ရခိုင်ဒေသမှ နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်ရန် လိုအပ်သည့် အစီအမံ ပြင်ဆင်မှုများနှင့် မြန်မာနိုင်ငံဘက်က ပြန်လည်လက်ခံရန် အသင့်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ပြောကြား

ရခိုင်ဒေသမှ နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်ရန် လိုအပ်သည့် အစီအမံ ပြင်ဆင်မှုများနှင့် မြန်မာနိုင်ငံဘက်က ပြန်လည်လက်ခံရန် အသင့်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ပြောကြား
Published 2 June 2019
ပြည့်ဖြိုးအောင်

ရခိုင်ဒေသမှ နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်ရန် လိုအပ်သည့် အစီအမံပြင်ဆင်မှုများနှင့် မြန်မာနိုင်ငံဘက်မှ  ပြန်လည်လက်ခံရန် အသင့်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပူးပေါင်းဆောင်ရွက်မှုမရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးဦး ကျော်တင့်ဆွေသည် ဂျပန်နိုင်ငံ၊ Nikkei Inc မှကြီးမှူး၍ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Imperial Hotel ၌ မေ ၃၁ ရက်တွင် ပြုလုပ်သည့် (၂၅) ကြိမ်မြောက် အာရှအနာဂတ်ဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲ (25th International Conference on the Future of Asia)သို့ တက်ရောက်ခဲ့ပြီး “Seeking a New Global Order-Overcoming the Chaos” တွင် “Is Asia A Primer for A global Trade Order” ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားပြီးနောက် အမေးအဖြေကဏ္ဍတွင် မေးခွန်းများကို ပြန်လည်ဖြေကြားရာ၌ ဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ရခိုင်ဒေသမှ နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်ရန် လိုအပ်သည့် အစီအမံများ ပြင်ဆင်ထားမှုနှင့် စိစစ်ပြီးသူများကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံဘက်မှ အသင့်ရှိနေမှု အခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပူးပေါင်းဆောင်ရွက်မှု မရရှိကြောင်း၊ အပြုသဘော ပူးပေါင်းဆောင်ရွက်မှု ရရှိပါက မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား သဘောတူ လက်မှတ်ရေးထိုးထားသည့် နှစ်နိုင်ငံ သဘောတူစာချုပ်များနှင့်အညီ နေရပ်စွန့်ခွာသူများအား ၎င်းတို့၏ဆန္ဒအရ လုံခြုံ၊ စိတ်ချ၊ ဂုဏ်သိက္ခာရှိစွာ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ဆောလျင်စွာ စတင်အကောင်အထည် ဖော်သွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် ယင်းနေ့ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr. Taro KONO အား ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICoE) ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ရန် အဆိုပြု ခရီးစဉ်အား ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနှင့် သဘောတူညီချက် ရရှိထားသော်လည်း ခရီးစဉ်ကို ယနေ့အချိန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ လက်ခံခွင့်ပြုပေးခြင်း မရှိသည့် ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။       

 

Most Read

Most Recent