အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (ISS) သို့ လွှတ်တင်ခဲ့သည့် အာကာသယာဉ်မှူးနှစ်ဦး လိုက်ပါလာသည့် ဆိုယုဇ်ဒုံးပျံသည် အင်ဂျင်ပြဿနာ ဖြစ်ခဲ့ပြီးနောက် အောက်တိုဘာ ၁၁ ရက်က အရေးပေါ် ဆင်းသက်ခဲ့ရသည်။ အမေရိကန် အာကာသယာဉ်မှူး နစ်ဟေ့နှင့် ရုရှား အာကာသယာဉ်မှူး အလက်စကီးအော့ချီနင်တို့ကို ကာဇက်စတန်တွင် ဘေးကင်းစွာနှင့် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
“အရေးပေါ် ကယ်ဆယ်ရေးစနစ်က လည်ပတ်ခဲ့ပါတယ်။ ဒုံးယာဉ်က ကာဇက်စတန်မှာ ဆင်းသက်နိုင်ခဲ့ပါတယ်။ အာကာသယာဉ်မှူးတွေ အသက်ရှင်ခဲ့ပါတယ်” ဟု ရုရှားအာကာသအေဂျင်စီ Roscosmos က Twitter တွင် ထုတ်ပြန်ခဲ့သည်။
ရုရှားအာကာသလုပ်ငန်းသည် မကြာသေးခင်နှစ်များအတွင်း ပြဿနာများ ဆက်တိုက်ကြုံခဲ့ရပြီး ဂြိုဟ်တုများနှင့် အာကာသယာဉ်အတွင်း ဆုံးရှုံးမှုတို့ကို ကြုံခဲ့ရသည်။ ဆိုယုဇ်ကို ဂရင်းနစ်စံတော်ချိန် ၀၈၄၀ ၌ ကာဇက်စတန်ရှိ ဘိုက်ကိုနော အာကာသစခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။
ဆိုယုဇ်ဒုံးနှင့် ဆိုယုဇ် MS-10 အာကာသယာဉ်တို့သည် ပထမအဆင့် ခွဲထွက်ခြင်းဖြစ်ခဲ့ပြီးနောက် စက္ကန့်အနည်းငယ်အကြာတွင် ဒုံးအင်ဂျင်၌ ပြဿနာဖြစ်ခဲ့ပြီး အာကာသယာဉ်မှူးများသည် အရေးပေါ် ဆင်းသက်သည့် နည်းလမ်းဖြင့် ဆင်းသက်ခဲ့ကြောင်း ဟူစတန်ရှိ ထိန်းချုပ်ရေးစခန်းမှ နာဆာက ကြေညာခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့များသည် အာကာသယာဉ်မှူးများနှင့် ဆက်သွယ်နိုင်ခဲ့ပြီး ၎င်းတို့၏ ကျန်းမာရေးကောင်းမွန်ကြောင်း နာဆာက နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
ဆိုယုဇ်အာကာသယာဉ်ကို ရှာဖွေရန်အတွက် ရဟတ်ယာဉ်များ စေလွှတ်ထားပြီးဖြစ်ကြောင်း နာဆာ၏ ပြောခွင့်ရပုဂ္ဂိုလ် ဘရန်ဒီဒင်းက ရုပ်သံမှ တိုက်ရိုက် ပြောကြားခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စကော့က ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် အာကာသယာဉ်မှူးများ အသက်ရှင်ခဲ့ကြောင်း ဂျာနယ်လစ်များကို ပြောကြားခဲ့သည်။
ဒုံးပျံအား လွှတ်တင်ခဲ့ပြီးနောက် မကြာမီတွင် Roscosmos ၏ တိုက်ရိုက်ထုတ်လွှွင့်မှုသည် ပြတ်တောက်သွားခဲ့သည်။ ယခင် စစ်ဘက်လေယာဉ်မှူးများဖြစ်သည့် အော့ချီနင်နှင့် နစ်ဟေ့တို့သည် ISS တွင် ဥရောပအာကာသအေဂျင်စီမှ အလက်ဇန္ဒားဂက်စ်၊ နာဆာမှ ဆီရီနာအော်နွန်ချန်စလာ၊ Roscosmos မှ ဆာဂေးပရိုကော့ရက်တို့နှင့် သွားရောက် ပူးပေါင်းရန် လိုက်ပါသွားခဲ့ခြင်းဖြစ်သည်။
ခြောက်နာရီကြာမြင့်မည့် ယခုအာကာသခရီးစဉ် ပျက်ပြားသွားမှုက ရုရှားအာကာသလုပ်ငန်းအတွက် ထိုးနှက်ချက် ဖြစ်ခဲ့သည်။ မော်စကိုနှင့် ၀ါရှင်တန်ကြား ရှားရှားပါးပါး ပူးပေါင်းဆောင်ရွက်မှုဖြစ်သော အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသည် ၁၉၉၈ ခုနှစ်မှစပြီး တစ်နာရီ ကီလိုမီတာ ၂၈၀၀၀ ခန့်နှုန်းဖြင့် ကမ္ဘာကို လည်ပတ်နေပြီး လာမည့်နိုဝင်ဘာတွင် နှစ် ၂၀ သက်တမ်းရှိမည်ဖြစ်သည်။














