မတရားမှုများ လွတ်အောင် ရုန်းရမည့် တရားရေးဌာနနှင့် တပည့်များကို စံနမူနာ ပေးရမည့် ပညာရေးဌာနတို့တွင် လာဘ်ပေးလာဘ်ယူ ဖြစ်နေသည်ကို  ယဉ်ကျေးမှု တစ်ရပ်အဖြစ် အမြစ်တွယ်နေခြင်းက တိုင်းပြည်အတွက် ရင်လေးစရာ ဖြစ်နေကြောင်း လွှတ်တော် ကိုယ်စားလှယ် ပြောကြား

မတရားမှုများ လွတ်အောင် ရုန်းရမည့် တရားရေးဌာနနှင့် တပည့်များကို စံနမူနာ ပေးရမည့် ပညာရေးဌာနတို့တွင် လာဘ်ပေးလာဘ်ယူ ဖြစ်နေသည်ကို  ယဉ်ကျေးမှု တစ်ရပ်အဖြစ် အမြစ်တွယ်နေခြင်းက တိုင်းပြည်အတွက် ရင်လေးစရာ ဖြစ်နေကြောင်း လွှတ်တော် ကိုယ်စားလှယ် ပြောကြား
Published 14 May 2019
စိုးမင်းထိုက်၊  စည်သူ

မတရားမှုများ လွတ်အောင် ရုန်းရမည့် တရားရေးဌာနနှင့် တပည့်များကို စံနမူနာ ပေးရမည့် ပညာရေးဌာနတို့တွင် လာဘ်ပေးလာဘ်ယူ ဖြစ်နေသည်ကို ယဉ်ကျေးမှု တစ်ရပ်အဖြစ် အမြစ်တွယ်နေခြင်းက တိုင်းပြည်အတွက် ရင်လေးစရာ ဖြစ်နေကြောင်း မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းက ပြောကြားသည်။

နေပြည်တော်၌ မေ ၁၃ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ကော်မရှင်၏ နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အစီရင်ခံစာမှာ ပညာရေးဌာနက အဂတိလိုက်စားမှု အများဆုံး ဖြစ်နေတာကို ပညာရေးဌာန ဖြစ်နေတာကိုကလည်း ကျွန်တော်တို့အတွက် ရင်လေးစရာပါ။ ဒါကြောင့်မို့လို့ မတရားမှုတွေ လွတ်အောင်ရုန်းရမယ့် တရားရေးဌာန၊ တပည့်များကို စံပြနမူနာယူပေးရမယ့် ပညာရေးဌာန ဒီဌာနတွေက လာဘ်ပေးလာဘ်ယူ ဖြစ်နေတာကို ယဉ်ကျေးမှု တစ်ရပ်အဖြစ် ရပ်တည်ဖက်တွယ် အမြစ်တွယ်နေတာကိုက  တိုင်းပြည်အတွက် ရင်လေးစရာ တစ်ခုဖြစ်ပါတယ်”ဟု ဦးလှဆန်းက ပြောကြားသည်။

ကော်မရှင်၏ အစီရင်ခံစာတွင် ထူးခြားချက်အနေဖြင့် ကျော်စောသတင်းအရ စုံစမ်းစစ်ဆေး ဖော်ထုတ်ခဲ့ခြင်းသည် တစ်မှုသာ ရှိသောကြောင့် ဆက်လက်ကြိုးစား ဆောင်ရွက်စေချင်ကာ ကော်မရှင်အနေဖြင့် ကော်မရှင်၏ အစီရင်ခံစာ လုပ်ဆောင်မှုထက် အသိပညာ များများပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဆက်လက်ပြီး မဲဆန္ဒနယ်မြေအတွင်း ကွင်းဆင်းချိန်တွင် အချို့သည် ကိုယ်ရေးကိုယ်တာကိစ္စကို ရှေ့တန်းတင် ပြောကြကာ မမှန်မကန် တိုင်ချင်ကြကြောင်း၊ ထို့ကြောင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ပါမှ အောင်မြင်မည် ဖြစ်ကြောင်း၊ ဥပဒေရှိသော်လည်း ပူးပေါင်းဆောင်ရွက်မှု အားနည်းနေလျှင် မဖြစ်နိုင်ကြောင်း ဦးလှဆန်းက ပြောကြားသည်။

အဂတိတိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းကာ ၂၀၁၄ ခုနှစ်တွင် ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ယခုအခါ ကော်မရှင်ရုံးခွဲကို ရန်ကုန်နှင့် မန္တလေးတွင် ဖွင့်လှစ်ထားရှိ စတင် ဆောင်ရွက်ရာတွင် အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ဆောင်ရွက်သော်လည်း ကော်မရှင်ဥပဒေကို အကောင်အထည် ဖော်ရာတွင် နည်းဥပဒေသည် အဓိက ကျကြောင်း နှင့် တစ်ဆင့်ခံ ဥပဒေဖြစ်သည့် နည်းဥပဒေကို အချိန်နှင့် တစ်ပြေးညီ ရေးဆွဲပြဋ္ဌာန်းရန် လိုကြောင်း ကော်မတီ အစီရင်ခံစာနှင့် ပတ်သက် ပြီး ဆွေးနွေးခဲ့သည့် ဝေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေးက ပြောကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး အောင်မြင်ရန် ပြည်သူလူထုနှင့် သတင်းမီဒီယာများ၏ အခန်းကဏ္ဍသည် အရေးကြီးပြီး လက်ရှိ အခြေအနေတွင် ပူးပေါင်းပါဝင်မှု အားနည်းသည်ကို တွေ့ရကာ အချို့သော ပြဋ္ဌာန်းဥပဒေများသည် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို လုပ်ပိုင်ခွင့် အများအပြား ပေးထားခြင်းသည် ထိုသူကို အဂတိလိုက်စားရန် အားပေးသည့် အနေအထားမျိုး ဖြစ်နေသည်ကို တွေ့ရသည်ဟု လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေးက  ပြောကြားသည်။

“နိုင်ငံတော်သမ္မတကြီးရဲ့ ၁၃၈၀ ပြည့်နှစ် နှစ်သစ်ကူး မိန့်ခွန်းမှာ ဌာဆိုင်ရာ တော်တော်များများဟာ အဂတိနဲ့ ဆောင်ရွက်တာကို ဓလေ့သဖွယ် ဖြစ်နေကြောင်း၊ အဂတိတိုက်ဖျက်ရာမှာ ဝန်ထမ်းတို့ရဲ့ လုပ်ပိုင်ခွင့်၊ အခွင့်အရေးနဲ့ တာဝန်ကို ဘက်ညီမျှမှု ရှိစေဖို့ ပြန်လည် သုံးသပ်ပြီး ဌာနဆိုင်ရာ တစ်ခုချင်းမှ အသီးသီး တာဝန်ယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့် အာဏာရှိသူများရဲ့ ပါဝင်ပတ်သက်မှု ဝင်ရောက် စွက်ဖက်မှု တိကျ ခိုင်လုံတဲ့ အထောက်အထားများနဲ့ တိုင်ကြဖို့ အထူးလိုအပ်တယ်လို့ နှစ်သစ်ကူး မိန့်ခွန်းမှာ ပြောသွားတာဖြစ်ပါတယ်”ဟု ဦးတင်ထွေး က ပြောကြားသည်။

 

Most Read

Most Recent