၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလ မတိုင်မီ အသက် ၁၈ နှစ်ပြည့်မီသူများအား ၎င်းတို့တင်ပြလာသည့် အထောက်အထားများအရ ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ပြောကြား

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလ မတိုင်မီ အသက် ၁၈ နှစ်ပြည့်မီသူများအား ၎င်းတို့တင်ပြလာသည့် အထောက်အထားများအရ ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ပြောကြား
Published 30 April 2019
စိုးမင်းထိုက်

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလ မတိုင်မီ အသက် ၁၈ နှစ်ပြည့်မီသူများအား ၎င်းတို့တင်ပြလာသည့် အထောက်အထားများအရ ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က အမျိုးသားလွှတ်တော်၌ ပြောကြားသည်။

ဧပြီ ၂၉ ရက်က ပြုလုပ်သည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါက်တာ စန်းမောင်မောင်က မြန်မာနိုင်ငံအတွင်း ပြည်တွင်းရွှေ့ပြောင်းနေထိုင် လုပ်ကိုင်စားသောက် နေသူများကို မှတ်ပုံတင် အိမ်ထောင်စု စာရင်းများ စနစ်တကျ ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် မဲပေးခွင့်များ ရရှိရေး မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းချက်အား ဖြေကြားစဉ် ယင်းသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဦးစိုးရယ်က “၂၀၂ဝပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကာလ မတိုင်မီ အသက် ၁၈ နှစ်ပြည့်မီလာသူတွေကို ၎င်းတို့တင်ပြတဲ့ အထောက်အထားတွေအရ ဥပဒေနဲ့အညီ ကိုင်ဆောင်သင့်တဲ့ မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေးနိုင်ဖို့၊ မဲဆန္ဒရှင်စာရင်း ပြုစုပြီးချိန်မှာ မဲဆန္ဒရှင်စာရင်းတွေအပေါ် အခြေခံ၍ အိမ်ထောင်စု လူဦးရေစာရင်း ရှိသူတွေက နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက်ဆုံးမှုတွေကို မိတ္တူလျှောက်ထားစေရေး၊ မည်သည့်ကတ်ပြားမှ ကိုင်ဆောင်ခဲ့ခြင်း မရှိသူတွေကို ၎င်းတို့တင်ပြတဲ့ အထောက်အထားတွေအရ ဥပဒေနဲ့အညီ ကိုင်ဆောင်သင့်တဲ့ မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေးနိုင်ဖို့အတွက် မြို့နယ်ဦးစီးမှူးရုံးက စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အတွက် ကာယကံရှင်တွေကိုယ်တိုင် မြို့နယ်ဦးစီးမှူးရုံးသို့ လာရောက်လျှောက်ထား ဆောင်ရွက်သွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်” ဟု လွှတ်တော်၌ ပြောကြားသည်။

ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူများ ကြုံတွေ့နေရသည့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည့်အခက်အခဲများ ဖြေရှင်းရာတွင် အဓိက လိုအပ်ချက်များအနက် တစ်ခုအပါအဝင်ဖြစ်သော အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းအား ၂၀၁၆ ခုနှစ်မှစတင်ကာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ ရွှေ့ပြောင်းနေထိုင်သူများအား တရားဝင် အိမ်ထောင်စု လူဦးရေစာရင်း ၄၂၅၂၈ စု နှင့် ယာယီ အိမ်ထောင်စု လူဦးရေစာရင်း ၂၂၃၉ စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၆၈၂၅ ဦးအား ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ဆက်လက်၍လည်း ဆောင်ရွက်လျက်ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က ပြောကြားသည်။

ထို့ပြင် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ညွှန်ကြားချက်များ ထုတ်ပြန်၍ ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ပြည်သူများ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် အထူးအလေးထားကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က ပြောကြားသည်။

 

Most Read

Most Recent