ပြည်သူ့ကိုယ်စားလှယ်လောင်း တစ်ဦး သို့မဟုတ် နိုင်ငံရေးပါတီ တစ်ခုက ရွေးကောက်ပွဲ အနိုင်ရရှိရန်အတွက် ကြိုးစားရာ၌ လူသိရှင်ကြား အာမခံခဲ့သည့် ကတိကို ရွေးကောက်ပွဲကတိ သို့မဟုတ် မဲဆွယ်ပွဲကတိဟု ခေါ်သည်။ နိုင်ငံရေးပါတီများ အနေဖြင့် ၎င်းတို့၏ ရွေးကောက်ပွဲ ကတိများကို ဖြည့်ဆည်း ပေးရသည်သာ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတွင် စစ်တမ်း ကောက်ယူထားမှုများအရ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း ဒီမိုကရက်တစ်ပါတီနှင့် ရီပက်ဘလီကင်ပါတီတို့ ရွေးကောက်ပွဲ ကတိများ ဖြည့်ဆည်းပေးခဲ့မှုသည် ၇၄ ရာခိုင်နှုန်းနှင့် ၈၉ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရသည်။ မဲဆွယ်ပွဲ ကတိများနှင့် ပတ်သက်၍ လွန်ခဲ့သော နှစ် ၃၀ ခန့်က ကာတွန်းတစ်ပုဒ်ကား အမှတ်ရဖွယ် ဖြစ်သည်။ ယင်းကာတွန်းတွင် လူတစ်ဦးက “ကိုယ်ထွေးပြီးသား တံတွေး ကိုယ်ပြန်မျိုရတာ သိပ်အရသာရှိတာပဲ။ ထွီး-ရှလွတ်၊ ထွီး-ရှလွတ်” ဟု ဖော်ပြထားသည်။ နိုင်ငံရေးသမားများက ပေးထားသည့် ကတိများကို ဖျက်ကြသည့်အခါ အဆိုပါ ကာတွန်းက သတိရစရာ ဖြစ်လာသည်။
ရွေးကောက်ပွဲ၌ အနိုင်ရရှိရန် ကြီးမားသော ကတိများပေးရန် အဓိကကျကြောင်း နိုင်ငံရေးသမားတိုင်း သိကြသည်။ မဲဆွယ် ကောင်းသူများသည် အခွန်အတုပ်များ၊ စစ်ပွဲများ၊ အဂတိလိုက်စားမှုများ၊ ပတ်ဝန်းကျင ညစ်ညမ်းမှုများ အပါအဝင် လူထုက စိတ်ပျက်နေသည့် အရာများကို ပြုပြင်ပါမည်ဟု ကတိပေးတတ်ကြသည်။ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ အခြေခံ အဆောက်အအုံနှင့် စီးပွားရေးကို ကြီးမားသော တိုးတက်မှုများ ရရှိအောင် ပြုလုပ်ပါမည် ဟုလည်း ကတိပေးတတ်ကြသည်။ သို့သော် ရွေးကောက် တင်မြှောက်ခံရပြီးသည့်အခါ မိမိတို့သည် သက်ဆိုင်ရာ မဲဆန္ဒရှင် ပြည်သူများကို ကိုယ်စားပြုသည့် အနေအထားကို မေ့လျော့ကာ ကတိများလည်း ကြက်ပျောက် ငှက်ပျောက် ပျောက်သွားတတ်သည်။
နိုင်ငံရေးသမားများက ကတိများကို ဖျက်တတ်ကြသော်လည်း မဲဆန္ဒရှင် ပြည်သူအများစုသည် အတွေ့အကြုံများမှနေ၍ သင်ခန်းစာ မယူတတ်သော အလွန်အကောင်းမြင်သူများဟု ဆိုနိုင်သည်။ မဲဆန္ဒရှင် ပြည်သူတို့သည် မိမိတို့ နှစ်သက်သည့် နိုင်ငံရေးသမားများက မိမိတို့၏ ဘဝကို တိုးတက်အောင် ပြုလုပ်ပေးမည် ဟုသာ ယုံကြည်လိုကြသည်။ သို့သော် ရွေးကောက်ပွဲ အလွန်ကာလ၌ တကယ့် အရှိတရားနှင့် တွေ့ထိရသော်လည်း လက်တွေ့ မကျမှုများအား မိမိတို့ ယုံကြည်ခဲ့ကြပုံကို မေ့လျော့၍ သွားကြသည်။ ရွေးကောက်ပွဲအလွန်၌ ကတိများနှင့် ကွဲပြားခြားနားသော ရလဒ်များ ထွက်ပေါ်လာသည့်တိုင် နိုင်ငံရေးသမားများ ပေးခဲ့သည့် ကတိများကို မေ့မေ့လျော့လျော့သာ ရှိကြလေသည်။
အမှန်တကယ်၌လည်း လက်တွေ့မကျသော၊ အမှန်တကယ် မဖြစ်နိုင်သော ကတိများကို ယုံကြည်ခဲ့မှုအတွက် မိမိကိုယ်မိိမိသာ ဒေါသထွက်ရုံ ရှိတော့သည်။ မိမိထွေးသည့် တံတွေးကို ပြန်မျိုရန် ဝန်မလေးသည့် ထွီး-ရှလွတ် နိုင်ငံရေးသမား တို့သည်ကား ပြည်သူအများစု၏ အကျိုးထက် မိမိတို့၏ ကိုယ်ပိုင် အကျိုးစီးပွားကိုသာ ရှေးရှုကြမည် ဖြစ်သည်။ ဥပမာအားဖြင့် နိုင်ငံရေးသမားက ဆင်းရဲမွဲတေမှုများကို လျှော့ချမည်ဟု ကတိပြုခဲ့သည်။ သို့သော် သူတာဝန်ယူစဉ် ကာလအတွင်း ဆင်းရဲမွဲတေမှုနှုန်းများ မည်မျှ ကျဆင်းခဲ့ပါသနည်း။ ပြည်သူအများစု၏ စားဝတ်နေရေးသည် ကျပ်တည်းသည်ထက် ကျပ်တည်း၍သာ လာသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ထိထိရောက်ရောက် ဝင်ရောက်လာခြင်း မရှိသည့်အပြင် ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း မယ်မယ်ရရ ဖန်တီးပေးနိုင်ခြင်း မရှိပေ။ ၎င်းအပြင် ကျူးကျော်များဟု ဆိုကာ ပြည်သူများစွာတို့ နေစရာများပင် ပျောက်ဆုံးခဲ့ရသည်။ အဂတိလိုက်စားမှု အရှုပ်တော်ပုံ ပေါင်းစုံနှင့် ပတ်သက်နေသော စီမံကိန်းများကြောင့် လုပ်ကိုင်စရာ လယ်မြေများ ဆုံးရှုံးခဲ့ရသည်။ နိုင်ငံရေးသမားအချို့ကား အဂတိစားမှုများမှတစ်ဆင့် အကြီးအကျယ် ကြီးပွား ချမ်းသာသွားကြသည်။
ထိုကြောင့် နိုင်ငံ တစ်နိုင်ငံ အမှန်တကယ် ပြန်လည် ထူထောင်နိုင်ရေးအတွက် ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှုသည့် ကတိတည်သော နိုင်ငံရေးသမားများသာ လိုအပ်ပါ ကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
မေ ၂၁ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်