ဆီးရီးယားအရေးတွင် အမေရိကန် ပါဝင်မှုအတွက် အကြောင်းပြချက် ကျယ်ဝန်းလာစေရန် ဆီးရီးယားတွင် အီရန်ရှိနေမည်ဆိုပါက စစ်အပြီးနိုင်ငံပြန်လည်တည်ဆောက်ရေး အထောက်အကူ မှန်သမျှကို ငြင်းဆန်ရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းတွင် အီရန်ကိုတန်ပြန်ရန် ထက်ထက်သန်သန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပွန်ပီယိုက အစ္စရေးလိုလားသောအဖွဲ့ကို အခိုင်အမာ ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းသို့တွန်းအားပေးရန် ဆီးရီးယားသည် အဆုံးအဖြတ်ပေးသော စစ်မြေပြင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“အီရန်ကို မောင်းထုတ်ဖို့ တာဝန်ဟာ ဆီးရီးယားအစိုးရအပေါ်မှာ ကျရောက်နေတာ ဖြစ်ပါတယ်။ ဆီးရီးယားမှာ အီရန်ရှိနေတာဟာလည်း အဲ့ဒီဆီးရီးယားအစိုးရမှာပဲ တာဝန်ရှိပါတယ်။ အီရန်ကျောထောက်နောက်ခံပြုထားတဲ့တပ်တွေ လုံးလုံးဆုတ်ခွာသွားအောင် ဆီးရီးယားအစိုးရက လုပ်မပေးဘူးဆိုရင် ပြန်လည်တည်ဆောက်ရေးအတွက် ဆီးရီးယားဟာ အမေရိကန်ဆီကနေ တစ်ပြားတစ်ချပ်မှ ရမှာမဟုတ်ပါဘူး” ဟု ပွန်ပီယိုက အမေရိကန်အမျိုးသားလုံခြုံရေးဆိုင်ရာ ဂျူးအင်စတီကျု့၌ ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်နောက်ပိုင်းမှစ၍ လူပေါင်း ၃၆၅၀၀၀ နီးပါးသေဆုံးခဲ့ရသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ပြောကြားခဲ့သော ဆီးရီးယားပဋိပက္ခတွင် အမေရိကန် ပါဝင်ပတ်သက်နေရသလဲဆိုသည့် အကြောင်းတရားဝင် ရှင်းလင်းချက်ကို မိုက်ပွန်ပီယို၏ စကားက အဓိပ္ပာယ် ကျယ်ဝန်းစေခဲ့သည်။
ဆီးရီးယားနှင့် အနောက်နိုင်ငံတို့တွင် ထိတ်လန့်ဖွယ်တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ကြသည့် အစွန်းရောက်အဖွဲ့ IS ကို အမြစ်ဖြုတ်ရေး ရည်မှန်းချက်ဖြင့် စစ်ရေးအရ အရေးယူရန် အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားက အခွင့်အာဏာပေးခဲ့သည်။ သမ္မတဘာရှားအယ်အာဆတ်ကို ဖြုတ်ချရန် မရေရာသောတိုက်ပွဲကို ဆင်နွှဲနေသော IS မဟုတ်သည့်တပ်ဖွဲဲ့များကို လေ့ကျင့်ပေးရန်၊ အကြံဉာဏ်ပေးရန် ဆီးရီးယားတွင် အမေရိကန်တပ်သား ၂၀၀၀ ခန့် ရှိနေသည်။ အီရန်၊ ရုရှားတို့၏ အကူအညီကြောင့် အာဆတ်သည် ပိုမိုတောင့်တင်းလာခဲ့သည်ဟု ပွန်ပီယိုက အသိအမှတ်ပြုခဲ့ပြီး ယခင်ကကဲ့သို့ အင်အားတောင့်တင်းခြင်း မရှိတော့သော IS အဖွဲ့နှင့်အတူ ဦးစားပေး လုပ်ဆောင်စရာများ ပေါ်ထွက်လာခဲ့ပြီဟု ပြောကြားခဲ့သည်။
တစ်ချိန်က အမေရိကန်၏အဓိက ဦးစားပေး ရည်မှန်းချက်ဖြစ်ခဲ့သည့် IS တို့ကို အောင်နိုင်ရေးဆိုသော ကိစ္စသည် ဦးစားပေးကိစ္စအဖြစ် ဆက်လက်ရှိသွားမည်ဖြစ်ကြောင်း၊ သို့ရာတွင် ယခုအခါ အပြန်အလှန် အားကောင်းသော မှန်းချက်များလည်း ပူးပေါင်းပါဝင်လာပြီဖြစ်ကြောင်း၊ အဆိုပါ ဦးစားပေးကိစ္စနှစ်ရပ်မှာ ဆီးရီးယား ပဋိပက္ခကို နိုင်ငံရေးအရ ငြိမ်းချမ်းစွာဖြေရှင်းရေးနှင့် အီရန်တပ်များနှင့် အီရန်ကျောထောက်နောက်ခံပြုထားသော တပ်အားလုံးကို ဆီးရီးယားနိုင်ငံမှ ဖယ်ရှားရေးတို့ဖြစ်ကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။














