မြန်မာနိုင်ငံ၌ကျင်းပမည့် International Series ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာအပါအဝင် ကစားသမား(၁၆) ဦး ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံ၌ကျင်းပမည့် International Series ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာအပါအဝင် ကစားသမား(၁၆) ဦး ယှဉ်ပြိုင်မည်
Photos : Thet Htar Thuzar, MBF
Photos : Thet Htar Thuzar, MBF
Published 24 August 2019

မြန်မာကြက်တောင်အဖွဲ့သည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ကစား သမား (၁၆) ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိနေသည့် သက်ထားသူဇာလည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ကြီးမှူးကျင်းပလျက်ရှိသည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲကို စက်တင်ဘာ (၁၀)ရက်မှ (၁၅)ရက်အထိ ရန်ကုန်မြို့ ကျုံးကြီးလမ်းရှိ အမျိုးသားကြက်တောင်အားကစားခန်းမ၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား (၅) မျိုး ပါဝင်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် တစ်ဦးချင်း အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ နှစ်ယောက်တွဲအမျိုးသားပြိုင်ပွဲ၊ အမျိုး သမီးပြိုင်ပွဲ၊ အမျိုးသား+ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတို့ ပါဝင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်အနေဖြင့် ကမ္ဘာ့ကြက်တောင်အဖွဲ့ ချုပ်က ကြီးမှူးကျင်းပလျက်ရှိသည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပထမဆုံးလက်ခံကျင်းပခွင့်ရခြင်းဖြစ်ပြီး အောင်မြင်မှုရယူနိုင်ရန် ပြင်ဆင်မှုများစွာ ပြုလုပ်လျက်ရှိသည်။

''အခုပြိုင်ပွဲမှာ ပြိုင်ပွဲ အမျိုးအစား (၅) မျိုး ထည့်သွင်းကျင်းပမှာဖြစ်ပြီး ကျွန်တော်တို့က ကစားသမား (၁၆) ဦးနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲမှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၂) နိုင်ငံက ကစားသမား (၁၀၀) ကျော် ယှဉ်ပြိုင်မှာဖြစ်ပါတယ်''ဟု မြန်မာ နိုင်ငံကြက်တောင်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးညဏ်လင်းက Eleven Sports သို့ ပြောကြားခဲ့သည်။

ယင်းပြိုင်ပွဲတွင် အာရှနိုင်ငံများ၊ အာဖရိကနိုင်ငံများနှင့် ဥရောပနိုင်ငံများမှ ကစားသမားပေါင်း (၁၄၆) ဦး ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာကြက်တောင်အဖွဲ့အနေဖြင့် ပြိုင်ပွဲအမျိုးအစား (၅)မျိုးစလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

BWF သည် ယခုနှစ်အတွင်း International Series ကြက်တောင်ရိုက် ပြိုင်ပွဲစုစုပေါင်း (၃၈) ပွဲ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ကျင်းပမည့်ပြိုင်ပွဲမှာ (၂၁) ပွဲမြောက် ကျင်းပမည့်ပြိုင်ပွဲလည်းဖြစ်သည်။

BWF သည် International Series ကြက်တောင်ရိုက်ပြိုင်ပွဲကို ယခုနှစ်တွင် အရှေ့တောင်အာရှ၊ အာရှ၊ ဥရောပနှင့် အာဖရိကနိုင်ငံများတွင် လှည့်လည်ကျင်းပလျက်ရှိပြီး အရှေ့တောင်အာရှနိုင်ငံများအနက် လာအိုနှင့် မလေးရှားပြီးနောက် မြန်မာနိုင်ငံ၌ ကျင်းပခြင်းဖြစ်သည်။

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် International Series ကြက်တောင်ရိုက်ပြိုင်ပွဲများတွင် ဆက်တိုက်ယှဉ်ပြိုင်နေပြီး အောင်မြင်မှုများလည်း ရယူလျက်ရှိသည်။

Most Read

Most Recent