‘နေ့ပြန်တိုး’ဆိုတဲ့ အသုံးအနှုန်းက တချို့လူတန်းစားတွေအတွက် စိမ်းကောင်း စိမ်းနေလိမ့်မယ်ဖြစ်ပေမဲ့ ကျွန်တော်တို့လို အခြေခံလူတန်းစား၊ လက်လုပ်လက်စားသမားတွေ အတွက်ကတော့ အရင်းနှီးဆုံး အသုံးအနှုန်းတစ်ခု ဖြစ်တယ်လို့တောင်မှ ပြောရလိမ့်မယ် ထင်ပါတယ်။ တကယ်လည်း အခြေခံလူတန်း စားတွေနဲ့ နေ့ပြန်တိုးယူတယ်ဆိုတဲ့ ကိစ္စဟာ လက်ဖဝါးနဲ့ လက်ဖမိုးလို ကျောချင်းကပ် အနေအထားမှာ အမြဲတမ်း ရှိနေခဲ့ကြတာပါ။ နေပြန်တိုးတင် မကပါဘူး၊ မတ်တိုးလို အတိုးကြီးကြီး ပေးရတဲ့ ချေးငှားမှုတွေနဲ့လည်း ကျွန်တော်ဟာ မလွတ်ကင်းခဲ့ကြပါဘူး။ ဒါတင်ပဲလား ဆိုပြန်တော့ နေ့သွင်း၊ လပေးနဲ့ ရောင်း ချတတ်တဲ့ အဝတ်အထည်နဲ့ အသုံးအဆောင် ပစ္စည်းတွေလည်း ပါသေးတယ်လို့ ပြောရဦးမှာပါ။ တကယ်တော့ ၁၀၀ ကို ၂၀၊ ၁,၀၀၀ ကို ၂၀၀၊ ၁၀,၀၀၀ ယူရင် ၂,၀၀၀ ဆိုတဲ့ အ တိုးနှုန်းထားဟာ မနည်းလှတဲ့ အတိုးနှုန်းထား တစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လို လူတန်းစားတွေအတွက် ရွေးချယ် စရာဟာ များများစားစား ရှိမနေခဲ့ပါဘူး။ အထူးသဖြင့် အိမ်လခပေးကာနီးလို ရက်မျိုးတွေ မှာ ကျွန်တော်တို့တတွေဟာ မပတ်သက်ချင်ပေမဲ့လည်း နေ့ပြန်တိုးပေးတတ်ကြသူတွေနဲ့ မဖြစ်မနေကို ထိတွေ့ပတ်သက်ကြရတတ်ပါတယ်။
တကယ်တမ်းပြောရရင် နေ့ပြန်တိုးဆိုတာ ကျွန်တော်တို့လို ချေးငှားသူတွေဘက်က အများကြီးနစ်နာတဲ့ စနစ်တစ်ခုသာ ဖြစ်ပါတယ်။ နစ်နာတာမှ ငွေ ၃၀,၀၀၀ ယူတဲ့အခါ အတိုး ၆,၀၀၀ ကို ကြိုအနုတ်ခံကြရပြီး ငွေ ၂၄၀၀၀ ပဲ လက်ထဲကို ရောက်လာတတ်တာ ပါ။ ငွေ ၂၄,၀၀၀ လက်ထဲကို ရောက်ပြီးရင် တော့ တစ်နေ့တစ်ထောင်နှုန်းနဲ့ ငွေ ၃၀,၀၀၀ မပြည့်မချင်း ပြန်လည်ပေးသွင်းရပါတော့ တယ်။ နေ့ပြန်တိုးမှ မဟုတ်ပါဘူး။ တခြား နေ့သွင်း၊ လပေးနဲ့ ရောင်းချတတ်ကြတဲ့ပစ္စည်းတွေဟာလည်း နှစ်ဆမကတဲ့ အမြတ်ငွေကို ထည့်ပေါင်းထားပြီးသား ပစ္စည်းတွေသာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ရွေးချယ် စရာမရှိသလို ငြင်းဆန်ရှောင်ဖယ်နိုင်တဲ့ စွမ်းအားလည်း မရှိပါဘူး။ ငြင်းဆန်ရှောင်ဖယ်နိုင်စွမ်း မရှိရုံသာမက နေ့ပြန်တိုးဆိုတာဟာ ကျွန်တော်တို့လို အခြေခံလူတန်းစားတွေအတွက် တစ်ခုတည်းသော ငွေကြေးထွက်ပေါက်လို့တောင်မှ ပြောလို့ရမယ် ထင်ပါတယ်။
အတိုးများတာတွေ တန်ဖိုးမြင့်တွေနောက်မှာ ထားလို့ ချေးငှားတဲ့သူတွေကိုတောင်မှ ပြန်ပြီးကျေးဇူးတင်၊ ကျေးဇူးရှင်မှတ် ထင်နေကြတဲ့သူတွေဟာ ကျွန်တော်တို့အခြေခံလူတန်းစားတွေပါပဲ။ တကယ်တော့ ပြေး သလောက် ခရီးမပေါက်တဲ့ ခေတ်ကြီးထဲ လှော်ရင်းနဲ့ နစ်နေကြသူတွေ တစ်နေ့တခြား များပြားလာနေခြင်းက ဒီကနေ့ နေ့ပြန်တိုးလိုငွေ ချေးငှားတဲ့စနစ်တွေ သက်ဆိုးရှည်နေကြခြင်းရဲ့ အကြောင်းရင်းဖြစ်တယ်လို့ ထင်မြင်မိပါ တယ်။ အဲဒီလိုပါပဲ လူတစ်ဦးချင်းစီရဲ့ ဝင်ငွေနိမ့်ကျနေခြင်းကလည်း နေ့ပြန်တိုးလို စနစ်တွေ အခုအထိ အသက်ဝင်နေသေးခြင်းရဲ့အချက်ဖြစ်တယ်လို့ ထင်မြင်နေမိခဲ့ပါတယ်။အမှန်အတိုင်းသာ ဝန်ခံရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့လေး၊ ငါးလခန့်ကစတင်ပြီး ကျွန်တော်ကိုယ်တိုင် နေ့ပြန်တိုးဆိုတဲ့ နွံထဲကို ခြေ ကျွံသွားခဲ့ရပါတယ်။ အဲဒီအတွက်လည်း အခုအချိန်မှာ နေ့စဉ်ရရှိလာတဲ့ လုပ်အားခငွေထဲက ၃၀ ရာခိုင်နှုန်းတိတိကို အသုံးပြုပေး ဆပ်နေခဲ့ရပါတယ်။ အဲဒီလိုပါပဲ၊ အဲဒီနွံထဲကနေ ဘယ်လိုပဲ ရုန်းထွက်ဖို့ ကြိုးစားပေမဲ့လည်း မအောင်မြင်နိုင်ခဲ့သေးပါဘူး။ အထူးသဖြင့် ကျူရှင်လခနဲ့ အိမ်လခလို ခေါင်းစဉ်တွေ အောက်မှာ ကျွန်တော်ရဲ့ ကြိုးစားမှုတွေဟာ ကျရှုံး ပျောက်ပျက်သွားနေခဲ့ရပါတယ်။ ကျွန်တော့်လို ရုန်းလေ၊ နစ်လေ ဖြစ်နေတဲ့လူတွေ ကိုလည်း ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ အများအပြား တွေ့မြင်နေခဲ့ရပါတယ်။
တကယ်တော့ ကျွန်တော်တို့ဟာ ပူမယ်မှန်းသိလျက်နဲ့ မီးကို ကိုယ်တွယ်နေရတဲ့ လူတွေလို့တောင်မှ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ယူနေရတဲ့ အတိုးနှုန်းထားဟာ များပြားတဲ့ အတိုးနှုန်းမှန်း သိသိလျက်နဲ့ မျက်လုံးစုံမှိတ် ချေးငှားနေကြရတဲ့သူတွေ ဖြစ်နေကြလို့ပါပဲ။ ဒါပေမဲ့ ကျွန် တော်တို့မှာ ရွေးချယ်ပိုင်ခြင်းမရှိပါဘူး။ ရွေးချယ်ပိုင်ခွင့် မရှိရုံသာမက ငွေတိုးပေးစားသူ တချို့ရဲ့ ပြန်လည်ရွေးချယ်ခြင်းကိုတောင်မှခံကြရပါသေးတယ်။ ဟုတ်ပါတယ်၊ ကျွန်တော်တို့ရဲ့ အလုပ်အကိုင်၊ ကျွန်တော်တို့ရဲ့ဝင် ငွေ အတိမ်အနက်ကို တိုင်းတာပြီးမှ ကျွန်တော်တို့နဲ့ သင့်တော်တဲ့ ငွေပမာဏတစ်ခုကို သူတို့ဟာ ထုတ်ပေး၊ ချေးငှားတတ်ကြတာပါ။ ဒါကလည်း နေရာတိုင်းမှာ ရှိတတ်တဲ့ လိမ်လည်လှည့်ဖြားတတ်သူ လူတချို့ကြောင့် ဖြစ်ကောင်း ဖြစ်လိမ့်မယ် ထင်ပါတယ်။ ဘာပဲဖြစ် ဖြစ် ဒီနေ့လို ခေတ်ကြီးထဲမှာ အပေါင်ပစ္စည်း တစ်ခုခု မပေးဘဲ ငွေချေးရဖို့ဆိုတာ မလွယ်ကူတဲ့အလုပ်ပဲဖြစ်ပါတယ်။ အဲဒီလိုပါပဲ ဘယ်လိုအပေါင်ပစ္စည်းတစ်ခုခုမှ လက်ခံမရှိပါဘဲ ငွေချေးရခြင်းဟာလည်း စွန့်စားရတဲ့အလုပ် တစ်ခုလို့ ထင်မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ချေးငှားလိုက်တဲ့လူက ငွေကို ပြန်မပေးလည်း ဘယ်လို အရေးယူမှုမျိုးမှ ပြုလုပ်လို့ မရလို့ပါပဲ။ ဒါပေမဲ့ ရာခိုင်နှုန်း ၉၀ သော ကျွန်တော်တို့ အခြေခံလူတန်းစားတွေ ဟာ အဲဒီလိုအပြုအမူမျိုးတွေကို ပြုလုပ်လေ့ မရှိတတ်ကြပါဘူး။
အထူးသဖြင့် အိမ်ရှေ့ကနေ အော်ဟစ်ပြီး အကြွေးတောင်းခံရမှာကို အလွန်အင်မတန်မှ ရှက်တတ်ကြပါတယ်။ အဲဒီလိုပါပဲ မရှိလို့သာ ချေးငှားသုံးစွဲနေခဲ့ရပေမဲ့ ကိုယ်ချေးငှားသုံးစွဲနေရကြောင်းကို တခြားလူတွေ သိသွားမှာကိုလည်း စိုးရိမ်ကြောင့်ကြတတ် ကြပါသေးတယ်။ တကယ်တော့ ငွေကြေးကို ချေးငှားသုံးစွဲရခြင်းဟာ ရှက်စရာဆိုရင် သူတစ်ပါးဆီက ချေးယူထားတဲ့ငွေကြေးကို ပြန်ပေးလိုစိတ်မရှိခြင်းဟာ ပိုပြီးရှက်စရာဖြစ် တယ်လို့ ကျွန်တော်ကတော့ ထင်မြင်မိပါတယ်။ တကယ်လည်း အနည်းနဲ့အများဆိုတဲ့ ကွာဟချက်ကလွဲရင် ဒီနေ့လို ခေတ်ကြီးထဲမှာ အကြွေးနဲ့ ကင်းလွတ်တဲ့သူဆိုတာ လက်ချိုး ရေလိုတောင်မှ ရနိုင်လိမ့်မယ် ထင်ပါတယ်။ ယုတ်စွအဆုံး ကျွန်တော်တို့ရဲ့ နိုင်ငံတော် ကြီးတောင်မှ အကြွေးနဲ့ မကင်းလွတ်နိုင်ပါ ဘူး။
တကယ်တော့ ကျွန်တော်တို့လူမျိုးတွေ ဟာ သံသရာကြွေးပါမှာကို အလွန်အင်မတန် ကြောက်တတ်တဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီ လိုပါပဲ၊ သံသရာခရီးလမ်းကို လျှောက်လှမ်း ဖို့ အထောက်အပံ့ဖြစ်စေမယ့် အလှူအတန်း မျိုးတွေကို ပိုက်ဆံချေးငှားပြီး လုပ်ကြဖို့ ဝန် မလေးတတ်ကြတဲ့သူတွေလည်း ဖြစ်ကြပြန် ပါသေးတယ်။ ဝန်မလေးတတ်ကြတာမှ နိုင်တာထက်ပိုကာ လုပ်မိတဲ့ အလှူအတန်းပွဲ တစ်ခုကြောင့် အိမ်ပေါင်၊ ခြံရောင်းရတဲ့အထိ ဖြစ်သွားခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက်ကို တွေ့ခဲ့ရဖူးပါတယ်။ အဲဒီသူငယ်ချင်းလို အ ဖြစ်အပျက်မျိုးတွေ မြောက်မြားစွာ ရှိနေကြလိမ့်ဦးမယ်လို့လည်း ယုံကြည်နေခဲ့မိပါသေး တယ်။ ဟုတ်ပါတယ်။ နေ့ပြန်တိုးလို၊ မတ်တိုး လို ငွေချေးငှားစနစ်ရဲ့အောက်မှာ ကစဉ့်ကလျား ဖြစ်သွားတဲ့ ဘဝတွေ အများကြီးရှိနေ ခဲ့ကြပါတယ်။ အဲဒီလိုပါပဲ၊ နေ့ပြန်တိုးလို ငွေ ချေးငှားမှုစနစ်တွေကြောင့် ဘဝတွေကို ဟန်မပျက်အောင် ထိန်းထားနိုင်ကြတဲ့ သူတွေ လည်း ရှိနေခဲ့ကြပြန်ပါသေးတယ်။ အဲဒါကြောင့် နေ့ပြန်တိုးဆိုတာ ကျွန်တော်တို့လို လူတန်းစားတွေအတွက်တော့ မရှိမကောင်း၊ ရှိမကောင်း လို့ ပြောရလိမ့်မယ် ထင်ပါတယ်။ နေ့ပြန်တိုးတင်ပဲလား ဆိုပြန်တော့ နေ့သွင်းလပေးနဲ့ ရောင်းချကြတဲ့ အဝတ်အထည်တွေ၊ အသုံးအဆောင်တွေကလည်း ထိုနည်းလည်း ကောင်းလို့ ပြောရမှာပဲဖြစ်ပါတယ်။
တကယ်လည်း မိမိတို့လိုအပ်နေတဲ့ အဝတ်အထည်၊ အသုံးအဆောင်တွေကို လက်ငင်းစနစ်နဲ့ ဝယ်ယူဖို့မတတ်နိုင်သူတွေအတွက် အဲဒီစနစ်က အဆင်ပြေသယောင်ရှိပေမဲ့ သူ့အတွက် ပြန်လည်ပေးသွင်းရတဲ့ငွေ ကြေးပမာဏကတော့ နေ့ပြန်တိုးချေးငွေနဲ့ သိပ်ကွာခြားလှတာ မဟုတ်ပါဘူး။ မကွာခြားရုံသာမက တချို့တလေဆိုရင် နေ့ပြန်တိုးအတွက်ပေးရတဲ့ အတိုးငွေထက်တောင်မှ များပြားနေခဲ့ပါသေးတယ်။ ဒါပေမဲ့ ငွေလက်ငင်း အသုံးမပြုနိုင်သူတွေအတွက်က ရွေးချယ်စရာ မရှိပါဘူး။ ရွေးချယ်စရာ မရှိရုံတင်မက တချို့ဆို အဲဒီလိုစျေးကြီးကြီး ပေးဝယ်လာတဲ့ အဝတ်အထည်တွေကို တစ်ဖက်မှာ စျေးပေါပေါနဲ့ (ငွေလက်ငင်းစနစ်နဲ့) ပြန် လည်ရောင်းချပြီး မိမိတို့ လောလောလတ်လတ်ဖြစ်ပေါ်နေတဲ့ ငွေကြေးအခက်အခဲကို ဖြေရှင်းတတ်ကြပါသေးတယ်။ တကယ်တော့ ဒါတွေဟာ ပုံပြင်မဟုတ်တဲ့ တကယ့်အဖြစ် အပျက်တွေပဲဖြစ်ပါတယ်။
အဲဒီလိုပါပဲ ဒါတွေဟာ စားဝတ်နေမှု မပြေလည်ခြင်းဆိုတဲ့ ခေါင်းစဉ်ကနေ မြစ်ဖျားခံလာတဲ့ အကြောင်းရင်းတွေလည်း ဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု၊ ကျွန်တော်တို့ရဲ့ တစ်ဦးချင်းဝင်ငွေ နည်းပါးမှု တွေကနေ သန္ဓေတည်လာတဲ့ အကြောင်းရင်းတွေဖြစ်တယ်လို့လည်း ထင်မြင်မိပါတယ်။ တကယ်လည်း မိမိဝင်ငွေနဲ့ မိမိတို့ စားဝတ်နေရေး လုံလောက်နေသူတစ်ယောက်ဟာ အကြောင်းမဲ့သက်သက်သူများဆီက ငွေကို အတိုးကြီးကြီးပေးပြီး ချေးငှားလိမ့်မယ် မဟုတ်ပါဘူး။ အဲဒီလိုပါပဲ။ ဘယ်သူတစ်ယောက်ယောက်ဆီက ပစ္စည်းတစ်ခုကိုမှ လည်း အကြောင်းမဲ့သက်သက် စျေးကြီးပေး ပြီး ဝယ်လိမ့်ကြမယ်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဘာတစ်ခု မရေရာ မသေချာသေးတဲ့ ခေတ်ကြီးထဲမှာ ကျွန်တော်တို့လို အခြေခံ လူတန်းစားတွေအတွက် ရွေးချယ်စရာဟာလည်း များများစားစား ရှိမနေခဲ့ဘူး မဟုတ် လား။










