မလုပ်ကောင်းသည့်အရာ

မလုပ်ကောင်းသည့်အရာ
Published 16 May 2019

မည်သည့် လူ့အဖွဲ့အစည်း၌မဆို ဘာသာရေးအရသော် လည်းကောင်း၊ ယဉ်ကျေးမှုအရသော် လည်းကောင်း ခွင့်မပြုသည့် ရှောင်ရန်အမှုတို့ ရှိသည်သာ ဖြစ်၏။ ယင်းရှောင်ရန် အမှုသည် ဘာသာရေးအမြင် သို့မဟုတ် ယဉ်ကျေးမှု အမြင်အပေါ် အခြေခံလျက် အလွန်စက်ဆုပ်ဖွယ် ဖြစ်သည့် သို့မဟုတ် သာမန်လူများအတွက် မြင့်မြတ်လွန်းသည်ဟု ယူဆသည့် အမူအကျင့်ဆိုင်ရာ သို့မဟုတ် ဖွင့်ဟ ပြောဆိုမှုဆိုင်ရာ ကိစ္စတစ်ရပ်ရပ် ဖြစ်နိုင်သည်။ ယင်းကဲ့သို့ တားမြစ်ထားမှုများသည် လူ့အဖွဲ့အစည်း အားလုံး၌ ရှိနှင့်ပြီးသား ဖြစ်သည်။ မလုပ်ကောင်းသည့် အရာများကို နှိုင်းယှဉ်ကြည့်ပါက (ဥပမာ မစားကောင်းသော အရာများကို နှိုင်းယှဉ် ကြည့်ပါက) လူ့အဖွဲ့အစည်း တစ်ရပ်က ဓလေ့ထုံးတမ်း သို့မဟုတ် ဘာသာရေးအရ မသင့်လျော်ဟု ကြေညာထားသော အရာသည် အခြားလူ့အဖွဲ့အစည်း တစ်ရပ်အတွက် လုံးဝ လက်ခံနိုင်ဖွယ်ရာ ဖြစ်နိုင်သည်။

ယင်းမလုပ်ကောင်းသည့် အရာများသည် သိပ္ပံနည်းကျ စဉ်းစားပါက မှန်ကန်သည် ဖြစ်စေ၊ မမှန်ကန်သည် ဖြစ်စေ ယင်းတို့၏ ရည်ရွယ်ချက်မှာ လူသားများအား ကြမ္မာဆိုးများ မကျရောက်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ သို့သော် ယင်းတို့နှင့် ပတ်သက်၍ အခြားအကြောင်းရင်းများလည်း များစွာ ရှိသည်။ အချို့ မလုပ်ကောင်းသည့် အရာများသည် ဘာသာရေး သို့မဟုတ် ကိုးကွယ်ယုံကြည်မှုမှ မြစ်ဖျားခံလာသော်လည်း အချို့မှာ ဆေးပညာ သို့မဟုတ် ဂေဟဗေဒကို အခြေခံသည်လည်း ရှိသည်။ မလုပ်ကောင်းသည့် အရာများသည် ရင်းမြစ် တစ်ရပ်ကို ပို၍ ထိရောက်စွာ အသုံးပြုရေးအား အထောက်အကူ ပြုနိုင်သော်လည်း လူ့အဖွဲ့အစည်း တစ်ရပ်က သတ်မှတ်ထားချက် တစ်ရပ်သည် အခြား လူ့အဖွဲ့အစည်း တစ်ရပ်အပေါ် ဖိနှိပ်မှုဖြစ်စေသည်လည်း ရှိသည်။ ၎င်းတို့၏ ဘဝနေထိုင်ရေး နည်းလမ်း တစ်စိတ်တစ်ဒေသအဖြစ် အုပ်စုတစ်စု သို့မဟုတ် လူမျိုးစု တစ်စုက အသိအမှတ် ပြုထားသည့် မလုပ်ကောင်းသည့် အရာတစ်ခုသည် ယင်းအုပ်စု သို့မဟုတ် ယင်းလူမျိုးစု တစ်ရပ်အား စည်းလုံးညီညွတ်မှု ရှိစေရေးအတွက် အထောက်အကူပြုစေနိုင်ပြီး ယင်းအုပ်စုကို ပေါ်လွင် ထင်ရှားစေကာ အခြားအုပ်စုများ၏ ရှေ့၌ ကိုယ်ပိုင် အမှတ်လက္ခဏာကို ထိန်းသိမ်း ထားနိုင်စေသည်။ ထို့ကြောင့် မလုပ်ကောင်းသည့် အရာတစ်ခုသည် အဖွဲ့အစည်း စိတ်ဓာတ်တစ်ရပ်ကို ထူထောင်ပေးသည်ဟု ဆိုနိုင်သည်။

မလုပ်ကောင်းသည့် အရာကို လူမှုရေးသိပ္ပံပညာများ၌ လူတို့၏ လုပ်ဆောင်ချက် သို့မဟုတ် ဓလေ့ထုံးတမ်းများနှင့် ဆိုင်သော နယ်ပယ်တို့၏ ပြင်းထန်စွာ တားမြစ်ထားမှုများအဖြစ် အဓိပ္ပာယ်ချဲ့ထွင် အသုံးပြုလာကြသည်။ ကိုယ်ကျင့်တရားဆိုင်ရာ သတ်မှတ်ချက်များ၊ ဘာသာရေး ယုံကြည်မှုများ၊ ယဉ်ကျေးမှု စံတန်ဖိုးများအရ အထွတ်အမြတ်ထားသော သို့မဟုတ် တားမြစ်ထားသော လုပ်ဆောင်ချက် သို့မဟုတ် ဓလေ့ထုံးတမ်းများနှင့် သက်ဆိုင်သည်။ မလုပ်ကောင်းသည့် အရာတစ်ခုကို ချိုးဖောက်ခြင်းကို ယဉ်ကျေးမှု၏ ကဏ္ဍခွဲငယ် တစ်ခုအဖြစ်သာ မဟုတ်ဘဲ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း တစ်ရပ်လုံးက ဆန့်ကျင် ကန့်ကွက်စရာအဖြစ် သတ်မှတ်ထားသည်။

စိတ်သရုပ်ခွဲပညာရှင် ဆစ်ဂမန်ဖရွိုက်က သွေးရင်း တော်စပ်သူများ ကာမစပ်ယှက်မှုနှင့် ဖခင်ကို ပြန်သတ်မှုတို့သည် တစ်ကမ္ဘာလုံးက လက်ခံထားသော မလုပ်ကောင်းသည့်အရာများ ဖြစ်ကြောင်းနှင့် ယဉ်ကျေးမှု၏ အခြေခံအဖြစ် ဖွဲ့စည်းတည်ရှိကြောင်း ဆိုခဲ့သည်။ လူသားစားခြင်း၊ အုပ်စုဖွဲ့ သတ်ဖြတ်ခြင်းနှင့် သွေးရင်း တော်စပ်သူများ ကာမစပ်ယှက်ခြင်းတို့သည် လူ့အဖွဲ့အစည်း အများစုအတွက် မလုပ်ကောင်းသော အရာများ ဖြစ်သော်လည်း ခြွင်းချက်အဖြစ် ရောမခေတ် အီဂျစ်များသည် မောင်နှင့်နှမအကြား လက်ထပ်မှုများ ရှိခဲ့သည်။ ခေတ်သစ် အနောက်တိုင်း လူ့အဖွဲ့အစည်းများ၌မူ ယင်းကဲ့သို့ ဆက်ဆံရေးမျိုးကို ခွင့်လွှတ်ခြင်း မရှိပေ။ ယင်းကဲ့သို့သော ကာမစပ်ယှက်ခြင်းများကို နှစ်ဦးနှစ်ဖက် သဘောတူသည့်တိုင် အပြစ်ရှိသည်ဟု သတ်မှတ်ထားသည်။

မည်သို့ပင်ဆိုစေ လူ့အဖွဲ့အစည်း တစ်ရပ်က မလုပ်ကောင်းဟု သတ်မှတ်ထားသည့် အရာတစ်ခုသည် ယင်းလူ့အဖွဲ့အစည်းဟူ၍ သွေးစည်းညီညွတ်ရေးကို ဖွဲ့စည်း ဖြစ်ပေါ်စေသည့် အရာတစ်ခု ဖြစ်သောကြောင့် ယင်းကို ချိုးဖောက်ပါက အဆိုပါ လူ့အဖွဲ့အစည်း တစ်ရပ်လုံး၏ ဆန့်ကျင် ကန့်ကွက်မှုကို ခံရမည်သာ ဖြစ်ပါကြောင်း The Daily Eleven  သတင်းစာက ရေးသားအပ်ပါသည်။

မေ ၁၇ ရက် ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်