ကမ္ဘာ့အဝေးဆုံး လေကြောင်းခရီးစဉ်ကို စင်ကာပူလေကြောင်းလိုင်းက စတင်ပျံသန်း

ကမ္ဘာ့အဝေးဆုံး လေကြောင်းခရီးစဉ်ကို စင်ကာပူလေကြောင်းလိုင်းက စတင်ပျံသန်း
ကမ္ဘာ့အဝေးဆုံးလေကြောင်းခရီးစဉ် ပျံသန်းသည့် စင်ကာပူလေကြောင်းလိုင်း၏ လေယာဉ်ကို အောက်တိုဘာ ၉ ရက်တွင် တွေ့ရစဉ် (Photo: AFP)
ကမ္ဘာ့အဝေးဆုံးလေကြောင်းခရီးစဉ် ပျံသန်းသည့် စင်ကာပူလေကြောင်းလိုင်း၏ လေယာဉ်ကို အောက်တိုဘာ ၉ ရက်တွင် တွေ့ရစဉ် (Photo: AFP)
Published 11 October 2018
Ref: AFP

စင်ကာပူနှင့် နယူးယောက်ကြား ၁၉ နာရီကြာ လေကြောင်းခရီးစဉ်အတွက် စင်ကာပူလေကြောင်းလိုင်း၏ အဲဘတ်စ် A350-900 ULR သည် အောက်တိုဘာ ၁၁ ရက်တွင် စတင်ပျံသန်းခဲ့ပြီး ကမ္ဘာ့အဝေးဆုံးလေကြောင်း ခရီးစဉ်တွင် ခရီးသည် ၁၆၁ ဦး လိုက်ပါခဲ့သည်။ စင်ကာပူလေကြောင်းလိုင်း၏ SQ22 ခရီးစဉ်သည် မိုင် ၁၀၄၀၀ (ကီလိုမီတာ ၁၆၇၀၀) ကွာဝေးပြီး လေယာဉ်မှူးနှစ်ဦးက မောင်းနှင်မည်ဖြစ်သည်။ ပထမ အဆင့်အရာရှိ နှစ်ဦးနှင့် လေယာဉ်အမှုထမ်း ၁၃ ဦး ပါဝင်သော အဖွဲ့က ခရီးသည်များကိုအတွက် ဝန်ဆောင်မှုပေးမည်ဖြစ်သည်။

လေယာဉ်အမှုထမ်းတိုင်းသည် ခရီးစဉ်အတွင်း နားချိန် ၄ နာရီ အနည်းဆုံးရရှိကြမည်ဖြစ်ကြောင်း လေကြောင်းလိုင်းက ဆိုသည်။ သို့သော်လည်း ခရီးသည်များအတွက် ဝေဟင်အတွင်း၌ ၁၉ နာရီကြာ မည်ကဲ့သို့ နေထိုင်ရမည်မှာ စိန်ခေါ်မှုဖြစ်လာမည်ဖြစ်သည်။ ထိုခရီးစဉ်တွင် ဝတ္ထုရှည်ကြီးနှစ်အုပ် ဖတ်ရှုပြီးနိုင်ပြီး ဖျော်ဖြေရေးအနေဖြင့် လေကြောင်းလိုင်းက ဗီဒီယိုရုပ်ရှင်အစီအစဉ် နာရီပေါင်း ၁၂၀၀ နီးပါးကို ထည့်သွင်းပေးထားမည်ဖြစ်သည်။

ထို့ပြင် ခရီးသည်များ၏ ဝေဟင်အတွင်း ကျန်းမာရေးအတွက် သင့်တော်သော အစားအသောက်များကို လေကြောင်းလိုင်းက စီစဉ်ပေးမည်ဖြစ်သည်။ လေယာဉ်ပေါ်၌ တစ်ရက်နီးပါး နေထိုင်ရမည့် ဖိစီးမှုကို လျော့ကျစေရန် ကြိုးပမ်းသည့်အနေဖြင့် သာမန်ထက်ပို၍ မြင့်မားသော မျက်နှာကြက်များ၊ ပြတင်းပေါက်အကျယ်ကြီးများ၊ လေယာဉ်စီးသဖြင့် ပင်ပန်းနွမ်းနယ်မှုကို လျော့ကျစေရန် ရည်ရွယ်ထားသော အလင်းရောင်များကို လေယာဉ်အတွင်း၌ စီစဉ်ပေးထားမည်ဖြစ်သည်။

“အကြီးမားဆုံး စိုးရိမ်မှုကတော့ အကြာကြီးထိုင်နေပြီး အရည်ဓာတ်ဆုံးရှုံးမှုတို့ကြောင့် ဖြစ်လာတဲ့ Deep Vein Thrombosis ဖြစ်လာမှာကိုပါပဲ” ဟု စင်ကာပူရှိ အမျိုးသားတက္ကသိုလ်ဆေးရုံ NUH မှ အတိုင်ပင်ခံ ဂေးခရော့စ်က ပြောကြားခဲ့သည်။

အင်ဂျင်နှစ်လုံးထပ် အဲဘတ်စ်လေယာဉ်သည် အရွယ်အစားတူ အခြားလေယာဉ်များနှင့် နှိုင်းယှဉ်ပါက လောင်စာသုံးစွဲမှု ၂၅ ရာခိုင်နှုန်း ပို၍သက်သာသည့် စနစ်သစ်ကို အသုံးပြုထားကြောင်း အဲဘတ်စ်က ပြောကြားခဲ့သည်။ စင်ကာပူမှနေ၍ နယူးယောက်ရှိ Newark လေဆိပ်သို့ ပျံသန်းမည့် ကမ္ဘာ့အဝေးဆုံး ခရီးစဉ်သည် သာမန်ရာသီဥတု အခြေအနေအောက်တွင် ၁၈ နာရီ ၄၅ မိနစ် ကြာမြင့်နိုင်ဖြစ်သည်။ 

စင်ကာပူလေကြောင်းလိုင်းသည် ယခင်က နယူးယောက်ခရီးစဉ်အတွက် အင်ဂျင်လေးလုံးတပ် A340-500 လေယာဉ်ကို အသုံးပြုပြီး ကိုးနှစ်ကျော်ကြာ ပျံသန်းခဲ့သည်။ သို့သော်လည်း လောင်စာစျေးနှုန်းများ မြင့်တက်မှုကြောင့် ၂၀၁၃ ခုနှစ်တွင် ခရီးစဉ်များ ရပ်ဆိုင်းခဲ့သည်။ လက်ရှိတွင် ကမ္ဘာ့အဝေးဆုံးခရီးစဉ်မှာ ကာတာလေကြောင်းလိုင်းက ပျံသန်းနေသော အော့ကလန်မှ ဒိုဟာအထိ ခရီးစဉ်ဖြစ်ပြီး ၁၇ နာရီနှင့် မိနစ် ၄၀ ကြာမြင့်သော ခရီးစဉ်ဖြစ်သည်။

Most Read

Most Recent