အာဖဂန်နစ္စတန်ပြည်သူ သန်း ၃၀ ခန့်သည် မသေချာ၊ မရေရာသည့်ဘဝမျိုးနှင့် ကြုံတွေ့နေကြရသည်။ အမေရိကန်နှင့် တာလီဘန် စစ်သွေးကြွ အဖွဲ့ကြား စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်ရရှိရန် နီးကပ် နေပြီဟု အမေရိကန်သံတမန် ဇယ်မေခါလီ ဇက်က ပြောကြားနေစဉ်မှာ တာလီဘန်အဖွဲ့ သည် စက်တင်ဘာ ၁ ရက်တွင် အာဖဂန်နစ္စတန်ရှိ ဘက်ဂလန် ပြည်နယ် မြို့တော် ပူလီခွမ်ရီ၌ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
အမေရိကန်၏ အရှည်ကြာဆုံးပဋိပက္ခကို အဆုံးသတ်ပေးမည့် သဘောတူညီချက်ရရန် နီးကပ်နေပြီဟု အမေရိကန်နှင့် တာလီဘန်တို့က ကြေညာခဲ့သည်။ တကယ်တမ်းမူ အပြီးသတ် သဘောတူညီမှုမရသေးပေ။
အာဖဂန်ပြည်သူတွေကတော့ သူတို့၏ဘဝသည် မရေရာ၊ မသေချာမှုများကြားတွင် ရှိနေဆဲဖြစ်သည်။ သူတို့၏ အနာဂတ်သည်လည်း မသေချာ၊ မရေရာ။
“ဘာတွေ ဆက်ဖြစ်မလဲဆိုတာ မသေချာလှပါဘူး။ ဒါပေမဲ့ ကျွန်မတို့တစ်တွေအားလုံး ပင်ပန်းနွမ်းနယ်လှပါပြီ”ဟု ဆိုနီယာ အမည်ရှိ ကျောင်းဆရာမတစ်ဦးက ပြောကြားခဲ့သည်။
ပြည်သူတွေသည် ခိုကိုးရာမဲ့၊ ကယ်သူမဲ့ဘဝ ရောက်နေကြသည်။ အာဖဂန်နစ္စတန်ရှိ ပြည်နယ် ၃၄ ခုတွင် နေထိုင်ကြသော ပြည်သူ များအနေဖြင့် လိုလားနေကြသည်က ငြိမ်း ချမ်းရေးဖြစ်သည်။ ကဘူးမြို့တွင် နေထိုင်ကြသော အနုပညာအုပ်စုက ကျူးလစ်ပန်းများ ဖြင့် နံရံတွင် ငြိမ်းချမ်းရေးကို ပုံဖော်ခဲ့ကြသည်။ ယင်းအနုပညာထဲတွင် စစ်ပွဲဖြစ်ပွားသည့် ဆယ်စုနှစ် နှစ်ခုတာကာလအတွင်း သေဆုံးခဲ့သည့် အရပ်သားများကို သင်္ကေတဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးလှုပ်ရှားမှုများကို အာဖဂန် ပြည်သူများက ချီးကျူးဂုဏ်ပြုခဲ့ကြသည်။ အမေရိကန်တပ်ဖွဲ့များ ဝင်ရောက်ပြီး တာလီဘန်တို့ကို ဖယ်ရှားပစ်ခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခုစာမျှ ကြာမြင့်ခဲ့သော်လည်း အာဖဂန် နစ္စတန်နိုင်ငံ၏ နယ်မြေအချို့တို့မှာ တာလီဘန်လက်ထဲမှာပင် ရှိနေဆဲဖြစ်သည်။ တာလီဘန်တို့ပိုင်နက်တွင် ငြိမ်းချမ်းရေးဆန္ဒပြပွဲများ၊ လှုပ်ရှားမှုများ ပြုလုပ်ဝံ့သော အာဖဂန်အနု ပညာရှင်များ၏ သတ္တိမှာ မချီးကျူးဘဲမနေနိုင်ကြပေ။ အသက် ၂၃ နှစ်အရွယ်ရှိ ဆာယိရာဟင်ဟိုမစ်သည် ငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ သူက ဒဏ်ရာရရှိထားသည့် ခြေထောက်ကို သတင်းထောက်များကို ပြသည်။ သူ နေထိုင်ရာ အာဖဂန်နစ္စတန်တောင်ပိုင်း ဟယ်မန်းပြည်နယ်၌ နေထိုင်စဉ်က တာလီဘန်များက ကေဘယ်ကြိုးများဖြင့် သူ့ခြေထောက်ကို ရိုက်နှက်ထားခြင်းခံရပုံကို ဟိုမစ်က ရှင်းပြသည်။ “မင်း တက်ကြွ လှုပ်ရှားမှုတွေ မလုပ်နဲ့။ အဲဒီလိုလုပ်ဖို့ ဘယ်သူက ပိုက်ဆံပေးခိုင်းတာလဲ”ဟု တာလီဘန်များက မေးကြောင်း သူက ရှင်းပြသည်။
ဟိုမစ်၏ မိဘများက တာလီဘန်များကို တောင်းပန်တိုးလျှိုးခဲ့ကြမှ တာလီဘန်တွေ က ဟိုမစ်ကို လွှတ်ပေးခဲ့ကြသည်။ ဟိုမစ်ကဲ့သို့ပင် ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒပြသူတွေကို တာလီဘန်တွေက ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြသည်။
“ကျွန်တော်တို့ ဘယ်သူ့ယုံရမှန်း မသိတော့ဘူး”ဟု ဟိုမစ်က ပြောလိုက်သည်။ အမေရိကန်သံတမန် ခါလီဇက်နှင့် အာဖဂန်သမ္မတ အာရှက်ဖ်ဂါနီတို့ ကာတာနိုင်ငံတွင် တွေ့ဆုံခဲ့ကြသည်။ ယခုကဲ့သို့ ငြိမ်းချမ်းရေး ဆန္ဒပြပွဲတွင် ပါဝင်သူများကို ရိုက်နှက်မှုများ ပြုလုပ်သည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ တာလီဘန်စစ်ခေါင်းဆောင်ဟောင်း ဆာယက်အက်ကဘာအေဂဟာက ကာကွယ်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ လက်နက်ကိုင် သူပုန်များက စစ်ပွဲမပြီးဆုံးအောင် လုပ်ဆောင်နေသည့် သဘောမျိုး ဆန္ဒပြသူများက ထုတ် ပြောနေခြင်းကြောင့် ရိုက်နှက်ရခြင်းဖြစ်သည်ဟု အေဂဟာက ပြောကြားခဲ့သည်။
ကဘူးမြို့ရှိ သစ်ရွက်များ ထူပြောနေ သည့် စခန်းထဲတွင် တာလီဘန်ထောင်ပေါင်းများစွာတို့သည် ကာတာနိုင်ငံတွင် ကျင်းပသည့် အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရလဒ်ကို စောင့်ဆိုင်းနေကြသည်။ အာဖဂန် နစ္စတန်နိုင်ငံတွင်ရှိနေသည့် အမေရိကန်နှင့် တခြားနိုင်ငံခြားတပ်ဖွဲ့ဝင် ၂၀၀၀၀ သည် တာလီဘန်တို့ အာဖဂန်မြေပေါ်တွင် မရှိခဲ့လျှင် ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ပြော ကြားထားသည်။ အာဖဂန်မြေသည် အကြမ်းဖက်သမားများ၏ ခိုလှုံရာစခန်းအဖြစ်ရှိနေပြီး ပြည်ပတွင် တိုက်ခိုက်မှုများ ပြုလုပ်မည့် အခြေအနေကို အမေရိကန်နှင့် မဟာမိတ်များက လက်ခံမည်မဟုတ်ကြောင်း ပြောကြားထားပြီး ဖြစ်သည်။
တာလီဘန်တို့သည် အာဖဂန်နစ္စတန်တွင် နောက်ထပ်တစ်ကြိမ် အုပ်ချုပ်ခွင့်ရရေးကို မျှော်လင့်နေဆဲဖြစ်သည်။ တာလီဘန်တို့ကို မိမိတို့က လုံးဝမလိုချင်တော့ကြောင်း ကဘူးဒေသခံတစ်ဦးဖြစ်သူ မာဟော့ရှားက ပြောကြားသည်။ တာလီဘန်တို့သည် အာဖဂန်နစ္စတန်အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုကို လက်မခံသလို အာဖဂန်အစိုးရသည် အမေရိကန်၏ ရုပ်သေးအစိုးရတစ်ခုမျှသာဖြစ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။ အမေရိကန်နှင့် တာလီဘန်တို့၏ တွေ့ဆုံဆွေးနွေးမှုက သာလျှင် အာဖဂန်နစ္စတန်နိုင်ငံ၏ နိုင်ငံရေးကို အဆုံးအဖြတ်ပေးနိုင်မည်ဟု တာလီဘန်တို့က ယူဆထားသည်။
စက်တင်ဘာ ၂၈ ရက်တွင် သမ္မတရွေး ကောက်ပွဲ စတင်တော့မည်ဖြစ်သည်။ တာလီဘန်တို့က အာဖဂန်ပြည်သူများကို ရွေးကောက်ပွဲအား သပိတ်မှောက်ရန် တိုက်တွန်းထားသလို မဲရုံများကိုလည်း အဓိကပစ်မှတ်အဖြစ်ထားရှိပြီး တိုက်ခိုက်မှာဖြစ်ကြောင်း သတိပေးထားသည်။
အာဖဂန်နစ္စတန်နိုင်ငံသည် စစ်ပွဲဒဏ် ကြောင့် လုံးပါးပါးနေရသည့် နိုင်ငံတစ်ခုဖြစ်နေသည်။ ၁၉၇၉ ခုနှစ်က ဆိုဗီယက်တို့၏ ကျူးကျော်ခြင်းခံရသည်။ မူဂျာဟီဒင်သူပုန်များသည် အမေရိကန်ထောက်ပံ့မှုဖြင့် ကျူး ကျော်သူ ဆိုဗီယက်များကို တိုက်ခိုက်ခဲ့သည်။ ဆိုဗီယက်လိုလားသည့် အာဖဂန်အစိုးရပြုတ် ကျသွားပြီးသည့်နောက် ၁၉၉၆ ခုနှစ်တွင် တာလီဘန်တို့ အာဏာရပြီး ပြည်တွင်းစစ် လေးနှစ် ဖြစ်ပွားခဲ့ရာ လူပေါင်း ၅၀၀၀၀ ခန့် သေဆုံးခဲ့သည်။ ယခင် မူဂျာဟီဒင်တို့သည် အမေရိကန်နှင့် လက်တွဲပြီး တာလီဘန်များကို တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
အာဖဂန်ပြည်သူများကတော့ ငြိမ်းချမ်းရေးဆိုသည်မှာ မည်ကဲ့သို့ရှိသနည်းဆိုတာ သိချင်နေကြသည်။ ငြိမ်းချမ်းရေး၏ သဘောသကန်ကို သိမှီသူမှာ လူနည်းစုမျှသာပဲရှိပေလိမ့်မည်။ ယနေ့အချိန်တွင် ကဘူးမြို့ရှိ လမ်း မပေါ်တွင် ငြိမ်းချမ်းရေးဆန္ဒပြပွဲများ ပြုလုပ် နေသူများသည် ပစ်မှတ်ထားပြီး တိုက်ခိုက်ခံ ရမည့်အခြေအနေ ရောက်နေသည်။ သူတို့ တစ်တွေသည် ငြိမ်းချမ်းရေးဆိုသည့်စကားကို ကျယ်ကျယ်မပြောဝံ့။ လူစုလူဝေးနှင့်ပြော လျှင် အန္တရာယ်က ပိုများသည့် အခြေအနေ ရောက်နေသည်။ မိမိတို့၏ အနာဂတ်နှင့်ပတ် သက်၍ မည်သူမျှထုတ်ဖော်မပြောဝံ့ကြ။ လက်ရှိအခြေအနေကို တိတ်ဆိတ်စွာ စောင့် ကြည့်နေခြင်းသည်ပင် မရောက်သေးတာ အနာဂတ်ကို စောင့်မျှော်နေခြင်းဖြစ်သည်။
“အာဖဂန်နစ္စတန်မှာ ဘာပဲလုပ်လုပ် အရမ်းအန္တရာယ်ကြီးတယ်”ဟု ရှာရီဖီက ပြော သည်။ စစ်ပွဲတွင် သေဆုံးခဲ့သည့် ပြည်သူများ ကို ရည်စူးသည့်အနေဖြင့် အာဖဂန်နစ္စတန် ရှိ မြို့ကြီးလေးမြို့မှ နံရံများပေါ်တွင် ကျူးလစ်ပန်းများကို ရေးဆွဲခဲ့သည့် အနုပညာရှင်များထဲတွင် ရှာရဖီလည်းတစ်ဦးအပါအဝင်ဖြစ် သည်။
အမေရိကန်နှင့် တာလီဘန်တို့သည် သူတို့အကျိုးစီးပွားအတွက် ဆွေးနွေးနေကြ ခြင်းဖြစ်သည်။ အရေးပါသော မေးခွန်းက တာလီဘန်များအနေဖြင့် အာဖဂန်ပြည်သူများနှင့် မျက်နှာချင်းဆိုင်ပြီး ငြိမ်းချမ်းရေး ပြဿနာ ဖြေရှင်းရဲလားဆိုသည့် မေးခွန်းဖြစ် ကြောင်း ရှာရဖီက ပြောကြားသည်။
တာလီဘန်နှင့် အာဖဂန်နစ္စတန်အစိုးရ တို့သည် တစ်ဦး၏ဖြစ်တည်မှုကို တစ်ဦးသိရှိ ပြီး အရှိတရားကို သဘောပေါက်ဖို့လိုအပ် ကြောင်း၊ သို့မှသာ တခြားနည်းလမ်းသစ်တစ်ရပ်ဖြင့် ငြိမ်းချမ်းရေးကို လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ရှာရဖီက သူ့သဘောထားကို ရှင်းပြခဲ့သည်။










