ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူ ဖြစ်စေမည့် မိတ်သဟာရ စကားဝိုင်း မြဝတီမြို့နယ်တွင် ကျင်းပ

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူ ဖြစ်စေမည့် မိတ်သဟာရ စကားဝိုင်း မြဝတီမြို့နယ်တွင် ကျင်းပ
Published 9 May 2019
ကိုရွှေသိန်း

ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် လက်နက်ကိုင် အဖွဲ့အစည်းအားလုံး အတ္တ၊ မာန ကို ချွတ်ချလိုက်မည်၊ ခဝါချလိုက်မည် ဆိုလျှင် ငြိမ်းချမ်းရေး ရရှိလာမှာ မလွဲမသွေ ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU  ဗဟိုကော်မတီဝင် ဖဒိုစောသမိန်ထွန်း က ပြောကြားသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ် ဒူးပလေယာ အထက်တန်းကျောင်းတွင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူ ဖြစ်စေမည့် ငြိမ်းချမ်းရေး အထောက်အကူပြု စီမံကိန်း၏ ပါဝင် ပတ်သက်နေသူများ မိတ်သဟာရ စကားဝိုင်းကို မေ ၈ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ကျင်းပသည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စကားဝိုင်းတွင် NCA လက်မှတ် ရေးထိုးထားသော ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် KNU   ကရင်အမျိုးသား အစည်းအရုံး ဗဟိုကော်မတီဝင် ဖဒိုစောသမိန်ထွန်းက “ကိုယ်ကျိုးကို ရှေ့တန်း တင်လိုက်တဲ့ အခါကျတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တစ်ဆို့နေတယ်။ အဲဒါတွေ ပြင်လိုက်မယ်ဆိုရင် အများကြီး အဆင်ပြေမယ်။ လက်နက်ကိုင် အဖွဲ့အစည်းအားလုံး အတ္တ၊ မာနကို ချွတ်ချလိုက်မယ်။ ခဝါချလိုက်မယ် ဆိုရင် ငြိမ်းချမ်းရေးကတော့ တစ်ခါတည်း ရလာမှာပါ”ဟု ပြောကြားသည်။

တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက် NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့ ၁၀ ဖွဲ့ဖြင့် လုပ်ဆောင်၍ မရနိုင်ဘဲ အားလုံးပါဝင်မှ ဖော်ဆောင်လို့ ရမည်ဖြစ်ကြောင်း ပြောကြားသည်။

KNU ဗဟိုကော်မတီဝင် ဖဒိုစောသမိန်ထွန်းက “ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ဖို့က တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ လူတွေက အဓိက ကျတယ်။ သူတို့က အားလုံး ပါဝင်အောင် ဆောင်ရွက်ပေးမယ် ဆိုရင် အားလုံး ပါဝင်ကြမှာပါ။ ကတိကဝတ်တော့ လိုတာပေါ့။ ဆိုလိုတာကတော့ သူ့အကျိုး ကိုယ်အကျိုး မျှမျှတတ ရရှိရမှာပဲ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ် ပြည်ထောင်စု။ ဒါကို စစ်မှန်အောင် လုပ်ပေးနိုင်ရင် အားလုံး အဆင်ပြေမယ်”ဟု ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သည့် KUU ၊ KNLA /.KNLA(pc) DKBA အဖွဲ့များအပြင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

“ကျွန်တော်တို့ ကရင်ပြည်နယ်မှာ ငြိမ်းချမ်းရေး (လုံးဝ) ရပြီလို့ မပြောနိုင်သေးပေမဲ့  ၉၅ ရာခိုင်နှုန်း ငြိမ်းချမ်းနေပြီလို့  ပြောလို့ရပါတယ်။ ကျွန်တော်တို့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၅ အောက်တိုဘာ ၁၅ ရက်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နဲ့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အခုဆိုရင် လက်မှတ်ထိုးကြတာ ၁၀ ဖွဲ့ ဖြစ်သွားပါပြီ။ ဒါပေမဲ့ လက်ရှိ အနေအထားအရ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ရှေ့ဆက်ဖို့ရာ တုံ့ဆိုင်းနေတယ်၊ ရခိုင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ဖြစ်နေသေးတယ်”ဟု KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောလှထွန်း က ပြောကြားသည်။

အဆိုပါ ငြိမ်းချမ်းရေး မိတ်သဟာရ စကားဝိုင်းသို့ မြဝတီ၊ ကော့ကရိတ်ဖလူး၊ မင်းလက်ပံ၊ မေတ္တာလင်းမြိုင်၊ လေးကေ့ကော် အစရှိသည့် ကျေးရွာများမှ ပြည်သူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ တပ်မတော်နှင့် မြဝတီမြို့နယ်မှ ဌာနဆိုင်ရာများ စုံညီစွာ တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိမိတို့၏ အမြင်များကို အသီးသီး ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent