အာဆင်နယ်၊ ချယ်လ်ဆီးနှင့် အင်္ဂလန်နောက်ခံလူဟောင်း အက်ရှ်လေကိုးလ် ကစားသမားဘဝမှ အနားယူ

အာဆင်နယ်၊ ချယ်လ်ဆီးနှင့် အင်္ဂလန်နောက်ခံလူဟောင်း အက်ရှ်လေကိုးလ် ကစားသမားဘဝမှ အနားယူ
Published 19 August 2019

 

အာဆင်နယ်၊ ချယ်လ်ဆီးနှင့် အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံလူဟောင်း အက်ရှ်လေကိုးလ်က ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်း သြဂုတ် ၁၈ ရက်တွင် အတည်ပြုကြေညာသည်။

အသက် ၃၈ နှစ်ရှိပြီဖြစ်သည့် အက်ရှ်လေကိုးလ်သည် အာဆင်နယ်အသင်းနှင့် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စတင် ခဲ့ပြီး ၂၀၀၆ ခုနှစ် နွေရာသီတွင် လန်ဒန်မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။

၎င်းသည် ချယ်လ်ဆီးအသင်း၌ ရှစ်ရာသီကြာကစားပြီးနောက် ရိုးမား(၂၀၁၄- ၂၀၁၆) နှင့် LA ဂလက်ဆီ (၂၀၁၆-၂၀၁၈)သို့ ထပ်မံပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့သည့် ဇန်နဝါရီ တွင် ချယ်လ်ဆီးအသင်းဖော်ဟောင်း ဖရန့်လမ်းပတ် (ယခုချယ်လ်ဆီးနည်းပြ) ကိုင်တွယ် နေသည့် ဒါဘီအသင်းနှင့် ကာလတိုစာချုပ်ချုပ်ဆို၍ ရာသီကုန်အထိ ပါဝင်ကစားခဲ့သည်။

အက်ရှ်လေကိုးလ်သည် ဒါဘီအသင်းနှင့် လမ်းခွဲပြီးနောက် ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်း သြဂုတ် ၁၈ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်ပြီး ၎င်းသည် အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ၂၀၀၁ မှ ၂၀၁၄ ခုနှစ်အတွင်း ၁၀၇ ပွဲ ပါဝင်ကစား ပေးခဲ့သည်။

''ကျွန်တော့်ဖိနပ်တွေကို အနားပေးဖို့ အချိန်တန်ပြီဆိုတာ သေသေချာချာစဉ်းစား ခဲ့ပါတယ်။ နောက်ထပ်အခန်းကဏ္ဍသစ် စတင်နိုင်ဖို့လည်း မျှော်လင့်ထားပါတယ်''ဟု ၎င်းက Sky Sports သတင်းဌာနသို့ ပြောကြားသည်။

အက်ရှ်လေကိုးလ်သည် အာဆင်နယ် နှင့် ချယ်လ်ဆီးအသင်း၌ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံ သုံးကြိမ်၊ လိဂ်ဖလား၊ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ဖလား တစ်ကြိမ်စီ၊ ကွန်မြူနတီဒိုင်း သုံးကြိမ်နှင့် FA ဖလားချန်ပီယံဆုကို စံချိန်တင်အဖြစ် ခုနစ် ကြိမ်အထိ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ၎င်းင်းသည် ကစားသမားဘဝမှ အနားယူပြီး နောက် နည်းပြလောကသို့ ကူးပြောင်းနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

Most Read

Most Recent