ဘတ်ဂျက်လိုငွေတွေ အလွန်အမင်းဖြစ်ခဲ့တာကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ရွေးကောက်ပွဲနှစ်မှာ ဘီလျံလိုငွေ ၃၆၀၀ ကျော် ဖြစ်ခဲ့တာနဲ့ ဖြည့်စွက်ဘတ်ဂျက် ဘီလျံကျပ် ၂၅၀၀ နီးပါး ထပ်မံ တောင်းခံခဲ့ပါသေးတယ်။ လက်ရှိ NLD အစိုးရလက်ထက်မှာလည်း ရွေးကောက်ပွဲရှိတဲ့ ၂၀၂၀ ပြည့်နှစ် အတွက်  တောင်းခံထားတဲ့ ဘတ်ဂျက်က များပြားလွန်းတာကြောင့် လိုငွေ ကျပ်ဘီလျံ ၇၀၀၀ နီးပါးဖြစ်နေပြီး ဘဏ္ဍာနှစ် ၁၀ နှစ်အတွင်း လိုငွေအမြင့်ဆုံးနှစ်ဖြစ်နေပါတယ်။ ဒါဟာ ဖြည့်စွက်ဘတ်ဂျက်တောင်းခံဖို့ မပါဝင်သေးတဲ့ပမာဏဖြစ်လို့ ဒါ့ထက်ဘတ်ဂျက်သုံးစွဲမှုက များလာဖို့ပဲ ရှိသလို လိုငွေကလည်း ဒါ့ထက်ပိုများလာဦးမှာပါ။ ဒီလိုမျိုး ပြည်သူ့ဘဏ္ဍာတွေနဲ့ မဲဆွယ်တာမျိုးမဖြစ်ရအောင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ စောင့်ကြည့်ထိန်းကျောင်းဖို့ လိုအပ်မှာဖြစ် သလို လျှပ်စစ်မီးရစေရမယ်ဆိုတဲ့ လုပ်ဆောင်မှုမျိုး၊ မွေးမြူရေး လုပ်ငန်းတွေအတွက် တိရစ္ဆာန်တွေ ပ့ံပိုးပေးတာမျိုး၊ လမ်းတွေဖောက်ပေးမယ်၊ လမ်းခင်းပေးမယ်ဆိုတာမျိုး၊ ကျေးလက်ဒေသဖွံ့ဖြိုးအောင် လုပ်ပေးမယ်ဆိုတာမျိုးတွေဟာ ပြည်သူ့ဘဏ္ဍာနဲ့ မဲဆွယ်တဲ့အသွင် ဖြစ်မသွားဖို့ ကျပ်မတ်ဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး ကျပ်မတ်မှလည်း အာဏာရပါတီက တခြားပါတီတွေကို ပြည်သူ့ငွေအားနဲ့ အသာစီးရ သွားစေတဲ့အဖြစ်မျိုး ရှောင်ရှားနိုင်မှာပါ။

လက်ရှိအခြေအနေမှာ ဦးလှသိန်းဦးဆောင်နေတဲ့ရွေးကောက်ပွဲကော်မရှင်ဟာ ဦးတင်အေးကော်မရှင်လောက် ကဏ္ဍအသီးသီးက အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေ၊ ပါတီတွေနဲ့ ထိတွေ့မှုအား နည်းနေတယ်ဆိုတာ ယုံမှားသံသယ ဖြစ်စရာမရှိပါဘူး။

“လက်ရှိ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ ထိတွေ့မှု နည်းတယ်ဆိုတာက တော့ ဒါအမှန်ပဲဗျာ့။ ဒါကတော့ ကျွန်တော်တို့ ထောက်ခံတယ်။ ကျွန်တော်တို့ တွေ့တဲ့အခါမှာလည်း အခုထက်ပိုပြီးတော့ နွေးနွေးထွေးထွေးပေါ့ဗျာ။ ဒီထက်ပိုပြီး နီးနီးစပ်စပ်ပေါ့ ထိတွေ့ဖို့ဆိုတာမျိုးကို ကျွန်တော်တို့ပါတီအပါအဝင် တော်တော်များများက ဒီကိစ္စကို အကြံပေးကြပါ တယ်” လို့ ပြည်သူ့ပါတီက အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က ပြောကြားပါတယ်။

ဒါ့အပြင် လွတ်လပ်မျှတပြီး မှန်ကန်တဲ့ ရွေးကောက်ပွဲကို ကျင်းပပေးနိုင်စွမ်းရှိမရှိ စောင့်ကြည့်ဝေဖန်လာမယ့် သတင်းမီဒီယာအပေါ် တိုင်းပြည်အတွက် ဘာများကောင်းလို့လဲလို့ မေးခွန်းထုတ်လာတဲ့အခြေအနေနဲ့ အဓိကတာဝန်ထဲမှာ တစ်ခုပါတဲ့ Right to Recall ဥပဒေ အကောင်အထည်ပေါ်လာအောင် ကြိုးပမ်းပြမှုမရှိတာကလည်း ပြည်သူ့ဆန္ဒကို အလေးထားမှုအားနည်းတယ်ဆိုတာ သက်သေပြနေပါတယ်။

“ကျွန်တော်တို့ ပါတီက နဂိုကတည်းက ပြောထားပြီးသား။ ကော်မတီအပေါ်မှာ ယုံကြည်မှုအား နည်းနေတယ်။ ယုံကြည်မှုမရှိသေးဘူး။ ကျွန်တော်တို့ စောင့်ကြည့်နေတယ်။ အခုပြောတဲ့အပေါ်မှာလည်း ကျွန်တော်တို့က ကြိုဆိုတယ်။ ပြောတဲ့အတိုင်း တကယ်ပီပီပြင်ပြင် လုပ်ပေးနိုင်မယ်ဆိုရင်တော့ ပြည်သူလူထုရဲ့ဆန္ဒနဲ့ ဖြစ်တာတော့ အကောင်းဆုံးပေါ့ဗျာ” လို့ ဒေါက်တာနန္ဒာလှမြင့်က ဆိုပါတယ်။

ဘယ်လိုပဲ အားနည်းပါစေ။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပါတီပေါင်းစုံညှိနှိုင်း အစည်းအဝေးပွဲကြီးကျင်းပပြီးတော့ ဟန်ပြမဟုတ် ဘဲ စံပြရွေးကောက်ပွဲကျင်းပမယ်လို့ ဦးလှသိန်းက ပြောထားပါတယ်။

“အစည်းအဝေးပြီးပြီးချင်း (၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းအစည်းအဝေး ) ရွေးကောက်ပွဲကော်မရှင်က ဒီလိုပြောတာကို အားလုံးက အပြည့်အဝ ထောက်ခံပါတယ်ဆိုပြီး ပါတီ အားလုံးလိုလိုကနေပြီးတော့ လက်ဆွဲနှုတ်ဆက်သွားကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်စရာရှိတာတွေကို လုပ်ဆောင်နေပါတယ်။ မဟာဗျူဟာ ၁၂ ချက် ရှိပါတယ်။ မဟာဗျူဟာ ၁၂ ချက်အတိုင်း လုပ်ငန်းလမ်းညွှန်နဲ့အညီ ဆောင်ရွက်နေပါတယ်” လို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူဦးမြင့်နိုင်က လက်ရှိဝေဖန်သံတွေအပေါ် တုံ့ပြန်ပါတယ်။

လွတ်လပ်မျှတပြီး မှန်ကန်တဲ့ ရလဒ်ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲဆိုတာက အပြောမလုပ် ဘဲအလုပ်နဲ့သက်သေပြမှပဲ ယုံကြည်ရတာပါ။ ဘယ်လောက်ပဲ စံပြရွေးကောက်ပွဲကြီးလုပ်မယ်ပြောနေ ပြောနေ ၂၀၂၀ ရွေးကောက်ပွဲကြီးစတင်ဖို့ တစ်နှစ်လောက်အလို လက်ရှိအချိန်ကစပြီး ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေကို အဖွဲ့အစည်းအသီးသီးက သတိ ထားစောင့်ကြည့်ဖို့လိုအပ်ပါတယ်။ ဘာအတွက်စောင့်ကြည့်ရမှာလဲဆိုရင်တော့ ရွေးကောက်ပွဲရလဒ်တစ်ခုတည်းကိုကြည့်ပြီးတော့ မှန်ကန် ပါတယ်။ မျှတပါတယ် ဆိုနေတာထက် ပါတီတစ်ခုခုကို အားသာစေမယ့် ဥပဒေမျိုး၊ ညွှန်ကြားချက်မျိုး၊ အမိန့်မျိုးထုတ်ပြီး မမျှတတဲ့ အခြေ အနေနဲ့ ဥပဒေအရမှန်ကန်ပါတယ်လို့ လုပ်သွားနိုင်တဲ့ အခြေအနေကို တားမြစ်နိုင်ဖို့ပါ။ ဒါ့အပြင် NLD ပါတီက ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ NLD ကို အသာ စီးရနိုင်စေမယ့် လုပ်ရပ်မျိုးတွေ ဦးဆောင်ပြီးလုပ်မသွားဖို့ လိုအပ်ပါ တယ်။ ဥပမာအားဖြင့် ဖွဲ့စည်းပုံအ ခြေခံဥပဒေနဲ့အညီဆိုပေမယ့် အခြေအနေမကောင်းနိုင်တဲ့ မဲဆန္ဒနယ်တွေကို ပြင်ဆင်သတ်မှတ်လိုက် တာမျိုးမလုပ်အပ်သလို ဝေဖန်ခံနေရတဲ့ ဆိပ်ကမ်းမြို့နယ်မဲဆန္ဒနယ် ဖျက်သိမ်းရေးဂယက်ဟာ ဘာအတွက်လဲ စေ့ငုဖို့လိုအပ်သလို တိုင်းရင်းသားပါတီတွေ စိုးရိမ်နေတဲ့ စစ်ပွဲတွေဖြစ်ပွားမှုကိုအကြောင်းပြုပြီး တိုက်ပွဲ နယ်မြေအများစုမှာ ရွေးကောက်ပွဲကျင်းပမပေးတာမျိုးကို လည်း စောင့်ကြည့်သုံးသပ်ဖို့ ဆိုတာက အောင်မြင်တဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်လာဖို့ အဓိကကျနေပါတယ်။

တိုက်ပွဲတွေအကြောင်းပြပြီး တိုင်းရင်းသားဒေသတွေမှာ ရွေးကောက်ပွဲကျင်းပမပေးမှာကို တိုင်း ရင်းသားပါတီတွေက စိုးရိမ်နေတာထက် ပိုဆိုးနိုင်တာက Facebook ကို အသုံးပြုပြီး မဲမသမာမှုတွေ လုပ် လာနိုင်တဲ့ အန္တရာယ်ပါ။ နည်းပညာပိုင်းဆိုင်ရာဖြစ်တဲ့အပြင် အမေရိကန် ရွေးကောက်ပွဲမှာတောင် ရုရှား က Facebook သုံးပြီးနှောက်ယှက်ခဲ့တယ်ဆိုတဲ့အခြေအနေမျိုးဖြစ်ခဲ့လို့ ရွေးကောက်ပွဲကော်မရှင်ဟာ Facebook ကနေ မသမာမှုလုပ်လာတာတွေကို တားဆီးဖို့ လိုအပ်မှာပါ။ ဒါ့အပြင် Facebook ကနေ မဲ မသမာမှုလုပ်မယ်ဆိုတာနဲ့ လူတွေအမြင်မှာ Facebook အတွက် သန်း ၆၄၀၀ ကျော်သုံး စွဲထားတဲ့ အစိုးရရဲ့ SMMT ကိုပဲ ပြေးမြင်မှာ ဖြစ်သလို အာဏာရအစိုးရကို ဝေဖန်နေတဲ့ Facebook သုံးစွဲသူတွေ ရဲ့ အကောင့်တွေကိုပဲ အပိတ်ခံနေရတဲ့ဖြစ်စဉ်ကိုပဲ မြင်နေကြတာပါ။ မဲမသမာမှု မလုပ်နိုင်အောင်၊ စစ် မှန်တဲ့သတင်းအချက်အလက်တွေ ဖြန့်ဝေနိုင်အောင်၊ အလွဲသုံးစားမလုပ်နိုင်အောင် ကြို တင်ပြင်ဆင် နေတယ်လို့ Facebook က ဘယ်လိုပဲပြောပြော လက်ရှိအတိုက်အခံပါတီတွေက Facebook မယုံကြည် ကြတာမို့  ငွေသုံးစွဲပေးနိုင်တဲ့အဖွဲ့အစည်းဘက်ကနေ  Facebook က ပူးပေါင်းမသွားဖို့ ထိန်းချုပ်စောင့် ကြည့်ရေးကလည်း လွတ်လပ်မျှတတဲ့ စံပြရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်အရေးပါပါတယ်။

“ရွေးကောက်ပွဲကော်မရှင်က သူတို့ရဲ့မူကြီး ငါးရပ်အတိုင်း လုပ်မယ်လို့ဆိုတယ်။ ကျွန်မတို့ကလည်း အဲဒီအတိုင်းပဲ မျှော်လင့်ပါတယ်။ လုပ်တယ်၊ မလုပ်ဘူးဆိုတာကတော့ ရလဒ်အပေါ် ကြည့်ပြီးဆုံးဖြတ်ရမှာ ပေါ့နော်။ ကျွန်မတို့ ကြားထဲမှာ အချင်းချင်း ထိန်းကျောင်းမှု၊ အပြန်အလှန် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ လုပ်သွားမယ်ဆိုရင်တော့ ၂၀၂၀ ရွေးကောက်ပွဲဟာ အောင်မြင်တဲ့ ရွေးကောက်ပွဲ၊ တရားမျှတတဲ့ ရွေး ကောက်ပွဲဖြစ် လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့  လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အ ထွေထွေအတွင်းရေးမှူး (၁) ဒေါ် နှင်းနှင်းမွှေးက ပြောကြားပါတယ်။

ဦးလှသိန်းရဲ့ ပြောစကားတစ်ခုအပေါ် အရင်းတည်ပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ အားနည်းခဲ့တာတွေ၊ ပါတီတွေက သံသယဝင်နေတာတွေကို ထောက်ပြခဲ့တဲ့ ဒီဆောင်းပါးက ၂၀၂၀ ရွေးကောက်ပွဲဟာ သန့်ရှင်းမျှ တတဲ့ ရွေးကောက်ပွဲ ဖြစ်လာစေရေးအတွက် ကြိုတင်ထောက်ပြခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိဖြစ်နေတဲ့ သံသယတွေ ချေဖျက်ပြီးတော့ ဦးလှသိန်းဦးဆောင်တဲ့ကော်မရှင်ဟာ ဦးဘဌေးရဲ့ ကော်မရှင်လိုမျိုး ကမ္ဘာကအသိအမှတ်ပြု ခဲ့တဲ့အဖြစ်ပိုင်ဆိုင်ပြီး မဲဆန္ဒရှင် ပြည်သူတွေအတွက် လွတ်လပ်မျှတတဲ့ စံပြရွေးကောက်ပွဲ ကျင်းပပေးနိုင်ပါစေ။ ဝေဖန်ခံရမှုတွေ နားထောင်ပြီး အမှန်အကန်ဆုံးလုပ်ပြခဲ့သလို ကိုယ့်ကို ရွေးချယ်တင်မြှောက်ထားတဲ့ ပါတီအနိုင်ရရေးဦးမတည်ခဲ့တဲ့ ဦးတင်အေးလို ကော်မရှင်ဖြစ်ပါစေလို့ပဲ ပြည်သူ့ကိုယ်စား ဆုတောင်းလိုက်ပါတယ်။ 

 

■ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်၏လုပ်ဆောင်မှုအပေါ် ဝေဖန်သူများအမြင်

ဦးစိုင်းလိတ် (အထွေထွေအတွင်းရေးမှူး - ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)

“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် UEC ရဲ့ စွမ်းဆောင်ချက်ကို ကျွန်တော်တို့ ဆန်းစစ်ရမှာပေါ့။ ပထမဆုံးတော့ UEC ရဲ့ ဖြစ်တည်မှုပေါ့။ အနိုင်ရတဲ့ အစိုးရတက်လာတယ်။ အဲဒီအစိုးရကနေ တာဝန်ပေးခန့်အပ်ထားတဲ့ UEC ဟာ ပါတီနဲ့ လုံးဝကင်းရှင်းပြီးတော့မှ ပြည်သူလူထုက ယုံကြည်ကိုးစားရတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပြင်ပပုဂ္ဂိုလ်တွေ ဖြစ်သင့်တယ်။ အဲဒီလိုဟာမျိုးကို တောက်လျှောက် ကျွန်တော်တို့ တောင်းဆိုလာတာပေါ့နော်။ ၂၀၁၀ ကတည်းက ကျွန်တော်တို့ အရေးဆိုလာတယ်။ ဒါပေမဲ့ ဖြစ်မလာခဲ့ဘူး။ အခုထက်ထိလည်း အဲဒီပုံရိပ်ကနေ ခွဲ မထွက်နိုင်သေးဘူးဆိုတော့ ဒါ သူတို့ရဲ့စွမ်းဆောင်ချက်ကို ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပေါ့။ အခုအနေအထားကတော့ ကျွန်တော်တို့ မျှော်လင့်တဲ့ အနေအထားကို ရောက်မလာသေးဘူးလို့ဘဲ ပြောချင်ပါတယ်။

အရင်ရွေးကောက်ပွဲကော်မရှင်တုန်းက ဦးတင်အေးလက်ထက်မှာပေါ့ နော်။ အဲဒီမှာ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေအပေါ်ကို သူက ရဲနဲ့တရားခံ ဆက်ဆံတဲ့ပုံစံမျိုး ရဲလုပ်ငန်းကိုလုပ်နေတဲ့ ကော်မရှင်လို့ တစ်ဖက်ပါတီကပဲဦးဆောင်ပြီး တိုက်ခိုက်ခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်က ပြန်ပြီးတော့ခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကရော အဲဒီလိုမျိုးဖြစ်နေသေးသလား။ ဖြစ်နေတယ်ဆိုလို့ရှိရင် ဘာတွေပြုပြင်ပြောင်း လဲဖို့လိုအပ်သလဲဆိုတာကို ပြန်လည်ဆန်းစစ်သုံးသပ်တဲ့အပိုင်းမှာ အားနည်းတယ်။ သိပ်ပြီးတော့ ကွဲပြားခြားနားမှု မရှိလောက်ဘူး။

 

ကိုစိုင်းရဲကျော်စွာမြင့် ( အမှုဆောင်ဒါရိုက်တာ-ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့)

“ဒီရွေးကောက်ပွဲကို တရားမျှတအောင်လုပ်မယ်။ သမာသမတ်ကျ အောင်လုပ်မယ် ပြောကြားချက်ကို ကျွန်တော်တို့ ကြိုဆိုတယ်။ အဲဒါကို သက်သေပြဖို့လိုတယ်။ ဘယ်လိုနည်းနဲ့ သက်သေပြရမလဲဆိုရင် သတင်း အချက်ရယူမှုပေါ့။ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေ ဘယ်လောက်ထိ မြန်မြန်ဆန်ဆန်နဲ့ ပွင့်ပွင့်လင်းလင်း ရယူနိုင်လဲဆိုတာ သက်သေပြဖို့လိုတယ်။ နောက်တစ်ခုက အရပ်သားအဖွဲ့အစည်းတွေရဲ့ ပါဝင်ဆောင်ရွက်ခွင့် အဲဒါကို အာမခံချက်ပေးဖို့လိုတယ်။ နောက်တစ်ခုက လာမယ့်ရွေးကောက်ပွဲ Campaign ကာလတွေမှာ ပါတီကြီး၊ ပါတီငယ်တွေနဲ့ပက်သက်လို့ ပြုမူဆက်ဆံပုံတွေ အဲဒါတွေနဲ့ ပတ်သက်လို့ တစ်ပြေးညီ ဖြစ်ဖို့လိုတယ်။ ကော်မရှင်က ရွေးကောက်ပွဲကို လွတ်လပ်ပြီးတော့ တရားမျှတအောင်လုပ်မယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ ကြိုဆိုတယ်။ အဲဒါ ကို သက်သေပြဖို့ ခုနကဟာတွေကို အကောင်အထည်ဖော်ဖို့ လိုတယ်။ ကော်မရှင်ဝေဖန်ခံရတာက အဓိကက ဥပဒေမူဘောင်ကြောင့်ဖြစ်တဲ့ ပြဿနာ။ အခြေခံအကျဆုံးအကြောင်းတရားပေါ့ဗျာ။ ဘယ်လိုလူမျိုးပဲလာလာ ဥပဒေမူဘောင်ကိုက အဲဒီသဘောမျိုးဖြစ်နေတာကိုး။ သူ့ရဲ့ဆုံး ဖြတ်ချက်ကိုကြိုက်တဲ့သူတွေရှိမယ်။ မကြိုက်တဲ့သူတွေရှိမယ်။ မကြိုက်တဲ့ သူတွေက ဘာပြောမလဲဆိုရင် ဒါ ဘက်လိုက်မှာပဲဆိုတဲ့သဘောမျိုး။ အခြေခံအကျဆုံးက ဥပဒေမူဘောင်ပြင်ဖို့လိုတယ်။  အဓိကကတော့ ကော်မရှင်ကို ခန့်အပ်တဲ့နေရာမှာ ဘယ်လိုခန့်အပ်မလဲဆိုတဲ့ ပြန်စဉ်းစားဖို့လိုတယ်။ ကော်မရှင်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုပေါ့။ လက်ရှိမှာ ကော်မရှင်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုက အုပ်ချုပ်ရေးကဏ္ဍဖြစ်တဲ့ သမ္မတဆီမှာသွားပြီးတော့ ဖြစ်နေတာကိုး။ သမ္မတမှာသွားပြီးတော့ သစ္စာခံနေရတဲ့သဘောဖြစ်တဲ့အတွက်ကြောင့် သမ္မတအလိုကျ လုပ်မယ်ဆိုတဲ့ဟာ အလိုအလျောက် ကောက် ချက်ဆွဲလို့ရတယ်။ အဲဒါကို ပြင်ဖို့လိုတယ်။ သူရဲ့တာဝန်ခံမှု၊ တာ ဝန်ယူမှုကို ဘယ်နားရွှေ့မလဲပေါ့။ တခြား Institution နိုင်ငံရေးတွေကို ရွှေ့မလား။ ဒါကတော့ စဉ်းစားရမှာပေါ့။ တကယ်လို့ အဲဒီဟာပြင်ဖို့ ခက်နေသေးတယ် ဆိုရင် ကော်မရှင်ခန့်အပ်ပုံကို သမ္မတက ဒီထက်ပိုပြီး လုပ်လို့ ရတာရှိတယ်။ ကော်မရှင်ခန့်အပ်တာကို သမ္မတတစ်ယောက်တည်းကပဲ ခန့်တာမျိုး မလုပ်ဘဲနဲ့။ နာမည်စာရင်းတွေကို အများပြည်သူသိအောင် ထုတ်ပြန်တာမျိုး။ လျှောက်ချင်လျှောက်လို့ရတယ်ဆိုတာမျိုး။ အဲဒါမျိုးတွေ လုပ်လို့ရတာရှိပါတယ်။ အဲဒါမျိုးတွေ မလုပ်နိုင်ဘူးဆိုရင် ကော်မရှင်အနေနဲ့ရွေးကောက်ပွဲဖြစ်စဉ်မှာ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်လာမှုကို မြှင့်ဖို့လိုတယ်။ လွတ်လပ်ပြီးနိုင်ငံရေးအရ အမှီအခိုကင်းတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်မှုမြှင့်လေ ဒီကော်မရှင်ဟာ ပွင့်လင်းမြင်သာမှုရှိပါလား။ ဒီလိုတွေလုပ်နေပါ လားဆိုတာသိရင် ကော်မရှင်အပေါ်မှာ ယုံကြည်မှု တက်လာမယ်။

 

ဦးမန်းအောင်ပြည်စိုး (ဥက္ကဋ္ဌ - ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ)

ရွေးကောက်ပွဲ တရားမျှတမှုနဲ့ပတ်သက်လို့ကတော့ ပြောလို့မရသေးဘူးပေါ့လေ။ ဦးလှသိန်းကိုယ်တိုင်ကတော့ ဒါ တရားမျှတမှုရှိအောင်၊ မသမာမှုအနည်းဆုံး ဖြစ်အောင်လို့တော့ ကြိုးစားမယ်လို့ ပြောတာပဲ။ ဒါပေမဲ့ တစ် ဖက်ကလည်း ဒါက NLD ကနေ ရွေးချယ်ပေးလိုက်တဲ့ ကော်မရှင်ဖြစ်နေတယ်ဆိုတဲ့အပေါ်မှာ တချို့ကလည်း သံသယဝင်ကြတာပေါ့။ ကျွန်တော်တို့ကတော့ ဘာမှ မှတ်ချက်မပေးလိုသေးဘူး။ အဲဒီကိစ္စနဲ့ပတ်သက်လို့။ အရင် ဦးတင်အေးနဲ့ အခုဦးလှသိန်းတို့နဲ့ အသိသာဆုံး ကွဲပြားမှုတစ်ခုကတော့ နိုင်ငံရေးပါတီတွေကို ထိတွေ့မှုအင်မတန်နည်းတယ်။ အခု ဦးလှသိန်းတို့ ကော် မရှင်က။ ဦးတင်အေးတို့ကော်မရှင်တုန်းက တော်တော်များများလေးကို ထိ တွေ့မှုရှိတဲ့အခါကျတော့ ကျွန်တော်တို့ပါတီတွေက တော်တော်လေးကို ကိုယ့်ရဲ့အခက်အခဲတွေ၊ ကိုယ့်ရဲ့အမြင်တွေ တင်ပြပိုင်ခွင့်ရှိခဲ့တာပေါ့ဗျာ။ အဲဒါတစ်ခုတော့ တော်တော်လေးကို ကွဲပြားမှုရှိပါတယ်။

 

ဦးရဲနိုင်အောင် (အထွေထွေအတွင်းရေးမှူး၊ ပြည်သူ့ပါတီ)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကတော့ သူကြုံးဝါးတာ ရှိပါတယ်။ ဘာလဲဆိုတော့ ဟန်ပြမဟုတ်ဘူး၊ စံပြဖြစ်စေရမယ်ပေါ့ဗျာ။ သူတို့ကတော့ နံပါတ်တစ်အချက်ကတော့ ဒီလိုသန္နိဋ္ဌာန်ချထားတယ်ဆိုတာ ကောင်းပါတယ်။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအတွက် ကောင်းပါတယ်။ သို့သော် တကယ်လက်တွေ့လုပ်တဲ့အခါမှာ သူပြောတဲ့အထဲမှာ ဌာနသုံးခုပေါ့ဗျာ။ ထွေအုပ်နဲ့ ရွေးကောက်ပွဲကော်မရှင်ရယ်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒီသုံးခုပူးပေါင်းဆောင်ရွက် ညှိနှိုင်းဆောင်ရွက်ရတဲ့အတွက် လက်တွေ့မှာ အခက်အခဲတွေ နံပါတ်တစ်အခြေခံဖြစ်တဲ့ မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးမှာ စိန်ခေါ်ချက်တွေ များတယ်ပေါ့ဗျာ။ အဓိကကတော့ ရွှေ့ပြောင်းလုပ်သားပေါ့ဗျာ။ ရွှေ့ပြောင်းလုပ်သားဆိုတာ ပြည်တွင်းထဲမှာပဲ တစ်နေရာနဲ့တစ်နေရာ ရွှေ့ပြောင်းလုပ်တဲ့ ရွှေ့ပြောင်းလုပ်သား တွေ ပါသလို နိုင်ငံခြားကို သွားလုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေလည်း ပါ တယ်။ ဒီရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်လို့ မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်အောင် လုပ်ဖို့ဆိုတာ ပိုပြီးတော့ စိန်ခေါ်ချက်များတယ်။ အဲဒီတော့ ပထမအဆင့်ဖြစ်တဲ့ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးမှာ စိန်ခေါ်ချက်တွေရှိတဲ့ အတွက် ကျွန်တော်ပါတီကိုယ်စားပြုပြီးတက်တဲ့ ရွေးကောက်ပွဲကော်မရှင် အစည်းအဝေးမှာတော့ ကျွန်တော်တို့ ဒီစိန်ခေါ်ချက်ကြီးမားတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ တကယ်လက်တွဲဆောင်ရွက်နိုင်တဲ့ Magnetism တစ်ခု ထူထောင် ဖို့လိုအပ်တယ်။ တကယ်လည်း လိုအပ်တယ်။ ကျွန်တော်တို့ ဒီဟာကို အကြံပြုခဲ့တယ်။ ဒီစိန်ခေါ်ချက်တွေ ဖြေရှင်းနိုင်ဖို့လိုတယ်။ နောက်တစ်ခုက လက်ရှိ တိုက်ပွဲတွေ တိုင်းရင်းသားဒေသတွေမှာ နည်းနည်းလေး နဂိုကထက်စာရင် တိုက်ပွဲဖြစ်တဲ့ နယ်မြေကျယ်ပြန့်လာတဲ့သဘော ရှိတယ်ပေါ့ဗျာ။ ဒါသည်လည်း စိန်ခေါ်ချက်တစ်ခုရှိတယ်ပေါ့။ နောက်တစ်ခုသည် ဘာလဲဆိုတော့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေထောက်ပြတဲ့ အချက်တစ်ချက်ကတိုင်း ရင်းသားလူမျိုးစုစာရင်းပေါ့။ လူမျိုးစုအလိုက် မဲဆန္ဒရှင်စာရင်း ပြုစုရေးက လိုအပ်ချက်နဲ့ ယှဉ်လိုက်ရင် တော်တော်လေး ဖြည့်ဆည်းပေးရမယ့် လိုအပ်ချက်တွေရှိနေသေးတယ်ပေါ့ဗျာ။ ဒီလိုဟာတွေ ရှိနေသေးတဲ့အတွက် ဒါတွေကတော့ ဒီကာလအတွင်းမှာ ရွေး ကောက်ပွဲကော်မရှင်က တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်သွားမယ်ပြောတယ်။ အဓိက ထောက်ပြချင်တဲ့အချက်ကတော့ စောစောကပြောသလို ရွေးကောက်ပွဲကော်မရှင်ရယ်၊ အရပ်ဘက်အဖွဲ့အစည်းတွေရယ်၊ နိုင်ငံရေးပါတီတွေရယ် သုံးဦးသုံးဖလှယ် ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ Magnetism  တစ်ခု ထူထောင်နိုင်မှသာ ဒါတွေကို ကျွန် တော်တို့က ထိထိရောက်ရောက်ပေါ့ဗျာ။ ပြောချင်တာကတော့ ရာခိုင်နှုန်း ပြည့်ပေါ့ ဖြည့်ဆည်းဆောင်ရွက်နိုင်မယ်။ ဒီအဆင့်ပြီးသွားရင်တော့ ကျန်တာကတော့ ကျွန်တော်ထင်ပါတယ်။ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေရှိတယ်။ ပြည်တွင်းမှာ ပြည်တွင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေရှိတယ်။ ဒါကိုလည်း ရွေးကောက်ပွဲကော်မရှင်က လက်ခံထားတယ်။ကျန်တဲ့လုပ်ငန်းစဉ်တွေမှာကတော့ ကျွန်တော်တို့လွတ်လပ်မျှတတဲ့ ရွေး ကောက်ပွဲက ဒါတွေသာ ဖြည့်ဆည်းပေးနိုင်ရင် ဖြစ်နိုင်တယ်ပေါ့ဗျာ။

Most Read

Most Recent