ကျောင်းမှားတဲ့ ဇရာ

ကျောင်းမှားတဲ့ ဇရာ
ဘိုးဘွားရိပ်သာတစ်ခုတွင် နေထိုင်လျက်ရှိသော သက်ကြီးအဘိုးများကို တွေ့ရစဉ်
ဘိုးဘွားရိပ်သာတစ်ခုတွင် နေထိုင်လျက်ရှိသော သက်ကြီးအဘိုးများကို တွေ့ရစဉ်
Published 6 September 2019
ကျော်ထင်

(၁)

၀ါခေါင်လပြည့်နေ့မှာ ဇရာအိုဆရာကြီး တွေနဲ့ စကားပြောဖြစ်တယ်။ ဆရာကြီးတစ်ယောက်က ၇၀ နားမှာ ရပ်နေပြီ။ နောက်ထပ် ဆရာကြီးတစ်ယောက်လည်း ရှိသေးတယ်။သူကတော့ ၇၅ ကျော်ပြီ။

ကျွန်တော်က “ဆရာကြီးတွေ ဒီနေ့ ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့လေ။ ဘုန်းကြီးကျောင်းလေး၊ ဘာလေး သွားပြီး မေတ္တာဘာဝနာ မပွားဘူးလား”လို့  ပဋိသန္ဓာရ စကားကို ဆိုလိုက်တယ်။

ဆရာကြီးတစ်ယောက်က “မပွားရပါဘူး ဆရာလေးရယ်။ ကျောင်းတွေကမှ မပိတ်တာ။ ၀ါဆိုလပြည့်တုန်းကလည်း ဥပုသ်မစောင့် လိုက်ရဘူး။ ကျွန်တော်တို့မှာ ကျောင်းမှားပြီး လာနေရတာပဲ”တဲ့။

အဲ့ဒါကို  အသက် ၄၅ ကျော်ဆရာရွယ်က “ဒါဆိုရင် ဆရာကြီးတို့ကလည်း ၀ါတွင်းလ ပြည့်၊ လကွယ် ဥပုသ်နေ့တွေတိုင်း ဘယ်ကျောင်း ဖွင့်ဖွင့် မသွားနဲ့ပေါ့။ အဲ့ဒီနှစ်ရက်မှာ ဘုန်းကြီးကျောင်းပဲသွား။ ကိုယ့်အတွက် ပါ တာလေးလည်း လုပ်ပေါ့”ဆိုပြီး ကြားဖြတ် အကြံပေးလေတယ်။

ကျွန်တော်ကတော့ အဲ့ဒီစကားလေးတွေ ကို သဘောကျကျ နားထောင်ရင်း မျက်နှာနဲ့ နှုတ်ခမ်းတွေမှာ ပြုံးရယ်နေလိုက်တယ်။ ဒါပေမဲ့  စိတ်အတွင်းမှာတော့  ငိုင်သက်နေမိပေါ့။အတွေးတွေ ပွားနေရပေါ့။ ကျောင်းမှားနေ တယ်ဆိုတဲ့ စကားစုကို ပြာလဲ့ဇာချဲ့ရင်း ကျွန်တော်  ခပ်ဝေးဝေးဆီ  ငေးကြည့်ပစ်လိုက်တယ်။ ဥပ္ပါတသန္တိစေတီရဲ့ ခန္ဓာအလင်းကို မျက်ဝန်းမှာ ရှင်းခနဲ မြင်လိုက်ရတယ်။ ဒါပေမဲ့ အလှမ်းက ဝေးနေသေးတယ်။ ဘုရားနဲ့ ကျွန်တော်တို့ဟာ ဝေးနေသေးတယ်။ မရောက်နိုင် အောင်ပဲလားဆိုတော့၊ ဒါက အနာဂတ်တစ်ခု ဖြစ်လို့ အဲ့ဒီအတွက် ဒိဗ္ဗစက္ခုဉာဏ် ကျွန်တော့်မှာ မရှိပြန်ဘူး။ သေချာတာကတော့ ဘုရားနဲ့ ကျွန်တော်တို့ကြားမှာ အိမ်တွေ၊ လမ်းတွေ၊ ရပ်ကွက်တွေ၊ တောင်ကုန်းတွေ၊ သစ်ပင်တွေ၊ လူနေမှုတွေနဲ့ အဝေးကြီးတစ်ခုက ခြားထားသေးတယ်။ ပစ္စက္ခအမြင်မှာတော့ တကယ်အဝေးကြီးပဲ။

 

(၂)

တကယ်က ၆ဝကျော်၊ ၇၀ ကျော်အ သက်တွေဆိုတာ ဗမာရနံ့နဲ့ ထုံပြောရရင် ကျောင်းကြီးရိပ်ခိုနေရတော့မှာ မဟုတ်လား။ကျောင်းကန်ဘုရားသွားလို့ ဒါနနဲ့ သီလ။သမာဓိနဲ့ ပညာ။  ၀ိပဿနာနဲ့  ဘာဝနာတွေကို သာ အဓိကထားကြရတော့မှာ မဟုတ်လား။ ဒါက ယုံကြည်တယ်ဆိုရင်ပေါ့။

ပညာသတိရှိရင် ဘဝနိဂုံးအတွက် တစ် ခုတည်း ရှိတာက ဧကော ဓမ္မောပဲလေ။ ဘဝရဲ့အန္တိမပန်းတိုင်က တစ်ခုတည်းပဲ။ ဒါပေမဲ့ ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက် ဇရာအိုတွေခ မျာ မနေနိုင်ရှာသေးဘူး။ အဆုံးပန်းတိုင်အ တွက် စိတ်ထဲကို နှိပ်ထည့်ရမှာက တခြား။အိတ်ထဲကို သိပ်ထည့်နေတာက တခြားပဲ။

အဲ့ဒီခြားနှစ်ခြားမှာ ဇရာအိုကြီးတွေ စိတ်မသက်မသာ လွဲမှားနေကြဆဲ။ ဘဝ  ရှင်သန်ရေးအတွက် ငွေကိုသာ ရှာနေရဆဲ။ သံသရာခရီးမှာ အဖန်ဖန်တေမယ့် အစုန်ကိုသာ  ဆင်းနေကြရတယ်။ တချို့က ပင်စင်လစာ လေးတွေနဲ့  ဇရာခရီးတစ်ထောက်၊ တစ်ပြစာ လောက်ကိုမှ လောက်ငအောင် မကျောင်း နိုင်ကြပြန်ဘူး။ ထောက်ရ၊ ပ့ံရ၊ ပေးကြ၊ ကမ်း ကြရတာတွေက အများသားနဲ့ တူတယ်။ ဝမ်းက တစ်ထွာ ကဟန်မတူဘူးလေ။

ဒါက သူတို့ဝန်၊ သူတို့အင်။ အဲ့ဒီတော့ လည်း ပင်စင်စားပေမဲ့ အလုပ်က မနားနိုင်သေး။ လုပ်သမျှတွေကြောင့် မအားနိုင်သေး။ပုဂ္ဂလိကကျောင်းတွေမှာ စာပြန်သင်ရင်းနဲ့ ဝမ်းစာ ရှာရပြန်တယ်။ အစိုးရဝန်ထမ်းကနေ ပုဂ္ဂလဝန်ထမ်း တစ်ဖန်ပြန်ဖြစ်လို့၊ ဝန်ဗွက်မှာ ကျွံမတက်နိုင်ကြတော့ပြန်ဘူး။

ဒီလိုမှ မသင်တော့ရင်လည်း ဇရာအိုကြီး တွေရဲ့ ကျန်းမာရေးက မနှေးဘူးတဲ့။ မဝေး ဘူးတဲ့။ စာသင်နေရလို့ ကျန်းမာနေတာတဲ့။အဲ့ဒီအကြောင်းပြချက်နဲ့ ၈၀ ဇရာ၊ ဆရာအိုခမျာ ဗမာပြည်အစုန်အဆန်ခရီးမှာ တက်ချည်နဲ့ ဆင်းချည်။ ဆင်းလိုက်နဲ့ တက်လိုက်။ ဒါက ဇရာအို ဆရာကြီးတွေရဲ့ အပိုင်းအစ။

 

ကျွန်တော်ကရော . . .

 

(၃)

ကိုယ့်အတွက် ကိုယ်စဉ်းစားတော့ ပန်းနာသည်တစ်ယောက်လို မပြေးရဘဲ မောသွားတယ်။ ဟပ်ခနဲ လဲကျတဲ့ထိအောင်  စိတ်ကူးမှာတွေးပူတယ်။ အရွယ်ငယ်ငယ် သားငယ်နဲ့ အသက်ငယ်ငယ် ဇနီးသည်က အတွေးစရဲ့ အဓိကနေရာမှာ အခရာကျကျ နေရာယူ ထားပြရော။

နောက်ထပ် ဆယ်နှစ်တိုင်အောင် စာ တွေ သင်နေရဦးမှာလား။ ကျွန်တော် ဘယ် အချိန်မှာ နားရမှာလဲ။ ကျွန်တော် ဘယ်လို အိုရမှာလဲ။ ကျွန်တော် ဘယ်လို နာရမှာလဲ။ကျွန်တော် ဘယ်လို သေရမှာလဲ။ ဘယ်သူ့ လက်ထဲမှာ ကျွန်တော့်အိုမင်းမှုကို အပ်နှံပြီး တော့ ဇရာပိ ဒုက္ခာကို အဖြေရှာရမှာလဲ။ ဘယ်သူ့လက်ထဲမှာ နာခြင်းဒုက္ခကို အနတ္တ ရှုရမှာလဲ။ ဘယ်သူ့လက်အတွင်းမှာ ကျွန် တော့်ရဲ့ မရဏံပိ ဒုက္ခံဟာ သေဇောသန်ရ မှာလဲ။ အဖေနဲ့  အမေ့ထံပါးမှာ ဇာတိပိ ဒုက္ခာ ဖြစ်ခဲ့ပြီးတဲ့နောက်၊ ဘဝတစ်ပြ ငယ်စဉ်ကာလက စလို့၊ ဘဝအလယ် လူရွယ်ကာလတွေ တစ်လျှောက်လုံး ကိုယ့်ခြေထောက်ကို ကိုယ် သုံးခဲ့ရတာမျိုးက အများကြီးပဲ။ ကိုယ့်ဘဝ အကြောင်းတရားကို ကိုယ်တိုင် ဇာတ်ညွှန်း ရေး၊ ကိုယ်တိုင်  ဒါရိုက်တာလုပ်ခဲ့တာမျိုးတွေပဲ အရှိများခဲ့တယ်။ ဘဝသမုပ္ပမှာ ကိုယ်တိုင် ကိုယ်ကျ သရုပ်ဆောင်ခဲ့ရတာပဲ။ တချို့မှာ တော့ ကိုယ်တိုင်၊ တချို့ကျတော့ ကံကြမ္မာနဲ့ ဘဝဇာတ်စာကို အထစ်ထစ်အငေါ့ငေါ့ ရွတ် ရင်း၊ ပြင်မရတဲ့ တချို့ဇာတ်ဝင်ခန်းတွေမှာ အမှားတွေကလည်း ဒင်းကြမ်းပဲ။

ကိုယ့်ဇာတ်စာနဲ့ ဇာတ်ဝင်ခန်းဟာဖြင့် ညီသလား၊ မညီသလား ကျွန်တော် မဆင်ခြင် နိုင်ခဲ့ဘူး။ ဉာဏာ ဥဒပါဒိကို လက်လှမ်းမမီခဲ့ ဘူး။ ပစ္စက္ခဆီ ရောက်တော့မှ အတိတ်ရဲ့ ပုံရိပ်တွေဟာ အနာဂတ်ဆီ ထိုးမယ့် ဆလိုက်လို့  သိလိုက်ရတာလေ။

နောက်ကျသွားပြီ။ အနာဂတ်ပိတ်ကား ချပ်မှာ ကျွန်တော့်အရိပ် တဖျပ်ဖျပ်ဟာ ထိတ်လန့်စရာ အကောင်းသား။

(၄)

တခြားဒေသနာတွေမှာ ဘယ်လိုပဲ တွေး တွေး၊ ဘယ်လိုပဲ မြင်မြင်၊ ဒါဟာ ကျွန်တော့်အတွက် စစ်မှန်တဲ့ ဘဝအမြင်မှ မဟုတ်ဘူးပဲ။  မိရိုးဖလာသိနဲ့ စတင်ခဲ့တဲ့ ဗုဒ္ဓသဒ္ဓါဟာ ဗုဒ္ဓရဲ့ဘဝပညာမှာ အဆုံးသတ်ဖို့တော့ လိုမှာ ပေါ့။ သညာသိကနေ ပညာသိဆီတော့ ကူး တတ်ရမှာပေါ့။

ဇာတိနဲ့ ဇရာ။ ဗျာဓိနဲ့  မရဏံ အဲ့ဒီအလွှာ တွေကြား ဆစက္ခုံ  ဥဒပါဒိ။ ဉာဏာ ဥဒပါဒိ။ ၀ိဇ္ဇာ ဥဒပါဒိ ဖြစ်သင့်ပြီပေါ့။

အားလုံးအတွက် အာလောကော ဥဒပါ ဒိ မဖြစ်မိရင်တောင် ကျွန်တော့်အတွက် ကျွန်တော် အိုမင်းဖို့အရေး တွေးရတော့မှာပဲ။ ကျွန်တော့်နာခြင်းကို ကျွန်တော် စဉ်းစားရ တော့မှာပဲ။ သေခြင်းတရားကို အဖြေရှာဖို့ ကျွန်တော် ကြိုးစားရတော့မယ်။

ကျောင်းမှားလာတဲ့ ရဝကျော် ဆရာကြီးတွေဆီကနေ ဘဝသင်ခန်းစာကို ယူပြီး ဗုဒ္ဓရဲ့ဘဝပညာနဲ့ ညီဖို့ နေကြည့်ရတော့မယ်။ဟုတ်တယ်၊ ကျွန်တော် မငယ်တော့ဘူး။ အသက်က ၅၀။

 

Most Read

Most Recent