ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ၁၀၀ ကို ချေးငွေထုတ်ချေးရန် စီစဉ်ထားပြီး အလားအလာရှိလုပ်ငန်းများအဖြစ် ခရီးသွားလုပ်ငန်း၊ ငါးမွေးမြူရေးနှင့် စက်မှုလက်မှုလုပ်ငန်း စသည်တို့ကို ရွေးချယ်ထားဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ၁၀၀ ကို ချေးငွေထုတ်ချေးရန် စီစဉ်ထားပြီး အလားအလာရှိလုပ်ငန်းများအဖြစ် ခရီးသွားလုပ်ငန်း၊ ငါးမွေးမြူရေးနှင့် စက်မှုလက်မှုလုပ်ငန်း စသည်တို့ကို ရွေးချယ်ထားဟုဆို
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ သတင်းစာရှင်းလင်းပွဲ ကျင်းပနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ -ဇေယျာငြိမ်း)
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ သတင်းစာရှင်းလင်းပွဲ ကျင်းပနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ -ဇေယျာငြိမ်း)
Published 29 August 2019
ဇေယျာငြိမ်း

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစားနှင့် အလတ်စားစီးပွားရေး SME လုပ်ငန်း ၁၀၀ ကို ချေးငွေထုတ်ချေးပေးနိုင်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်နေပြီး အလားအလာရှိသော လုပ်ငန်းများအဖြစ် ခရီးသွားလုပ်ငန်း၊ ငါးမွေးမြူရေးနှင့် စက်မှုလက်မှုလုပ်ငန်းများကို ရွေးချယ်ထားကြောင်း သြဂုတ်၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“ပထမအဆင့်အနေနဲ့ SME လုပ်ငန်း ၁၀၀ ကိုစုပြီး ဒီထဲကချေးငွေမရသေးတဲ့သူတွေကို ဝန်ကြီး (ရန်ကုန်တိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး)က ထောက်ခံပေးပြီး ချေးငွေရအောင်လုပ်ပေးပါတယ်။ နောက်ထက် ၁၀၀ အတွက်ကိုလည်း ချေးငွေထပ်ပေးနိုင်အောင် ပြင်ဆင်ပါမယ်။ အဓိကတော့ ကျွန်တော်တို့ SME လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ ငွေစာရင်းသုံးစွဲမှုတို့ စာရင်းအင်းတွေနဲ့ ပတ်သက်ပြီး စနစ်တကျဖြစ်စေနိုင်ဖို့အတွက် အသိပညာပေးမှုတွေလည်း အများကြီးဆောင်ရွက်နေပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ပထမအဆင့်အနေဖြင့် အလားအလာရှိသော SME လုပ်ငန်း ၁၀၀ ရွေးချယ်ခဲ့ပြီး ယင်းအနက် လုပ်ငန်း ၄၀ ခန့်အထိ ချေးငွေရရှိထားပြီးဖြစ်ကြောင်း၊ ကျန်ရှိလုပ်ငန်း ၆၀ ကျော်ကိုလည်း ချေးငွေထုတ်ချေးနိုင်ရန် သက်ဆိုင်ရာဘဏ်များဖြင့် ချိတ်ဆက်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အလားအလာကောင်းသော လုပ်ငန်းများအဖြစ် အသေးစားစက်မှုလုပ်ငန်းများ၊ လက်မှုလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများနှင့် ငါးမွေးမြူရေးလုပ်ငန်းများကို ရွေးချယ်ထားကြောင်း သိရသည်။

“အလားအလာကောင်းတဲ့ လုပ်ငန်းတွေ ရွေးလိုက်တာပေါ့။ အဲဒီထဲမှာ အသေးစား စက်မှုလုပ်ငန်းတွေရှိတယ်။ လက်မှုလုပ်ငန်းတွေရှိတယ်။ တချို့ဆိုလည်း ပန်းပုလုပ်ငန်းတွေလည်းရှိတယ်။ ခရီးသွားလုပ်ငန်း၊ ငါးလုပ်ငန်းပေါ့ ငါးမွေးမြူရေးလုပ်ငန်းတွေလည်းပါပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

ချေးငွေထုတ်ချေးရာတွင် အပေါင်ပစ္စည်းမပေးနိုင်ပါက ချေးငွေပမာဏ ကျပ် သိန်း ၂၀၀ မှ ကျပ်သိန်း ၅၀၀ အထိသာ အများဆုံး ထုတ်ချေးနိုင်မည်ဖြစ်သည်။ အပေါင်ပစ္စည်းပေးနိုင်မည်ဆိုပါက အပေါင်ပစ္စည်း၏ တန်ဖိုးအပေါ်မူတည်၍ ကျပ်သိန်း ၂၀၀၀ မှ ကျပ်သိန်း ၃၀၀၀ ခန့်အထိ အများဆုံးထုတ်ချေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

“အပေါင်ခံပစ္စည်းမပေးလို့ရှိရင် ကျပ် သိန်း ၂၀၀ ကနေ သိန်း ၅၀၀ လောက်အထိပဲ ရကြတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် မှတ်ပုံတင်ထားသည့် SME လုပ်ငန်းပေါင်း ခြောက်သောင်းကျော်ရှိပြီး ယင်းအနက် စက်မှုလုပ်ငန်း၌ မှတ်ပုံတင်ထားမှုသည် စုစုပေါင်းအရေအတွက်၏ ၇၅ ရာခိုင်နှုန်းကျော်အထိရှိကြောင်း စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။

နိုင်ငံတော်အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံအတွက် ဝင်ငွေတိုး တက်ရရှိစေမှုကို အမြန်ဆုံးဖန်တီးပေးနိုင်သော ပြည်တွင်း အသေးစား၊ အလတ်စား SME လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်ရန်  အဓိကဆောင်ရွက်နေခြင်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်တွင်း SME လုပ်ငန်းများအနေဖြင့် စျေးကွက်ယှဉ်ပြိုင်နိုင်မည့် ထုတ်ကုန်များထုတ်လုပ်ရန် အရင်းအနှီးငွေကြေးပမာဏ များစွာလိုအပ်နေကြောင်း၊ လက်ရှိအချိန်တွင် SME စင်တာ၏ ထောက်ခံချက်ရရှိထားသော ပြည်တွင်း SME လုပ်ငန်းများကို ပြည်တွင်းဘဏ်ခြောက်ခုနှင့် ချိတ်ဆက်ကာ လိုအပ်သည့်အရင်းအနှီးများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် SME လုပ်ငန်းများ ပြည်တွင်း ပြည်ပစျေးကွက်များ ရရှိနိုင်စေရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းမှ သိရသည်။     

 

Most Read

Most Recent