လက်ရှိဘဏ္ဍာနှစ် ခုနစ်လခွဲခန့်တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၁ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော် လျော့ကျ

လက်ရှိဘဏ္ဍာနှစ် ခုနစ်လခွဲခန့်တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၁ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော် လျော့ကျ
ရန်ကုန်မြို့ ကမ်းနားလမ်းရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ ကမ်းနားလမ်းရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 23 May 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ခုနစ်လခွဲခန့်တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၁ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ ကျော်အထိ လျော့ကျခဲ့ကြောင်း ကုန်သွယ်ရေး စာရင်းများအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၁၀ ရက်အထိ ပြည်ပနိုင်ငံများနှင့် စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၁ ဒသမ ၁၉၈ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူတွင်မူ ဒေါ်လာ ၂၀ ဒသမ ၉၇၇ ဘီလျံကျော်သာ ရရှိထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ခုနစ်လခွဲခန့်တွင် ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၂၁ ဒသမ ၂၅၆ သန်း အထိ ပိုမိုရရှိထားခြင်း ဖြစ်သည်။

ကုန်သွယ်မှုလိုငွေဆိုသည်မှာ မိမိနိုင်ငံက တင်ပို့ထားသည့် ပို့ကုန်ပမာဏထက် ပြည်ပမှတင်သွင်းထားသည့် သွင်းကုန်ပမာဏ ပိုမိုများနေခြင်းကို ဆိုလိုခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လခွဲခန့်တွင် ပို့ကုန်ကဏ္ဍမှ စုစုပေါင်းတင်ပို့မှုသည် ဒေါ်လာ ၁၀ ဒသမ ၁၄၆ ဘီလျံ ကျော်ရရှိထားပြီး သွင်းကုန်ကဏ္ဍမှ စုစုပေါင်းတင်သွင်းထားသည့် ပမာဏမှာ ဒေါ်လာ ၁၁ ဒသမ ၀၅၁ ဘီလျံကျော်အထိ ရှိသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ခုနစ်လခွဲခန့်တွင် ပို့ကုန်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းထားသည့် ပမာဏနှိုင်းယှဉ်ပါက ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှုက ဒေါ်လာ ၉၀၅ ဒသမ၄၃၄ သန်းရှိသည့်အတွက် ကုန်သွယ်မှုလိုငွေမှာလည်း ဒေါ်လာ ၉၀၅ ဒသမ ၄၃၄ သန်းအထိ ဖြစ်ပေါ်ခဲ့သည်။

ယခင်နှစ်ကာလတူတွင်မူ ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၂ ဒသမ ၅၄၅ ဘီလျံကျော် အထိရှိခဲ့သည့်အတွက် လက်ရှိဘဏ္ဍာနှစ် ခုနစ်လခွဲခန့်တွင် ဖြစ်ပေါ်ခဲ့သည့် ကုန်သွယ်မှုလိုငွေသည် ယခင်နှစ် ကာလတူထက် ဒေါ်လာ ၁ ဒသမ ၆၄၀ ဘီလျံအထိ လျော့ကျခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉ ဘီလျံကျော် ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၅ ဒသမ ၂၁၂ ဘီလျံကျော်အထိ ရှိခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှု ဒေါ်လာ ၃၃ ဘီလျံ ကျော်ရရှိခဲ့ပြီး ကုန်သွယ်မှု လိုငွေဒေါ်လာ ၃ ဒသမ ၈၃၆ ဘီလျံကျော်ရှိခဲ့သည်။၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်ကြားကာလ ခြောက်လတွင် စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ ဘီလျံကျော်အထိရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံကျော်အထိဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံ ရရှိရန်နှင့် သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၅ ဒသမ ၈ ဘီလျံ စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent