မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF သည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း အိမ်ကွင်းလက်ခံကျင်းပမည့် ကွင်းများကို ပြန်လည်အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။
MFF သည် မြန်မာ့လက်ရွေးစင်အသင်း၏ အိမ်ကွင်းပွဲများကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ အဓိကကျင်းပရန် စီစဉ်ထားပြီး အခြားနိုင်ငံတကာပြိုင်ပွဲများ ကျင်းပမည့်ကာလနှင့် တိုက်ဆိုင်မှသာ မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ပြောင်းလဲကျင်းပမည်ဖြစ်သည်။ ဒုတိယအဆင့် ခြေစစ်ပွဲအုပ်စုပွဲများကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇွန် ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် အိမ်ကွင်းလေးပွဲ လက်ခံကစားရမည်ဖြစ်သည်။ “မြန်မာ့လက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို သုဝဏ္ဏကွင်းမှာ အဓိကကျင်းပဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ ခြေစစ်ပွဲကျင်းပမယ့်ရက်တွေမှာ တခြားနိုင်ငံတကာပြိုင်ပွဲတွေ ကျင်းပဖို့ရှိနေရင် ကျွန်တော်တို့အနေနဲ့ ကွင်းပြောင်းလဲကျင်းပမှာပါ။ လက်ရွေးစင်အသင်းရဲ့ ခြေစစ်ပွဲကျင်းပမယ့် ကွင်းနဲ့ပတ်သက်ပြီး ဒီရက်ပိုင်းထဲမှာ အစည်းအဝေးလုပ်ပြီး အတည်ပြုမှာပါ” ဟု MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စု F တွင် ဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယားအသင်းတို့နှင့် ကျရောက်နေသည်။ မြန်မာအသင်းသည် အိမ်ကွင်းပထမဆုံးပွဲအဖြစ် စက်တင်ဘာ ၁၀ ရက်တွင် အာရှထိပ်သီး ဂျပန်အသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။