အချက်အလက် ကျေညက်ရေးစနစ်

အချက်အလက် ကျေညက်ရေးစနစ်
Published 18 May 2019

လူသားတို့၏ အချက်အလက် ကျေညက်အောင် ပြုလုပ်သည့် စနစ် တစ်ရပ်အကြောင်း တွေးမိပါက လူသားတို့၏ အစားအသောက်များကို ကျေညက်အောင် ချေဖျက်သည့် အစာချေ စနစ်အကြောင်း စဉ်းစားရန် လိုလာသည်။ လူတို့၏ ခန္ဓာကိုယ်သည် အစားအသောက်များကို  အဟာရဓာတ်များအဖြစ် ကူးပြောင်း၍ စုပ်ယူရန်နှင့် လက်ခံ စုဆောင်းထားရန်အတွက် ပြင်ဆင်မှု ဦးစွာပြုလုပ်ရသည်။ ယင်းနောက် ပယ်ချလိုက်သော အရာများကို အညစ်အကြေးများအဖြစ် စွန့်ပစ်ရသည်။ ခန္ဓာကိုယ်ထဲ၌ အစားအသောက်များကို အဟာရဓာတ် များအဖြစ် စုဆောင်းခြင်း၊ ပြင်ဆင်ခြင်းနှင့် ရွေးချယ်ခြင်းတို့ ပြုလုပ်ရာ၌ ပို၍ရွေးချယ်စရာများခြင်းနှင့် ပို၍ ကျွမ်းကျင်ခြင်းသည် လူတစ်ဦးအဖို့ ပိုမို၍ ကျန်းမာရေးကောင်းမွန်စေသည့် ရလဒ်များကို ရရှိစေသည်။

လူသားတို့၏ တွေးတောမှု၌ အချက်အလက် ကျေညက်ရေးစနစ်မှာလည်း အလားတူစွာပင်ဖြစ်သည်။ အကဲဖြတ်ခြင်း၊ ပြောင်းလဲခြင်း၊ စုပ်ယူခြင်း၊ စုဆောင်းခြင်း သို့မဟုတ် ပယ်ချခြင်းဟူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရသည်သာ ဖြစ်သည်။ အချက်အလက်များ စုဆောင်းခြင်း၊ ရွေးချယ်ခြင်းနှင့် ပြင်ဆင်ခြင်းတို့အား ပို၍ရွေးချယ်မှုရှိစွာနှင့် ပို၍ကျွမ်းကျင်စွာ ပြုလုပ်နိုင်လေလေ စိတ်ပိုင်းဆိုင်ရာအရ အားကောင်းသော ရလဒ်များ ရရှိလေလေဖြစ်သည်။

တူညီချက်များကို ဆက်လက်ရှာဖွေကြည့်ပါက အစားအသောက်များကို ကျေညက်အောင်ပြုလုပ်ရာတွင် ဓာတုခရီးစဉ်တစ်ခုကို သွားရသည်။ သွေးများထဲသို့ အဟာရဓာတ်များကို စုပ်ယူပြီး လက်ခံစုဆောင်းရန်အတွက် ခန္ဓာကိုယ်တစ်လျှောက်ရှိ ဆဲလ်များဆီသို့  သယ်ဆောင်သွားရသည်။ ယင်းအဟာရဓာတ်များသည် လောင်စာများဖြစ်ပြီး စွမ်းအင်အဖြစ်သို့ ပြောင်းလဲရန်ဖြစ်သည်။ ဆဲလ်များကြီးထွားခြင်းနှင့် ပြုပြင်ခြင်းတို့မှတစ်ဆင့် ခန္ဓာကိုယ်ကြီးထွားရန်နှင့် ဖွံ့ဖြိုးရန် ယင်းအဟာရဓာတ်များက မဖြစ်မနေ လိုအပ်သည်။  ခန္ဓာကိုယ်သည် ကျန်းမာရေးကို ထိန်းသိမ်းထားရန်အတွက် နိုးကြားစွာနှင့် လုံ့လဝီရိယရှိစွာ လုပ်ဆောင်ရသည်။ အလွန်အကျွံစားသောက်ခြင်း၊ အစားချေဖျက်မှု စနစ်တကျ ဖြစ်ပေါ်မှုမရှိခြင်းတို့သည် ကျန်းမာရေးကို ထိခိုက်စေသကဲ့သို့ အစာချေဖျက်နိုင်စွမ်းမရှိခြင်းနှင့် ချေဖျက်စရာ အစားအစာမရှိခြင်းတို့သည်လည်း ခန္ဓာကိုယ်ကို ရေရှည်ရပ်တည်နိုင်ရန် ခက်ခဲသွားစေသည်။

ယနေ့ခေတ်တွင် တကယ့်လက်တွေ့ဘဝ၌ နာမကျန်းဖြစ်မှုနှင့် ရောဂါပိုးအများအပြားတို့သည် ကျန်းမာရေးအပေါ် စစ်ခင်း၍လာကြသည်။ ထိုအခါ လူ့အဖွဲ့အစည်းသည်လည်းကောင်း၊ အသိပညာများသည် လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း၏ အကျိုးအမြတ်နှင့် ဂုဏ်သိက္ခာတို့အပေါ် အဓိကထား၍ လာကြသည်။ အနာရောဂါများကို ပထမဆုံးစတင်ဖြစ်ပေါ်သည့် အဆင့်သို့မရောက်မီမှာပင် ကာကွယ်ရမည်ကို အဓိကမထားတော့ပေ။ အလားတူစွာပင် ယနေ့ခေတ်၌ လူသားတို့၏ စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်သည်လည်း အနာရောဂါများကို ခုခံတိုက်ခိုက်ခြင်း၌သာ အင်အားဖြုန်းတီး၍ နေကြသည်။ အများကြိုက်လမ်းကြောင်းနှင့် ဖြစ်ရပ်များသည် လူတစ်ဦးချင်းစီ၏ မျှော်လင့်ချက်များနှင့် စေ့ဆော်မှုများကို ဆန့်ကျင်လျက်ရှိပြီး လူသားတို့၏ ပေါင်းစည်းညီညွတ်မှု သဘောကို လျော့ပါးအောင်ပြုလုပ်လျက်ရှိရာ စိတ်ဓာတ်ကျခြင်းနှင့် မျှော်လင့်ချက် ပျက်သုဉ်းကာ စိတ်ပျက်လက်ပျက်ဖြစ်ခြင်းတို့ဆီ ဦးတည်၍သွားစေသည်။ ယင်းတို့ ကြီးထွားလာသည့်အခါ အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်မှုများ မွေးဖွား၍ လာတော့သည်။

ထို့ကြောင့် လူသားတို့၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ကောင်းမွန်သော အစာချေစနစ် လိုအပ်သကဲ့သို့ လူသားတို့၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း  ကောင်းမွန်သော အချက်အလက် ကျေညက်ရေးစနစ် လိုအပ်သည်သာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(မေလ ၁၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)