ဒီမိုကရေစီ ပြန်လည် ဆုတ်ခွာနေသည့် ကမ္ဘာ

ဒီမိုကရေစီ ပြန်လည် ဆုတ်ခွာနေသည့် ကမ္ဘာ
Published 7 June 2019

Freedom House ၏ ၂၀၁၉ ခုနှစ် ကမ္ဘာ့လွတ်လပ်ခွင့် အစီရင်ခံစာ ထွက်ပေါ်လာသည်။ သူက “ပြန်လည်ဆုတ်ခွာနေသည့် ဒီမိုကရေစီ” ဟု ခေါင်းစဉ်တပ်သည်။ အမေရိကန် ဒီမိုကရေစီကို စိန်ခေါ်မှုများက ၎င်း၏ ဖွဲ့စည်းပုံ အခြေခံဥပဒေစနစ်၏ တည်ငြိမ်မှုကို စမ်းသပ်နေပြီး နိုင်ငံရေး လွတ်လပ်ခွင့်များနှင့် အရပ်ဘက် လွတ်လပ်ခွင့်များ ကမ္ဘာတစ်လွှား၌ ကျဆင်းလာစေရန် ခြိမ်းခြောက်လျက် ရှိသည်ဟု ဦးတည် ရေးသားထားသည်။ ယင်းတွင် ၂၀၀၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၁၃ နှစ်ဆက်တိုက် ကမ္ဘာ့နိုင်ငံရေး လွတ်လပ်ခွင့်များနှင့် အရပ်ဘက် လွတ်လပ်ခွင့်များ ကျဆင်းလာသည့်အကြောင်း ဖော်ပြထားသည်။ ကမ္ဘာ့ပျမ်းမျှ အမှတ်များသည် နှစ်စဉ်နှစ်တိုင်း ကျဆင်း၍လာပြီး အသားတင်ရမှတ် ကျဆင်းသည့် နိုင်ငံများသည် အသားတင်ရမှတ် တိုးတက်လာသည့် နိုင်ငံများထက် အဆမတန် များပြားနေသည်ဟု ဆိုသည်။

၁၃ နှစ်တာ ကျဆင်းမှုသည် ကမ္ဘာ့အစိတ်အပိုင်း အားလုံးသို့ သက်ရောက်ခဲ့ပြီး လွတ်လပ်သော နိုင်ငံများ၊ တစ်စိတ်တစ်ပိုင်း လွတ်လပ်သော နိုင်ငံများနှင့် မလွတ်လပ်သော နိုင်ငံများ အစရှိသည်တို့ အသီးသီးအပေါ် အလားတူ သက်ရောက်ခဲ့သည်။ အာရှ-ပစိဖိတ်ဒေသ မှလွဲ၍ ဒေသတိုင်းသည် ၂၀၀၅ ခုနှစ်ကထက်ပင် ၂၀၁၈ ခုနှစ်၌ ပျမ်းမျှ ကျဆင်းမှု ဖြစ်ပေါ်ခဲ့သည်။ ပစိဖိတ် ကျွန်းနိုင်ငံငယ်လေးများ အများစု ပါဝင်သည့် လူဦးရေ တစ်သန်း မပြည့်သော နိုင်ငံများကို ဖယ်ထားလိုက်ပါက အာရှဒေသသည်ပင်လျှင် ပျမ်းမျှ ကျဆင်းမှု ပို၍ ဖြစ်ပေါ်ခဲ့သည်။ မလွတ်လပ်သော နိုင်ငံများကို အုပ်စုတစ်ခုအဖြစ် ကြည့်သည့်အခါ လွတ်လပ်သော သို့မဟုတ် တစ်စိတ်တစ်ပိုင်း လွတ်လပ်သော နိုင်ငံများထက် သိသိသာသာ ပို၍ ကျဆင်းသည်ကို တွေ့ရှိရသည်။ အဆိုပါ လွတ်လပ်သော သို့မဟုတ် တစ်စိတ်တစ်ပိုင်း လွတ်လပ်သော နိုင်ငံများ၌လည်း ကျဆင်းခဲ့သည်သာ ဖြစ်၏။

စစ်အေးခေတ် ပြီးဆုံးမှုသည် ၂၀ ရာစု နှောင်းပိုင်းကာလ၌ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်စေခဲ့သည်။ သို့သော် ယင်းကာလအတွင်း တိုးတက်မှု ရရှိအောင် ပြုလုပ်နိုင်ခဲ့သည့် နိုင်ငံများအနက် အများစုသည် ယင်းအရှိန်အဟုန် ကို ဆက်လက် ထိန်းသိမ်းထားနိုင်စွမ်း မရှိကြတော့ပေ။ ပျမ်းမျှအားဖြင့် ၁၉၈၈ ခုနှစ်မှ ၂၀၀၅ ခုနှစ်အကြား မလွတ်လပ်သောမှနေ၍ တစ်စိတ်တစ်ပိုင်း လွတ်လပ်သော အဆင့်သို့ လည်းကောင်း၊ တစ်စိတ်တစ်ပိုင်း လွတ်လပ်သောမှ လွတ်လပ်သောအဖြစ်သို့ လည်းကောင်း မြင့်တက်လာကြသည့် နိုင်ငံများသည် ယခု ၁၃ နှစ်တာ ကျဆင်းမှုအတွင်း ပျမ်းမျှ ရလဒ်များ ကျဆင်းမှုမှာ ၁၁ ရာခိုင်နှုန်းအထိ ရှိနေသည်။

ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ဆက်နွှယ်လျက် လူမှုရေးနှင့် စီးပွားရေး အပြောင်းအလဲများသည် ရေရှည် ရပ်တည်လာသည့် ဒီမိုကရေစီနိုင်ငံများ၏ နိုင်ငံရေးစနစ်များနှင့် ပတ်သက်၍ ယုံကြည်မှုဆိုင်ရာ အကျပ်အတည်း တစ်ရပ် ဖြစ်ပေါ်စေခဲ့သည်။ လွတ်လပ်သော အဆင့်ရှိ နိုင်ငံများအကြား တွေ့ရှိရသည့် ဒီမိုကရေစီ ယိုယွင်းလာမှုသည် ယခု ၁၃ နှစ်တာ ကျဆင်းမှု မတိုင်မီ ၁၉၈၅ မှ ၂၀၀၅ ခုနှစ် (၂၀ နှစ်တာ) ကာလအတွင်း လွတ်လပ်သော အဆင့်သို့ ရောက်ရှိလာသည့် အခြေကျလာသော ဒီမိုကရေစီနိုင်ငံများနှင့် အတူတူပင် ဖြစ်ကြောင်း တွေ့ရှိရသည်။

လွှမ်းခြုံ သဘောအရ ဆက်လက် ကျဆင်းမှု ဖြစ်ပေါ်နေသော်လည်း ၂၀၁၇ ခုနှစ် အတွင်းထက် ၂၀၁၈ ခုနှစ်အတွင်း အသားတင် တိုးတက်မှုရှိသည့် နိုင်ငံများစွာ ပို၍ များလာသည်ကိုကား တွေ့ရှိရသည်။ အသားတင် ကျဆင်းမှု၌လည်း ပိုမိုနည်းပါးသော အရေအတွက်ကိုသာ တွေ့ရှိရသည်။ ယင်းသည် ဒီမိုကရေစီအပေါ် ခြိမ်းခြောက်မှုက အဆုံးသတ်သွားပြီဟု ဆိုလိုခြင်းကား မဟုတ်ပေ။ ကမ္ဘာတစ်လွှားရှိ ရန်လိုသော အင်အားစုများသည် နိုင်ငံရေး လွတ်လပ်ခွင့်များနှင့် အရပ်ဘက် လွတ်လပ်ခွင့်များကို ကာကွယ် စောင့်ရှောက်နေသည့် အင်စတီကျူးရှင်းများအပေါ် ဆက်လက် စိန်ခေါ်လျက်ရှိပြီး ပြီးခဲ့သည့် ၁၃ နှစ်အတွင်း အကြွေးတင်သလို ရှိထားသည့် အပျက်အစီးကို အချိန်တိုအတွင်း ကုစားနိုင်လိမ့်မည် မဟုတ်ပေ။

အဆိုပါ အစီရင်ခံစာ၌ ဖော်ပြခဲ့သည့် မြန်မာနိုင်ငံ၏ အသားတင် ရမှတ်မှာ ယခင်နှစ်က ၃၁ ရှိခဲ့ရာမှ ယခုနှစ်တွင် ၃၀ သို့ တစ်မှတ် ကျဆင်းခဲ့ပြီး မြန်မာနိုင်ငံ၏ အနေအထားမှာ များစွာ ဆုတ်ယုတ်သည်ဟု မဆိုနိုင်သော်လည်း တိုးတက်မှုကား ရှိမလာဟု ဆိုနိုင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန် ၇ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်